top of page

အိမ်နဲ့အဝေးမှာနေရတဲ့ ခံစားချက်ကို အကောင်းဆုံး ဖြေဖျောက်နည်း 



‘အိမ်’ ဆိုတာ လူတိုင်းအတွက် လုံခြုံနွေးထွေးတဲ့ နေရာလေး တခု ဖြစ်သလို အိမ်ရဲ့ အငွေ့အသက်၊ မိသားစုရဲ့ သံယောဇဉ်ဆိုတာ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး။ ဒါပေမယ့် တခါတရံမှာ ဘဝအတွက်၊ ပညာရေးအတွက် စတဲ့ အကြောင်းပြချက်တွေကြောင့် အိမ်နဲ့ ဝေးကွာနေသူတွေ ရှိကြမှာပါ။ ဒီလိုအခြေအနေမှာ အိမ်လွမ်းတဲ့စိတ်တွေနဲ့  ဝမ်းနည်းမှုတွေကို ဘယ်လို ဖြေဖျောက်ရမလဲဆိုတာ ပြောပြချင်ပါတယ်။ 


(၁) လက်ရှိ  ခံစားချက်တွေကို လက်ခံပါ 


လူအများစုက သူတို့ရဲ့ လက်ရှိခံစားချက်တွေကို လျစ်လျုရှုဖို့ ကြိုးစားပေမယ့် ဒါဟာ ဖြေရှင်းနည်းတခု မဟုတ်ပါဘူး။ ဒါ့ကြောင့် အရှိကို အရှိအတိုင်း လက်ခံဖို့ လိုပါတယ်။ အိမ်နဲ့ အဝေးမှာ ရှိနေတဲ့အချိန် အိမ်ကို သတိရတာ၊ အိမ်ရဲ့ အငွေ့အသက်တွေကို လွမ်းဆွတ်တာဟာ ဖြစ်လေ့ရှိတဲ့ ခံစားချက်ဆိုတာ လက်ခံပေးဖို့ လိုပါတယ်။ ဒါဟာ ပထမဆုံးအဆင့်အနေနဲ့ ကိုယ့်ခံစားချက်တွေကို နားလည်အောင် ကြိုးစားခြင်း ဖြစ်ပါတယ်။ 


(၂) ကိုယ်ပိုင် အချိန်ပေးပါ 


အိမ်နဲ့ ဝေးနေချိန်၊ မိသားစု၊ ဆွေမျိုးသားချင်းတွေနဲ့ အတူ အချိန် မကုန်ဆုံးရလို့ ကြွေကွဲနေမယ့်အစား ကိုယ်တိုင်အတွက် အချိန်ပေးကြည့်လို့ ရပါတယ်။ ဥပမာ ကိုယ်ဝါသနာပါတဲ့အရာ တခုခုကို လုပ်တာ၊ ကိုယ့်အတွက် အသစ်တခု သင်ယူတာ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း (Self-care) လုပ်တာ စတဲ့ အရာတွေဟာ အိမ်နဲ့ ဝေးတဲ့ ခံစားချက်ကို အထိုက်အလျောက် ဖြေလျော့စေမှာ ဖြစ်ပါတယ်။ 


(၃) နေရာသစ်မှာ ပျော်အောင်နေပါ 


ကိုယ်ရေရှည် နေထိုင်ခဲ့ပြီး အသားကျနေတဲ့ နေရာကနေ အသစ်နေရာတခုကို ရွှေ့ပြောင်းလာချိန်ဟာ လူတိုင်းအတွက် စိန်ခေါ်မှုပါပဲ။ ဒီအချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေဟာ အိမ်နဲ့ ဝေးရတဲ့ ခံစားချက်ကို ပိုဆိုးစေပါတယ်။ ဒါ့ကြောင့် နေရာသစ်၊ ပတ်ဝန်းကျင်အသစ်၊ မိတ်ဆွေအသစ်တွေနဲ့ အသားကျအောင် နေကြည့်သင့်ပါတယ်။ ဒါဟာ သင့်ကို နေရာအသစ်မှာ နေသားကျစေဖို့ ကူညီပေးမှာ ဖြစ်သလို အိမ်လွမ်းတဲ့ ခံစားချက်ကိုလည်း အတိုင်းအတာ တခုအထိ ကုစားပေးနိုင်ပါတယ်။ 


(၄) အိမ်၊ မိသားစုနဲ့ ဆက်သွယ်ပါ 


အခုလို တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်မှာ ကမ္ဘာ့နေရာ အသီးသီးကို ချိတ်ဆက်နိုင်မယ့် နည်းလမ်းတွေ ရှိနေပါပြီ။ ဒါ့ကြောင့် ကိုယ်နေတဲ့ နေရာအသစ်ကနေ အိမ်နဲ့ မိသားစုကို ဆက်သွယ်ပြီး အလွမ်းဖြေလို့ ရပါတယ်။ ဒါဟာ အတူနေရတဲ့ ခံစားချက်မျိုး မဟုတ်သည့်တိုင်အောင် ဝေးကွာလွန်းတယ်လို့ မခံစားမိစေဖို့ သင့်ကို ကူညီပေးနိုင်မှာပါ။ ဒါပေမယ့် မိသားစုနဲ့ လိုတာထက်ပိုပြီး အချိန်တိုင်း ဆက်သွယ်နေမယ် ဆိုရင် အိမ်ကို သတိရတဲ့ စိတ်တွေ ပိုဆိုးလာနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။


(၅) တစုံတယောက်ကို ရင်ဖွင့်ပါ


လက်ရှိနေရာက သူငယ်ချင်း၊ မိတ်ဆွေ တယောက်ယောက် ဒါမှမဟုတ် သင့်ကို နားလည်ပေးနိုင်တဲ့ တစုံတယောက်ကို ခံစားချက်တွေအကြောင်း ရင်ဖွင့် ပြောဆိုတာကလည်း စိတ်ထဲက မွန်းကြပ်မှုတွေကို လျော့ပါးသက်သာစေပါတယ်။ အိမ်အကြောင်း၊ မိသားစုတွေရဲ့ ချစ်စရာ အမှတ်တရတွေ အကြောင်းကို မျှဝေပြီး ရင်ဘက်ချင်းတူသူခြင်း ရင်ဖွင့်တာက စိတ်ကို ပေါ့ပါးစေပါလိမ့်မယ်။ 


အိမ်နဲ့ အဝေးမှာနေရတဲ့အခါမှာ ဝမ်းနည်းမှုနဲ့ လွမ်းဆွတ်မှုတွေ ခံစားရတာဟာ များသောအားဖြင့် အချိန်ကာလတခု ကြာပြီးနောက် သက်သာသွားလေ့ရှိပါတယ်။ ဒါပေမယ့် အိမ်နဲ့ အဝေးမှာ ရှိနေချိန်မှာ လိုတာထက်ပိုပြီး စိတ်ခံစားမှုတွေ ပြင်းထန်တယ်၊ စိတ်ဓါတ်ကျမှု၊ အာရုံစူးစိုက်မှု လျော့နည်းတာတွေနဲ့အတူ ကျန်းမာရေးနဲ့ နေ့စဉ်ဘဝမှာ ထိခိုက်မှုတွေ ဖြစ်နေပြီဆိုရင်တော့ ကျွမ်းကျင်သူနဲ့ နှစ်သိမ့်​ဆွေးနွေးဖို့ လိုအပ်နိုင်ပါတယ်။ 


အကယ်၍ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873



תגובות


Categories

Other trending posts

1/15
bottom of page