top of page

ချစ်သူတွေကြား ငြင်းခုံမှုပြဿနာကို ဘယ်လိုဖြေရှင်းမလဲ?



ချစ်သူတွေရဲ့ ဘဝလမ်းခရီးဟာ အမြဲသာယာနေတယ် ဆိုရင်တောင် ငြင်းခုံမှုတွေကတော့  ရှိနိုင်ပါတယ်။  သဘောထားမတိုက်ဆိုင်တာတွေ၊ ရည်ရွယ်ချက်နဲ့ ခံယူချက် မတူတဲ့အခါမှာ ငြင်းခုံကြလေ့ ရှိသလို တခါတရံ လျစ်လျူရှုခံရတာတွေ၊ ဂရုစိုက်မှုကို ပိုလိုချင်တဲ့အခါမှာလည်း ငြင်းခုံလေ့ရှိကြပါတယ်။ ချစ်သူတွေကြား ငြင်းခုံမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီနေရာမှာ မျှဝေပေးချင်ပါတယ်။ 


(၁) အချိန်ယူပါ 


ပြဿနာတခု ၊ ငြင်းခုံမှု တခုရဲ့အစဟာ ပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ ရှိနေချိန်မှာ အလောတကြီး ဖြေရှင်းတာဟာ ပြဿနာကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ အချိန်တခု ယူပြီးနောက် ပြဿနာက လျော့ပါးသွားနိုင်သလို နှစ်ဦးသားရဲ့ တင်းမာမှုတွေဟာလည်း အတိုင်းအတာတခုအထိ လျော့သွားနိုင်ပါတယ်။ ဒါ့ကြောင့် တချို့ ငြင်းခုံမှုတွေကို အချိန်တခု စောင့်ပြီး အေးအေးဆေးဆေး ဖြေရှင်းသင့်ပါတယ်။ 


(၂) ဒေါသကို ရှေ့တန်းမတင်ပါနဲ့ 


စိတ်လိုက်မာန်ပါနဲ့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ချစ်သူအတွက် စိတ်နာစေမယ့် စကားလုံးတွေ၊ အဖက်ဆယ်မရတဲ့ အခြေအနေတွေနဲ့ နောင်တရစေမယ့် အပြုအမူတွေ ဖြစ်နိုင်တာကို သတိပြုဖို့ လိုပါတယ်။ ဒါ့ကြောင့် ငြင်းခုံနေချိန်မှာ ဒေါသကို ထိန်းဖို့လိုသလို ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြိုတင် တွေးထားဖို့ လိုပါတယ်။ 


(၃) နားထောင်ကြည့်ပါ 


သူ့ဘက် ကိုယ့်ဘက် ခံစားချက်နဲ့ အမြင်တွေကို အပြန်အလှန် နားထောင်ပေးတာဟာ Relationship တွေမှာ ရှိသင့်တဲ့ အလေ့အထ တခု ဖြစ်ပါတယ်။ သူမှားတယ်၊ ကိုယ်မှားတယ် ဆိုပြီး အပြစ်တင်တာထက် သူ့ဘက်က အမြင်နဲ့ ကိုယ့်ဘက်က အမြင်ကို နားထောင်ပေးပြီး နားလည်ဖို့ ကြိုးစားတာတွေဟာ ငြင်းခုံမှုနဲ့ စိတ်သဘောထား မတိုက်ဆိုင်မှုတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ 


(၄) တခါတရံ အလျှော့ပေးပါ 


ချစ်သူ နှစ်ဦးမှာ ပိုချစ်တဲ့သူက အလျှော့ပေးတတ်ကြတယ်လို့ ပြောကြသလို အလျှော့ပေးတာ များလွန်းရင်လည်း အနိုင်ယူတာ ခံရနိုင်တယ်လို့ ထင်မြင်လေ့ ရှိကြပါတယ်။ ဒါပေမယ့် တခါတရံမှာ အလျှော့ပေးလိုက်တာဟာ ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်ရုံမကပဲ ချစ်ခြင်းမေတ္တာကို ပိုခိုင်မြဲစေတဲ့ အကျိုးကျေးဇူးကိုပါ ရရှိစေပါတယ်။ ချစ်သူက ကိုယ့်ပေါ်မှာ အမြဲ အနိုင်ယူလိုစိတ် ရှိတယ်ဆိုရင်တော့ သင့်ဘက်က အလေးအနက်ထားပြီး စဉ်းစားဖို့ လိုလာပြီ ဖြစ်ပါတယ်။ 


(၅) ပွင့်လင်းပါ 


တချို့သော ငြင်းခုံမှုတွေဟာ တဦးနဲ့တဦး ဖုံးကွယ်မှုတွေနဲ့ ပွင့်လင်းမြင်သာမှု  မရှိတဲ့အခါမှာ ဖြစ်လေ့ ရှိကြပါတယ်။ ဒါ့ကြောင့် ချစ်သူပေါ်မှာ မကျေနပ်တာ၊ စိတ်ခုနေတာတွေကို အေးအေးဆေးဆေးနဲ့ ကြိုတင်ဖြေရှင်းကြည့်ပါ၊ ပြဿနာ တခုဖြစ်လာပြီဆိုရင်လည်း အပြစ်တင်တာကို အရင်မလုပ်ပဲ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးတိုင်ပင်တာက အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ 


Healthy Relationship တခုဟာ အချစ်တခုထဲနဲ့ မပြည့်စုံနိုင်ပါဘူး။ သိပ်ချစ်ကြပေမယ့် ဘာမဟုတ်တဲ့ ပြဿနာလေး တခုနဲ့ စိတ်လိုက်မာန်ပါ ခွဲခွါကြရတဲ့ ချစ်သူတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် နှစ်ဦးကြားမှာ မငြင်းခုံမှုနဲ့ ပြဿနာတွေ ဖြစ်လာပြီဆိုရင် ရေရှည်အတွက် တွေးပြီး ခေါင်းအေးအေးနဲ့ ဖြေရှင်းဖို့ အရေးကြီးပါတယ်။ 


သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင် Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/19
bottom of page