top of page

ရွှေ့ပြောင်းနေထိုင်ရချိန်မှာ ကြုံတွေ့ရတဲ့ အတားအဆီးတွေကို ကျော်လွှားပြီး အပြန်အလှန် ဆက်သွယ်ခြင်း



တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဆက်သွယ်ခြင်း (Communication) ဟာ လူမှုဘဝပတ်ဝန်းကျင်မှာ အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ နေရာဒေသနဲ့ ဝေးကွာတဲ့ နေရာတခုကို ပြောင်းရွှေ့ရပြီး မတူခြားနားတဲ့ လူတွေနဲ့ ဆက်သွယ်ရပြီဆိုရင် အခက်အခဲ အတားအဆီးတွေ ရှိနိုင်ပြီး ဒါတွေဟာ စိတ်ကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှု ရှိနေပါတယ်။ ဒီအတားအဆီးတွေ ကြားကနေ အကောင်းဆုံး ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။


ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ ဒေသနဲ့ ဝေးကွာတဲ့ နိုင်ငံရပ်ခြား၊ အရပ်ဒေသမှာ စတင်ကြုံတွေ့ရမှာကတော့ ဓလေ့ထုံးတမ်းဆိုင်ရာ အတားအဆီးများ (Cultural Barriers) ပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေဟာ ဒေသတခုနဲ့ တခု ကွဲပြားခြားနားနိုင်သလို တန်ဖိုးထားတဲ့ အရာတွေဟာလည်း မတူညီနိုင်ပါဘူး။ အထူးသဖြင့် တဦးနဲ့ တဦး ဆက်သွယ်တဲ့အခါမှာ ဒီအချက်တွေဟာ အတားအဆီး တခုသဖွယ် ဖြစ်လာပြီး နားလည်မှု လွဲတာတွေ၊ အမြင်မတူ ကွဲပြားတာတွေ ဖြစ်လာနိုင်ပါတယ်။ 


ဒါကို ကျော်လွှားဖို့ဆိုရင်တော့ ကိုယ်ရောက်ရှိနေတဲ့ အရပ်ဒေသရဲ့ ထုံးတမ်းအစဉ်အလာတွေ၊ ယဉ်ကျေးမှုတွေကို အတိုင်းအတာ တခုအထိ လေ့လာထားသင့်ပါတယ်။ ဒါ့အပြင် ဒီ ယဉ်ကျေးမှုတွေအပေါ် လေးစားမှု ပြသပေးရမှာ ဖြစ်ပြီး ကိုယ့်ဘက်က တတ်နိုင်သလောက် အယူအဆ မလွဲစေဖို့ သတိပြုဆင်ခြင်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်တဲ့ အခါမှာ ယဉ်ကျေးမှုဆိုင်ရာ လေးစားမှုနဲ့ အချက်အလက်တွေကို မထိခိုက်စေဖို့ အထူး လိုအပ်ပါတယ်။  


နောက်တခုအနေနဲ့ ဘာသာစကား အတားအဆီး (Language Barrier) ဟာလည်း မတူကွဲပြားတဲ့ ဒေသတွေမှာ တွေ့ရမယ့် အဓိက အတားအဆီး တစ်ခုပဲ ဖြစ်ပါတယ်။ ဘာသာစကားအားဖြင့် ကွဲပြားတာကြောင့် တခါတရံမှာ အယူအဆနဲ့ နားလည်မှု လွယ်တာတွေ ဖြစ်နိုင်ပြီး အချင်းချင်း ဆက်သွယ်ရာမှာ စိတ်ဖိစီးရတဲ့ အခြေအနေတွေလည်း ရှိလာနိုင်ပါတယ်။


ဘာသာစကား အတားအဆီးဟာ နိုင်ငံရပ်ခြားကို ပြောင်းရွှေ့နေထိုင်၊ အလုပ်လုပ်သူတိုင်း ကြုံတွေ့ရတဲ့ ပြဿနာ တခုဖြစ်တယ်ဆိုပေမယ့် ဒါကို လျော့နည်းစေမယ့် နည်းလမ်းတွေလည်း ရှိပါတယ်။ ဘာသာစကားကို စနစ်တကျ သင်ယူရမှာ ဖြစ်တဲ့အပြင် စကားအပြောအဆိုအပြင် ကိုယ်အမူအရာဖြင့် ဆက်သွယ် စကားပြောဆိုနည်း (Body Language) ကိုလည်း အလေးထားပြီး ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ တခြားသူ ပြောဆိုတဲ့အခါမှာ တလေးတစားနဲ့ နားထောင်ပေးပြီး မရှင်းလင်းသည်ကို ပြန်လည် မေးမြန်းတာမျိုးလည်း ပြုလုပ်သင့်ပါတယ်။ 


နောက်ထပ် အတားအဆီး တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ အတားအဆီး (Emotional Barrier) ဖြစ်ပါတယ်။ ကိုယ့်နေရပ်နဲ့ ဝေးကွာတဲ့ အရပ်ဒေသမှာ နေထိုင်ရတဲ့အခါ စိတ်ဖိစီးမှု၊ အထီးကျန်မှု၊ ဝမ်းနည်းကြေကွဲမှုတွေနဲ့ အားငယ်မှုတွေကို ခံစားရပြီး နောက်ဆက်တွဲအနေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အခက်အခဲ ရှိလာနိုင်တာကတော့ စိတ်ပိုင်းဆိုင်ရာကြောင့် ကြုံရတဲ့ အတားအဆီး တခုပဲ ဖြစ်ပါတယ်။ 

စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို ကြုံလာခဲ့မယ်ဆိုရင် အရေးကြီးဆုံးကတော့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တချို့ကို ထိန်းချုပ်နိုင်ဖို့ လေ့ကျင့်ခြင်းပဲ ဖြစ်ပါတယ်။ တစုံတယောက်နဲ့ ဆက်သွယ်ချိတ်ဆက်တဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ရှေ့တန်းမတင်ဖို့ လိုသလို စိတ်ခံစားချက်အလိုက် မပြုမူမိဖို့အတွက်လည်း သတိပြုဆင်ခြင်ရမှာ ဖြစ်ပါတယ်။ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့အတွက်ဆိုရင် တရားထိုင်တာ၊ စိတ်ကို တည်ငြိမ်အောင် လေ့ကျင့်တာ စတာတွေကို ပြုလုပ်နိုင်ပါတယ်။  


နောက်ဆုံး တွေ့ကြုံရမယ့် အတားအဆီးတစ်ခုကတော့ အချင်းချင်း ယုံကြည်မှု အားနည်းခြင်း (Lack of Trust) ဖြစ်ပါတယ်။ ကိုယ်နဲ့ မရင်းနှီးတဲ့ နေရာဒေသ၊ လူတွေနဲ့ တွေ့ကြုံရတဲ့အခါမှာ ကနဦးအစ အပြန်အလှန် ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ အခက်အခဲ တချို့ ရှိနိုင်ပါတယ်။ အပြန်အလှန် ယုံကြည်မှုအတွက် အချိန်တခု ပေးရမှာ ဖြစ်သလို ဒီအတားအဆီးတွေဟာ နောက်ပိုင်းမှာ ပြေလည် သွားမှာ ဖြစ်တဲ့အကြောင်းကို သိထားမယ်ဆိုရင် စိတ်ထိခိုက် အားငယ်မှုတွေ လျော့နည်းစေမှာ ဖြစ်ပါတယ်။


အခုဆိုရင် ရွှေ့ပြောင်းနေထိုင်ရသူတွေ အနေနဲ့ အခုပြောပြခဲ့တဲ့ အခက်အခဲတွေကို တစ်ခုမဟုတ် တစ်ခု ကြုံတွေ့လာခဲ့ရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိလောက်ပြီလို့ မျှော်လင့်ပါတယ်။ အကယ်၍ ဒီလို အတားအဆီးတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဟာ နေ့စဉ်ဘဝမှာ သက်ရောက်မှု ရှိနေပြီဆိုရင်တော့ ကျွမ်းကျင်သူနဲ့ ဆက်သွယ် ဆွေးနွေးဖို့ လိုပါတယ်။ 


သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင် Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/19
bottom of page