ဆုံးရှုံးမှုကြောင့် အပြစ်ရှိသလို ခံစားရတဲ့အခါ ကိုယ့်ကိုကိုယ် ခွင့်လွတ်နိုင်စေဖို့
ဆုံးရှုံးမှုကြောင့် ကြေကွဲဝမ်းနည်းမှုတွေကို ခံစားရတဲ့အခါ အပြစ်ရှိသလို ခံစားရစိတ် (Guilt) ကိုပါ ယှဥ်တွဲပြီး ခံစားရလေ့ရှိပါတယ်။ အထူးသဖြင့် ချစ်ရသူဆုံးရှုံးတာ ၊ ကိုယ်မျှော်လင့်ထားတဲ့ အခွင့်အရေး တခုဆုံးရှုံးတာ ၊ ရေရှည် တည်ဆောက်ထားတဲ့ Relationship တခု ဆုံးရှုံးတာ စတဲ့ အခြေအနေတွေမှာ နာကျင်မှုနဲ့အတူ အပြစ်ရှိသလိုပါ ခံစားရနိုင်ပြီး ကိုယ့်ကိုကိုယ် ခွင့်လွတ်ဖို့ ခက်ခဲတာတွေ ရှိနိုင်ပါတယ်။
ငါသာ အဲ့တုန်းက ဒီလို မပြုမူခဲ့ရင်…. ငါသာ သူနဲ့အတူ ရှိနေပေးခဲ့ရင်…. ငါသာ အခုထက် ပိုပြီး ကြိုးစားခဲ့ရင် စတဲ့ စတဲ့ အတွေးတွေနဲ့ အတိတ်ကို ပြန်လည် ပြုပြင်ချင်တဲ့ စိတ်တွေဟာ အပြစ်တင်စိတ်တွေရဲ့ အစပြုရာ ဖြစ်လာပြီး နောက်ဆက်တွဲမှာ ကိုယ့်ကိုကိုယ် ခွင့်မလွတ်နိုင်စိတ်နဲ့အတူ တခြားသော ခံစားချက်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
ကြေကွဲဝမ်းနည်းမှုနဲ့အတူ အပြစ်ရှိသလို ခံစားရစိတ်တွေ ပေါင်းစည်းတဲ့အခါ လက္ခဏာအနေနဲ့ အများနဲ့ ဝေးရာမှာ တဦးတည်း အချိန်ကုန်ဆုံးတာ၊ ကိုယ့်ကိုယ် ဂရုတစိုက်မနေတာ၊ အပြစ်တင်ဝေဖန်တာ၊ နောင်တရတာ၊ အဆိုးဘက်ကို သွားတဲ့ စကားလုံးတွေနဲ့ ကိုယ့်ကိုကိုယ် တီးတိုး ပြောဆိုတာ စတာတွေ ပြုမူတတ်ပြီး ကြေကွဲ ဝမ်းနည်းမှုတွေဟာလည်း ပိုပိုတိုးလို့ ဆိုးရွားလာနိုင်ပါတယ်။
များသောအားဖြင့် ဒီလို ခံစားချက်တွေဟာ ကိုယ်တိုင်ရဲ့ အတွေးအမြင်၊ နာကျင်ဝမ်းနည်းမှု၊ နှမြောတသစိတ်တွေကြောင့် ဖြစ်တည်လာတာ ဖြစ်ပါတယ်။ တချို့က ချစ်ရသူတွေ၊ တန်ဖိုးထားတဲ့ သူတွေ ဆုံးရှုံးပြီးနောက် ကျန်ရစ်သူတစ်ယောက်အနေနဲ့ ခံစားရတဲ့ အပြစ်တင်စိတ် (Survivor’s guilt) ကို ခံစားရတယ်။ တချို့ကတော့ ဆုံးပါးသွားသူအပေါ်မှာ တာဝန်မကျေဘူးလို့ ခံစားရတဲ့အခါ ကိုယ့်ကိုကိုယ် အပြစ်တင်တတ်ကြပါတယ်။
ဒီလို အပြစ်ရှိတဲ့ ခံစားချက်နဲ့အတူ ကြေကွဲ ဝမ်းနည်းမှုတွေ ဖြစ်လာချိန်မှာ ပြန်လည် ဖြေဖျောက် နိုင်တဲ့ နည်းလမ်းတွေဟာ တဦးနဲ့ တဦး မတူညီနိုင်ပါဘူး။ ဒီနည်းလမ်းတွေဟာ မှန်တယ်၊ မှားတယ် မရှိပဲ တဦးချင်းစီအတွက် အဆင်ပြေ အသုံးတည့်မယ့် နည်းလမ်းကို ရွေးချယ် နိုင်ပါတယ်။ ဒီလို စိတ်ခံစားမှုတွေကို ပြန်လည် ကုစားတဲ့အခါ အသုံးဝင်နိုင်မယ့် နည်းလမ်းတွေကို ဆက်လက် မျှဝေပေးချင်ပါတယ်။
(၁) Journaling လုပ်ပါ
နာကျင်ခံစားမှုတွေနဲ့ လက်ရှိခံစားချက်တွေကို တိတိကျကျ သိနိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ Journaling လုပ်တာ တနည်းအားဖြင့် ခံစားချက်တွေကို ချရေးတာပါပဲ။ Journaling လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ အတွေးတွေကို ပိုသိလာမယ်၊ ခံစားချက်တွေကို သတိပြုလာနိုင်မယ်၊ ဒါတွေရဲ့ အရင်းအမြစ်ကို သိလာမယ် ၊ ဒီနောက်မှာတော့ စိတ်ကို ပြေလျော့သက်သာစေို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
(၂) Self- care လုပ်ဖြစ်ပါစေ
ဆုံးရှုံးမှု ကြီးကြီးမားမားကို ကြုံတွေ့ပြီးနောက်မှာ အများစုက ကိုယ့်ကိုကိုယ် ဂရုမစိုက်ဖြစ်ကြတော့ပဲ ဖြစ်သလို နေထိုင်တာတွေ ရှိလာကြပါတယ်။ အချိန်မှန် စားတာ၊ အိပ်တာတွေကို မလုပ်ဖြစ်ကြတော့သလို တကိုယ်ရေ သန့်ရှင်းရေးကို အားနည်းလာကြမယ်၊ အိပ်ရာထဲမှာပဲ ခွေနေပြီး တခြားသူတွေနဲ့ ကင်းကွာလာမယ် ဆိုရင် ခံစားချက်တွေကို ပိုဆိုးလာနိုင်စေပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို ပြန်ဂရုစိုက်ဖြစ်ဖို့ အချိန်ပေးသင့်ပါတယ်။
(၃) အပြစ်တင်စိတ်ကို အကောင်းဘက်ကနေ တွေးကြည့်ပါ
သေဆုံးသွားတဲ့ ကိုယ့်ချစ်ရသူအတွက် ကိုယ်မလုပ်ပေးလိုက်ရတာတွေကို အပြစ်တင်နေမယ့်အစား အသက်ရှိစဉ်က ကိုယ်လုပ်ပေးလိုက်ရတာ၊ သူ့အနေနဲ့ ကိုယ့်အတွက် ဂုဏ်ယူခဲ့ရတာတွေ၊ အတူ ရှိခဲ့တဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေ စတာတွေကို ပြန်တွေးပြီး အကောင်းမြင်ကြည့်ပါ။ ဒါဟာ အပြစ်တင်စိတ်ကို အထိုက်အလျောက် လျော့ပါးစေမှာ ဖြစ်ပါတယ်။
(၄) ရင်ဖွင့်ပြောဆိုပါ
တခါတရံမှာ သင့်ရဲ့ အတွေး၊ ခံစားချက်တွေကို တခြားသူတစ်ယောက်စီမှာ ဖွင့်ဟလိုက်တဲ့အခါ ခံစားနေရတဲ့ ပြင်းထန်မှုတွေ လျော့ပါးသွားနိုင်ပါတယ်။ အထူးသဖြင့် ခံစားချက်တူတဲ့သူတွေ၊ ကိုယ့်ကို စာနာနားလည်ပေးနိုင်တဲ့ သူတွေ၊ ဒါမှမဟုတ် ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေမှာ သွားရောက် စကားပြောဆိုတာမျိုးဟာ ခံစားချက်တွေကို သက်သာစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
(၅) စိတ်ပညာကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ
ဆုံးရှုံးမှုကနေ ဦးတည်လာတဲ့ ကြေကွဲဝမ်းနည်းမှုကြောင့် ခံစားရတဲ့ ခံစားချက်တွေဟာ များသောအားဖြင့် ပြင်းထန်သလို ဖြေရှင်းရခက်ခဲတဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ခံစားချက်တွေကို တဦးတည်း ဖြေရှင်းဖို့ရာ အခက်အခဲရှိတယ်၊ အချိန်ကြာလာပေမယ့်လည်း ခံစားချက်တွေက မသက်သာသွားပဲ ပိုဆိုးလာတယ် ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတာမျိုး ပြုလုပ်နိုင်ပါတယ်။
အစားပြန်မရနိုင်တဲ့ ဆုံးရှုံးမှုတွေဟာ ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်၊ ဝေဖန် မုန်းတီးစိတ်တွေကြောင့် ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်တာကို သတိပြုဖို့ လိုပါတယ်။ တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873