top of page

စိတ်ကျန်းမာရေးနဲ့ Productivity ကြားက ဆက်စပ်မှု



စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထလိုက်တဲ့ တနေ့တာမှာ အလုပ်ကို မြန်မြန်ပြီးမြောက်အောင် လုပ်နိုင်တာကို သတိပြုမိကြမှာပါ။ လေ့လာမှုတွေအရဆိုရင် ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဖန်တီးပေးနိုင်တဲ့ အလုပ်ခွင်ဟာ အလုပ်သမားတွေရဲ့ အလုပ်ပျက်ကွက်မှု (absenteeism) ကို နည်းစေပြီး လုပ်ငန်းခွင်အတွင်း productivity ကို ပိုကောင်းစေတယ်လို့ တွေ့ရပါတယ်။ 


အထူးသဖြင့် အလုပ်ကြောင့်၊ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် စိတ်ရှုပ်စရာ၊ စိတ်ပူပန်စရာနဲ့ စိတ်ဓါတ်ကျမှုတွေ ရှိနေမယ်ဆိုရင် အလုပ်မှာ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ အဖြစ်များတဲ့ နောက်ဆက်တွဲ ပြဿနာတွေ အနေနဲ့ဆိုရင် အလုပ်ထဲမှာ စိတ်မပါတာ၊ အာရုံစူးစိုက်မှုနည်းတာ၊ မှတ်ဉာဏ်က အလုပ်မလုပ်တာအပြင် အလုပ်ခွင်က လူတွေနဲ့ အချိတ်အဆက်မမိတာ စတာတွေ ဖြစ်နိုင်ပါတယ်။ အဲ့ဒီအခါ မလိုအပ်တဲ့ ဆုံးရှုံးမှုတွေက လုပ်ငန်းခွင်မှာပါ ထိခိုက်လာနိုင်ပါတယ်။


ဘယ်လိုကုစားနိုင်သလဲ


ဒီလို အခြေအနေမှာ ကိုယ်ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ဒီမှာ မျှဝေပေးပါမယ်။ 


(၁) လုံလောက်စွာ အနားယူပါ  


အနားယူမှု ပြည့်ဝစွာမရတာ၊ အိပ်ချိန် မလုံလောက်တာတွေဟာ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေသလို စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် လုံလောက်တဲ့ အနားယူမှု ပေးပါ၊ တခါတရံ အလုပ်က နားရက်ယူတာ၊ အပန်းဖြေခရီးထွက်တာ၊ ခဏ break လုပ်တာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကိုလည်း အလေ့အကျင့်တခု အနေနဲ့ သတ်မှတ်သင့်ပြီး တနေ့ကို အနည်းဆုံး ၇ နာရီ အိပ်စက်သင့်ပါတယ်။ 


(၂) အစားအသောက် သေချာ စားပါ 


ပုံမှန် စားသောက်တဲ့ အစားအစာဟာ ခန္ဓာကိုယ် ကျန်းမာရေးနဲ ဦးနှောက်အတွက်   သက်ရောက်မှု ရှိနေပါတယ်။ Healthy Diet လို့ပြောတဲ့ အာဟာရပြည့်ဝပြီး သင့်တင်မျှတ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဗီတာမင်၊ အစာအုပ်စု အစုံအလင်ကို နေ့တိုင်း ပုံမှန်စားဖြစ်စေဖို့လည်း အရေးကြီးပါတယ်။ အလုပ်တွေ များနေသည့်တိုင်အောင် အချိန်မှန်မှန် စားဖြစ်ဖို့လည်း လိုပါတယ်။ 


(၃) အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ဘောင်ကန့်ထားပါ 


အလုပ်က ကိစ္စတွေ အိမ်ကို သယ်လာတာ၊ အိမ်က ပြဿနာတွေ၊ မိသားစု ကိစ္စတွေက အလုပ်ခွင်အထိ သက်ရောက်မှု ရှိနေတာက စိတ်ဖိစီးမှုကို များစေပြီး အလုပ်ကိုလည်း ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို တတ်နိုင်သလောက် အလုပ်ခွင်မှာ မပါလာစေဖို့ လိုပါတယ်။ 


(၄) အလုပ်ကို အချိန်နဲ့ ကန့်သတ်လုပ်ပါ 


အလုပ်ချိန်မှာလည်း အလုပ်လုပ်သလို ၊  ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်၊ အနားယူချိန်တွေအထိ အလုပ်ဆက်တိုက် လုပ်တာဟာ အလုပ်ပြီးမြောက်မှုများတယ်လို့ ထင်ရပေမယ့် အချိန် ကြာလာတဲ့အခါမှာ Burn out ဖြစ်လာနိုင်ပြီး အလုပ်ရဲ့ အရည်အသွေးကို ထိခိုက်နိုင်ပါတယ်။ ဒါဟာ ရေရှည်အတွက်လည်း ကျန်းမာရေးဆိုးကျိုး ဖြစ်စေတာကြောင့် အထူးဆင်ခြင်ရမယ့် အချက်ဖြစ်ပါတယ်။ 


(၅) နှစ်သိမ့်ဆွေးနွေးမှု ခံယူပါ 


ကိုယ့်ရဲ့ လက်ရှိ စိတ်ကျန်းမာရေး အခြေအနေကြောင့် အလုပ်ခွင်မှာ အခက်အခဲ ဖြစ်နေတယ်၊ productivity ကျတာကြောင့် မကြာခဏဆိုသလို ပြဿနာတက်နေပြီဆိုရင် ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ဖြေရှင်းရမယ့် နည်းလမ်းကို ရှာဖို့လိုပါတယ်။ ဒီအချိန်မှာ ကိုယ်တိုင် ဖြေရှင်းရခက်ခဲနေတယ်ဆိုရင် ကျွမ်းကျင်သူနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။ 


ဒီနည်းလမ်းတွေနဲ့မှ အဆင်မပြေဘူးဆိုရင်တော့ counseling လိုအပ်နေပြီလားဆိုတာကို စဉ်းစားနိုင်ပါတယ်။ အပြင်ပန်းအားဖြင့် ကျန်းမာတယ် ထင်ရပေမယ့် အတွင်းစိတ်မှာ ထိခိုက်နေသူတွေ အများကြီး ရှိနေကြသလို ဒါတွေဟာ စနစ်တကျ ဖြေရှင်းမှု မရှိတဲ့အခါ နေ့စဉ် အလုပ်မှာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။  နိုင်ငံတကာမှာလည်း ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်မှုဟာ အလုပ်ခွင်တိုးတက်မှုကို အထောက်အကူ ပြုနိုင်ကြောင်း သာဓကများစွာ ရှိပါတယ်။ 


ဒါ့ကြောင့် Company တွေ၊ အဖွဲ့အစည်း‌တွေ အနေနဲ့လည်း ဝန်ထမ်းတွေရဲ့ mental health ကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ အဲ့ဒီအတွက် Call Me Today မှာ EAP program တွေ၊ Package တွေ၊ Group Counseling, training and workshop service တွေ ကို ရယူနိုင်ပြီဖြစ်လို့ အသေးစိတ်သိလိုပါက Call Me Today Office ဖုန်းနံပါတ် 09-5131873 (သို့) info@callmetoday.org (သို့) Facebook Page မှ ဆက်သွယ်နိုင်ပါတယ်။


☎️: 09-5131873



Comments


Categories

Other trending posts

1/15
bottom of page