သားယောကျ်ားလေး၊ သမီး မိန်းကလေး မျှော်မှန်းထားသလို မကိုက်ညီတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နည်း
မိဘတွေမှာ ရင်သွေးလေးရပြီလို့ သိရှိတဲ့အခါ သားလေးလား၊ သမီးလေးလားဆိုတဲ့ စိတ်လှုပ်ရှားမှုနဲ့ အတူ မျှော်မှန်းချက်တွေလည်း ရှိတတ်ကြပါတယ်။ မွေးဖွားလာတဲ့ အချိန်မှာ ဒီမျှော်မှန််းချက်အရ ကိုက်ညီတဲ့သူလည်း ရှိသလို တချို့ကလည်း ကိုယ်ရည်ရွယ်ထားသလို မဖြစ်လာတတ်တာ ရှိပါတယ်။ ဒီအချိန်မှာ စိတ်ပျက်အားလျော့တာတွေ ဖြစ်တတ်လေ့ရှိကြပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ရှိတတ်တာကြောင့် ဒီလိုခံစားချက်တွေကို ထိန်းချုပ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ ပြောပြပေးချင်ပါတယ်။
(၁) သင့်ခံစားချက်ကို လက်ခံပါ
Gender Disappointment လို့ပြောကြတဲ့ မွေးဖွားလာတဲ့ ကလေးရဲ့ ကျား၊ မ ဖြစ်တည်ချက်နဲ့ ပတ်သက်ပြီး စိတ်ပျက် အားလျော့တတ်ကြတာဟာ အများစုမှာ ဖြစ်တတ်တဲ့ အခြေအနေ တခုဖြစ်ပါတယ်။ ဒါဟာ သင်တစ်ဦးတည်း ကြုံတွေ့နေရတာ မဟုတ်ပါဘူး။ ဒီခံစားချက် ဖြစ်တည်တဲ့ အခါမှာ မိဘတွေအနေနဲ့ ဒီလို မတွေးသင့်ဘူး၊ မခံစားသင့်ဘူး ဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်လေ့ရှိကြပါတယ်။ ဒီခံစားချက်ကို ခံစားနေရတာဟာ ဖြစ်လေ့ရှိသလို သင့်မှာလည်း ခံစားခွင့်ရှိပါတယ်၊ ဒါကို ပထမဆုံးအနေနဲ့ လက်ခံဖို့ လိုပါတယ်။
(၂) သင်ဘာကြောင့် ခံစားရနေသလဲဆိုတဲ့ အကြောင်းရင်းကို သိပါစေ
မွေးဖွားပြီးနောက် ဒါမှမဟုတ် စစ်ဆေးသိရှိပြီးနောက်မှာ ကိုယ်မျှော်မှန်းထားသလို မဖြစ်လာလို့ စိတ်ခံစားချက် ပြင်းထန်နေရတယ် ဆိုရင် ဒါဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတာကို သိအောင်ကြိုးစားသင့်ပါတယ်။ ဥပမာ - အိမ်ထောင်ဖက်ရဲ့ အလိုဆန္ဒကြောင့်လား၊ အရင်ကလေးနဲ့ ကွဲပြားတာကို လိုချင်တာလား၊ သားယောကျာ်းလေးမို့လို့ အားကိုးရတယ်၊ သမီးမိန်းကလေးမို့လို့ အဖော်ရတယ် စတဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေကြောင့်လား စသဖြင့် အကြောင်းရင်းကို စဥ်းစားမယ်ဆိုရင် ဒါဟာ ခံစားနေရတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) သား၊ သမီးရယ်လို့ မသတ်မှတ်ပဲ ကိုယ့်ရင်သွေးကို ချစ်ပါ
မိဘတိုင်းက အစပိုင်းမှာတော့ သားလေးလိုချင်လိုက်တာ၊ သမီးလေးဆိုရင် ကောင်းမှာပဲ စသဖြင့် တွေးတတ်ကြပေမယ့် ကိုယ့်ရင်သွေးလေး မွေးဖွားလာချိန်မှာတော့ မခွဲခြားပဲ ချစ်တတ်ကြပါတယ်။ ဒီလိုပဲ ရင်မှဖြစ်တဲ့ သား၊ သမီး၊ ကိုယ့်ရဲ့ သွေးသားရင်းချာလို့ သဘောထားပြီး ချစ်ပေးမယ်ဆိုရင် ကျား၊မ ဆိုတဲ့ ကန့်သတ်ချက်က ပဓာန မဟုတ်တော့ပဲ ဒီခံစားချက်တွေကလည်း အတိုင်းအတာ တခုအထိ သက်သာစေမှာ ဖြစ်ပါတယ်။
(၄) သင်ထိန်းချုပ်လို့ မရတဲ့ အရာဖြစ်ကြောင်း နားလည်ဖို့ လိုပါတယ်
နည်းပညာတွေ တိုးတက်နေပေမယ့်လည်း ကိုယ့်ရင်သွေးကို ကျား၊ မ ရွေးချယ် ယူနိုင်တဲ့ နည်းလမ်းက အခုအချိန်ထိ မရှိသေးပါဘူး။ ဒါဟာ ဖခင်ရဲ့ မျိုးရိုးဗီဇနဲ့ သက်ဆိုင်နေသလို ဖခင်၊ မိခင် နှစ်ဦးလုံးရဲ့ အားနည်းချက် ချို့ယွင်းချက်တွေကြောင့်လည်း မဟုတ်ပါဘူး။ ဒီလို ထိန်းချုပ်လို့ မရနိုင်တဲ့ အချက်အလက်တွေကြောင့် စိတ်ပင်ပန်းနေတာဟာ အကောင်းဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်းမဟုတ်ကြောင်းကို ကိုယ်တိုင် နားလည်ထားဖို့ အရေးကြီးပါတယ်။
(၅) ကျား ၊ မ ထက် ပိုအရေးကြီးတဲ့ အရာ
ကိုယ့်ရဲ့ ရင်သွေးက ကျား၊ မ ဆိုတာထက် ပိုပြီး အရေးကြီးတဲ့ အရာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ရင်သွေးလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ၊ အရွယ်အလိုက် ရှိရမယ့် ဖွံ့ဖြိုးမှု မိုင်တိုင်တွေ၊ ကိုယ်ချင်းစာစိတ်ရှိမှု၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်မှု၊ ကိုယ့်အားကိုယ်ကိုးနိုင်မှု၊ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်မှု စတဲ့ အရာတွေအတွက် မိဘအနေနဲ့ ထိန်းကျောင်းသင်ကြားပေးနိုင်ဖို့ အလွန်အရေးပါပါတယ်။ ဒါတွေကို ဦးစားပေးပြီး သားသမီးကို အကောင်းဆုံးထိန်းကျောင်းပေးနိုင်မယ်ဆိုရင် ကျား၊ မ ဖြစ်တည်မှုဆိုတဲ့ အရာဟာ အသေးအဖွဲကိစ္စသာ ဖြစ်သွားနိုင်ပါတယ်။
မိဘတိုင်းမှာ ကိုယ်ပိုင်ရွေးချယ်မှု မရှိသည့်တိုင်အောင် ကလေးရဲ့ Gender နဲ့ ပတ်သက်ပြီး စိတ်ကူးယဥ်တတ်ကြပါတယ်။ ဒီလို မျှော်မှန်းထားတဲ့ အတိုင်းမဖြစ်လာတဲ့ အခါမှာ စိတ်ပျက်အားငယ်တာကလည်း သဘာဝပဲဖြစ်သလို ဒါကို လက်ခံပြီး ကိုယ့်ရဲ့ အတွေးအမြင်နဲ့ ကိုယ်ပြောင်းလဲနိုင်မယ့် အချက်အလက်တွေကိုသာ ဦးတည်ထားဖို့ အရေးကြီးကြောင်း မျှဝေလိုက်ရပါတယ်။
တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️ : 09-5131873