အသက်အန္တရာယ်ပြင်းထန်တဲ့ ရောဂါကြောင့် ကြောက်ရွံ့မှုနဲ့ စိတ်ပူပန်မှုတွေ ခံစားနေရတဲ့အခါ
အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခု ရှိနေပြီလို့ သိရချိန်မှာ မည်သူမဆို ကြောက်ရွံ့စိတ်နဲ့ စိုးရိမ်စိတ်တွေကို ခံစားရလေ့ရှိပါတယ်။ ဒါတွေဟာ ရောဂါခံစားနေရတဲ့ ကာလတစ်လျှောက်လုံးမှာ အရိပ်မည်းတစ်ခုကို သင့်ကို ခြောက်လှန့်နေတတ်ပြီး ရောဂါကို ထိန်းချုပ်ကုသရာမှာလည်း ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို စိုးရိမ်ပူပန်မှုတွေနဲ့ ကြောက်ရွံ့မှုတွေကို ဖြေဖျောက်ရာမှာ သတိထားရမယ့် ဆောင်ရန်ရှောင်ရန် အချက်တွေကို မျှဝေပေးချင်ပါတယ်။
(၁) လိုအပ်ပါက စိတ်ရောဂါကုထုံးတွေနဲ့ ကုသပါ
Psychotherapy လို့ပြောတဲ့ စိတ်ရောဂါကုထုံးဟာ နာမကျန်းမှုကြောင့်ဖြစ်တဲ့ စိုးရိမ်ပူပန်ခြင်းဝေဒနာ (illness Anxiety Disorder) ကို ကုသပေးနိုင်ပြီး စိုးရိမ်ကြောက်ရွံ့မှုတွေကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ Psychotherapy မှာ အသုံးများတဲ့ သိမှု အပြုအမူဆိုင်ရာကုထုံး (Cognitive Behavioral Therapy (CBT)) ဟာ လက်ရှိရောဂါကြောင့် သင်ဘာတွေခံစားနေရလဲဆိုတာကို သတိပြုမိစေသလို နောက်ဆက်တွဲ ဖြေရှင်းရမယ့် နည်းလမ်းတွေကိုလည်း ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ စိတ်ရောဂါကုထုံးအတွက် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ စကားပြောဆိုခြင်း ဒါမှမဟုတ် စိတ်ရောဂါကုဆရာဝန်နဲ့ ကုသခြင်း စတာတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။
(၂) ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးပါ
စိတ်ကျရောဂါနဲ့ စိတ်ပူပန်မှုတွေအတွက် တခါတရံမှာ ဆေးဝါးတွေရဲ့ အကူအညီကို ယူရတာမျိုး ရှိနိုင်ပါတယ်။ Antidepressants လို့ခေါ်တဲ့ စိတ်ကျရောဂါမှာ အသုံးပြုတဲ့ ဆေးဝါးတွေအပါအဝင် တချို့သော စိတ်ပိုင်းဆိုင်ရာ ကုသတဲ့ ဆေးဝါးတွေဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆေးဝါးတွေဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နှင့်သာ သောက်သုံးရတဲ့ ဆေးဝါးတွေဖြစ်တာကြောင့် ကိုယ့်သဘောနဲ့ကိုယ်တော့ သောက်သုံးလို့ မရနိုင်ပါဘူး။
(၃) သင့်ရောဂါအကြောင်း အင်တာနက်တွင် ရှာဖွေခြင်း မပြုလုပ်ပါနဲ့
အခုလိုမျိုး နည်းပညာတိုးတက်လာတဲ့ ခေတ်ကာလမှာ အများစုဟာ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို အင်တာနက်ကနေ စူးစမ်းရှာဖွေလေ့ရှိကြပါတယ်။ သင့်အနေနဲ့ သင့်ရောဂါအကြောင်းကို အင်တာနက်ကနေ ရှာဖွေတဲ့အခါ အချက်အလက်မျိုးစုံ တွေ့ရှိနိုင်ပြီး အမှန်အမှားများစွာ ရောထွေးနိုင်တာကြောင့် စိုးရိမ်မှုတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါ့ကြောင့် သင်သိလိုသည်များကို ရောဂါအကြောင်း နားလည်တက်ကျွမ်းသူ ဒါမှမဟုတ် သင်ကုသနေတဲ့ ဆရာဝန်ထံမှာ မေးမြန်းတာက ရောဂါနဲ့ ပတ်သက်ပြီး စိတ်သက်သာရာရစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
(၄) ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ပါ
ရောဂါခံစားရမှုကြောင့် တစ်ဦးတည်း ကြိတ်မှိတ်ခံစားနေတာဟာ ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကို နားလည်ပေးနိုင်တဲ့ တစုံတယောက်ကို ရင်ဖွင့်တာ၊ ကိုယ့်နဲ့ ဝေဒနာတူတဲ့ သူအချင်းချင်း အတွေ့အကြုံတွေကို မျှဝေတာ၊ မိသားစုနဲ့ အတူတူ အချိန်ကုန်ဆုံးတာဟာ စိတ်ခံစားချက်တွေကို အတိုင်းအတာ တခုအထိ လျော့ကျစေနိုင်မှာ ဖြစ်သလို ကြောက်စိတ်တွေကိုလည်း လျော့ပါးသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။
(၅) စိတ်အပြောင်းအလဲဖြစ်စေမယ့် နည်းလမ်းတွေကို အသုံးပြုပါ
ခံစားနေရတဲ့ ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှုတွေကို လျော့ပါးသက်သာစေဖို့အတွက်ဆိုရင် စိတ်ကို အပြောင်းအလဲ ဖြစ်စေမယ့် နည်းလမ်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။ တစ်ဦးစီရဲ့ စိတ်အပြောင်းအလဲဖြစ်နိုင်မယ့် နည်းလမ်းတွေက တစ်ထပ်တည်းတော့ မတူညီနိုင်ပါဘူး။ တချို့က အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အတူတူ အဖော်ပြုပြီး စိတ်အေးချမ်းရာ ရှာဖွေကြသလို၊ ကိုယ်ဝါသနာပါတဲ့ အပင်စိုက်တာ၊ စာရေးတာ၊ စာဖတ်တာ၊ ပန်းချီဆွဲတာ အပါအဝင် တခြားသောနည်းလမ်းတွေနဲ့ စိတ်ကို အပြောင်းအလဲဖြစ်အောင် ကြိုးစားလေ့ရှိပါတယ်။ ဒီလို စိတ်အပြောင်းအလဲ ဖြစ်တဲ့နည်းလမ်းတွေကလည်း စိုးရိမ်မှု၊ ကြောက်ရွံ့မှုတွေကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။
စိုးရိမ်ပူပန်မှုတွေနဲ့ ကြောက်ရွံ့မှုတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေထဲမှာ အဖြစ်များပြီး နောက်ဆက်တွဲဆိုးကျိုးတွေ များစွာဖြစ်နိုင်တဲ့အပြင် ခံစားနေရတဲ့ ရောဂါတွေကိုလည်း ပိုမိုဆိုးရွားနိုင်ပါတယ်။ အထူးသဖြင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ ရောဂါတွေ ခံစားရချိန်မှာ ဒီခံစားချက်တွေကအမြဲကြီးစိုးနေတတ်ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါ ဖြစ်လာနိုင်တာကြောင့် ဆောင်ရန် ရှောင်ရန် အချက်များကို မျှဝေပေးလိုက်ရပါတယ်။
တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873