top of page

ရုတ်တရက် ဆုံးရှုံးမှုကြောင့် ခံစားရတဲ့ စိတ်ခံစားချက်တွေကို ဖြေလျော့သက်သာနည်း 



နေ့စဥ်အသက်ရှင်သန်နေတဲ့ နေ့ရက်တွေမှာ ကိုယ်မျှော်လင့်ထားတဲ့ အရာတွေလည်း ကြုံရတတ်သလို မျှော်လင့်မထားပဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကံကြမ္မာရဲ့ ထိုးနှက်မှုတွေကိုလည်း ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကြိုတင်မှန်းဆမထားတဲ့ ဆုံးရှုံးမှု တခုကို ကြုံတွေ့ရတဲ့အခါမှာ ရုတ်တရက် လက်ခံဖို့ ခဲယဥ်းသလို ဒီဆုံးရှုံးမှုကနေ ပြန်လည်နာလန်ထဖို့လည်း မလွယ်ကူနိုင်ပါဘူး။ ဒီလို ရုတ်ချည်း ဖြစ်ပျက်သွားတဲ့ ဆုံးရှုံးမှုတွေကြောင့် ဖြစ်နိုင်တဲ့ ခံစားချက်တွေနဲ့ ဒါတွေကို ကုစားနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


ပြင်ဆင်ထားခြင်း မရှိတဲ့ ဆုံးရှုံးမှုတခုကို ကြုံတွေ့ရတဲ့အခါ တုန်လှုပ်ခြောက်ခြားမယ်၊ မယုံနိုင်အောင် အံ့အားသင့်မယ်၊ လက်မခံနိုင်ဘူး၊ စတဲ့ ခံစားချက်တွေနဲ့အတူ စိတ်တိုဒေါသထွက်မယ်၊ ကြိတ်မနိုင်ခဲမရ ဖြစ်မယ်၊ ဆောက်တည်ရာမရအောင် ပူလောင်မယ်၊ နာကျင်မယ် စတဲ့ ခံစားချက်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒီခံစားချက်တွေဟာ တစုံတရာကို ရုတ်တရက် ဆုံးရှုံးပြီးနောက်မှာ ဖြစ်ပေါ်လာတတ်တဲ့ ခံစားချက်တွေ ဖြစ်သလို ဒီခံစားချက်တွေကို နားလည် လက်ခံပြီး တဖြည်းဖြည်းနဲ့ အချိန်ယူ ကုစားရမှာ ဖြစ်ပါတယ်။ 


ဒီလို အခြေအနေမှာ ခံစားရတဲ့ ကြေကွဲဝမ်းနည်းမှု ဖြစ်စဥ်တွေဟာ သာမန်ထက်ပိုပြီး ပြင်းထန်နိုင်သလို အပြစ်တင်မှု၊ နောင်တရမှု၊ ငြင်းဆန်မှုနဲ့ ကြောက်ရွံ့ထိတ်လန့်မှု စတဲ့ စိတ်ခံစားချက်တွေနဲ့ ရောပြွန်းနေတတ်ပြီး တခါတရံမှာ ခံစားချက်တွေကို လက်ခံသိရှိမှု မရှိတော့ပဲ ထုံသွားခြင်း (Numbness) အထိ ခံစားရနိုင်ပါတယ်။ ဒီလိုအချိန်မှာ လက်ရှိအနေအထား ပတ်ဝန်းကျင် အဖြစ်အပျက်တွေနဲ့ ဝေးကွာသွားပြီး ဘာကို ခံစားလို့ ခံစားနေရမှန်း မသိတော့တဲ့ ခံစားမှုမျိုး၊ ဒီအဖြစ်အပျက်တွေကို ကျော်လွှားရှောင်တိမ်းလိုတဲ့ ခံစားချက်တွေ ဖြစ်လာနိုင်ပါတယ်။ 

ဒီလို ရုတ်တရက် ဆုံးရှုံးမှုတွေကြောင့် နာကျင်ကြေကွဲမှုကို ခံစားရတဲ့အခါမှာ သက်သာစေနိုင်မယ့် နည်းလမ်းတွေကို ဆက်လက်မျှဝေပေးချင်ပါတယ်။ 


(၁) စိတ်တည်ငြိမ်အောင် ပြုလုပ်ခြင်း 


စိတ်ကိုပြေလျော့စေတဲ့ တရားထိုင်ခြင်း၊ ဆုတောင်းခြင်း၊ အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ ယောဂ ကျင့်ခြင်းစတဲ့ အရာတွေဟာ လက်ရှိ ခံစားနေရတဲ့ ခံစားချက်တွေကို သိမြင်ခြင်း (Self Awareness) ကို အားကောင်းစေသလို ခံစားသိမြင်ခြင်းနဲ့အတူ ယှဥ်တွဲခံစားရတဲ့ ခန္ဓာကိုယ်ရဲ့ နာကျင်မှုနဲ့ အားနည်းမှုကိုပါ သတိပြုဆင်ခြင်မိနိုင်တာကြောင့် စိတ်ပူပန်မှုတွေကို လျော့ပါးသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ 


(၂) ကိုယ်လက်လှုပ်ရှားခြင်း 


ကိုယ်လက်လှုပ်ရှားမှုတွေကို ကိုယ်တတ်နိုင်သလောက် ပုံမှန် ပြုလုပ်ပေးတာကလည်း လက်တလော ခံစားနေရတဲ့ စိတ်ခံစားချက်တွေကို သက်သာစေနိုင်ပါတယ်။ လမ်းလျှောက်ခြင်းအပါအဝင် ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေ ၊ ကြွက်သားတွေကို ဖြေလျော့ပေးတဲ့ လေ့ကျင့်ခန်းတွေဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကိုပါ သက်သာစေပါတယ်။ 


(၃) ဝါသနာ အတွက် အချိန်ပေးခြင်း 


အနုပညာဆန်တဲ့ ဝါသနာတခုအတွက် အချိန်ပေးတာကလည်း စိတ်အပြောင်းအလဲဖြစ်စေပြီး ခံစားနေရတဲ့ အရာတွေကို သက်သာဖို့ ကူညီပေးနိုင်ပါတယ်။ ပန်းချီဆွဲတာ၊ စာရေးတာ၊ အပင်လေးတွေ ရေလောင်းပေါင်းသင်တာကစလို့ ဟင်းချက်တာ ၊ အိမ်သန့်ရှင်းရေးလုပ်တာ စတာတွေဟာ လက်တလော ခံစားနေရတဲ့ ခံစားချက်တွေကို အထိုက်အလျောက်တခုအထိ မေ့မေ့လျော့လျော့ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။


(၄) ရင်ဖွင့်ပြောဆိုခြင်း 


ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေအတွက် အရေးကြီးဆုံးနဲ့ အထိရောက်ဆုံးကတော့ ကိုယ်နဲ့ ခံစားချက်ချင်း တူတဲ့သူ ဒါမှမဟုတ် ကိုယ့်ကို နားလည်ပေးနိုင်တဲ့ သူကို ခံစားချက်တွေအကြောင်း ရင်ဖွင့်ပြောဆိုခြင်း ဖြစ်ပါတယ်။ လိုအပ်ခဲ့မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ကူညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေ၊ ဝန်ဆောင်မှုတွေ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ စိတ်ပညာရှင်တွေနဲ့ ရင်ဖွင့်ပြီး ခံစားချက်တွေကို ဖွင့်ဟတဲ့ နည်းလမ်းကလည်း ဆုံးရှုံးမှုတွေကနေ ကုစားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ 


(၅) ရှေ့ဆက်ရမယ့် နေ့ရက်တွေအကြောင်း တွေးတောခြင်း 


ကိုယ်မြတ်နိုး တန်ဖိုးထားတဲ့ အရာတစ်ခု၊ လူတစ်ယောက် ဆုံးရှုံးသွားပြီးနောက်မှာ ကိုယ့်ရဲ့ အနာဂတ်၊ ရှေ့ဆက်ရမယ့် နေ့ရက်တွေကတော့ ဖြတ်သန်းဖို့ရာ ကျန်ရှိနေပါသေးတယ်။ ဒီလို ဆုံးရှုံးမှုတွေကနေ နာကျင်ခံစားမှုတွေကို ကြုံတွေ့ခံစားပြီးနောက်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝကို ဘယ်လိုပိုကောင်းတဲ့ ပုံစံနဲ့ ဆက်သွားမယ်၊ ပိုပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ပုံစံနဲ့ ဖြတ်သန်းမယ်ဆိုတဲ့ အချက်ကို တွေးတောတာဟာ ဆုံးရှုံးမှုတွေကို ထားခဲ့နိုင်ပြီး ရှေ့ဆက်နိုင်ဖို့ ကူညီနိုင်မယ့် နည်းလမ်းတခု ဖြစ်ပါတယ်။


ဆုံးရှုံးမှုကနေ ဖြစ်တည်လာတဲ့ ကြေကွဲ ဝမ်းနည်းမှုတွေဟာ ဆုံးရှုံးမှု ဖြစ်ရပ်ပုံစံ၊ ဆုံးရှုံးမှုရဲ့ အတိမ်အနက်၊ ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှု ရှိမရှိ စတဲ့ အချက်တွေပေါ်မှာ မူတည်နိုင်ပါတယ်။ အထူးသဖြင့် ကြိုတင်မမျှော်မှန်းထားတဲ့ အရာတခုကို ဆုံးရှုံးရတဲ့အခါမှာ ခံစားချက်ပြင်းထန်နိုင်ပြီး တခါတရံ စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။  ဒါ့ကြောင့် ဒီလိုခံစားချက်တွေကနေ အနည်ထိုင်လာဖို့ အချိန်ယူ ကုစားတဲ့အခါမှာ ကိုယ့်တစ်ဦးတည်း ကိုင်တွယ်ဖို့ ခက်ခဲတယ်ဆိုရင် လိုအပ်တဲ့ အကူအညီကို ယူဖို့ အရေးကြီးကြောင်း မျှဝေလိုက်ရပါတယ်။ 


တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/29
bottom of page