top of page

ကိုယ်ဝန်ဆောင်ခြင်းနဲ့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုများ 



ကိုယ်ဝန်ဆောင်ခြင်းဆိုတာဟာ အမျိုးသမီးတွေအတွက် ထူးခြားတဲ့ အချိုးအကွေ့ တခုဖြစ်သလို ဒီကာလအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမှာ သက်ရောက်မှုတွေ များစွာ ရှိနိုင်ပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဟာ ကိုယ်ဝန်ရဲ့ ရက်သတ္တပတ်အလိုက် တဖြေးဖြေး ပိုသိသာလာနိုင်သလို ဒါတွေကို သိရှိနားလည်ပြီး အချိန်မှီ ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပေါ်နိုင်တဲ့ စိတ်ကျန်းမာရေး အခြေအနေတွေ ကို ဒီကနေ ပြောပြပေးချင်ပါတယ်။ 


(၁) စိတ်လှုပ်ရှားခြင်း 


ကိုယ်ဝန်ဆောင်မိခင်တိုင်းလိုလို စိတ်လှုပ်ရှားတတ်ကြပါတယ်။ အထူးသဖြင့် ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်ကြတဲ့အခါ အရာရာကို လေ့လာသင်ယူရသလို ဘဝရဲ့ ထူးခြားမှုတွေကို ဦးဆုံးအနေနဲ့ ကြုံတွေ့ရတာကြောင့် စိတ်လှုပ်ရှားတတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒီလို စိတ်လှုပ်ရှားမှုကြောင့် အမှားလုပ်မိမှာကို စိတ်ပူပန်ကြသလို ကြည်နူးလှိုက်ဖို မှုကို မိခင်မေတ္တာနဲ့အတူ ခံစားရတာ ဖြစ်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ပေးနိုင်ပြီး စိတ်ဓါတ်တက်ကြွခြင်းနဲ့ ပျော်ရွင်ခြင်း ကိုပါ ယှဥ်တွဲခံစားရလေ့ ရှိပါတယ်။ 


(၂) ဝမ်းနည်းခြင်း 


ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေဟာ ဟော်မုန်းတွေရဲ့ အပြောင်းအလဲကြောင့် အလိုလို ဝမ်းနည်းမိတာ၊ စိတ်ထိခိုက်လွယ်တာ၊ ပုံမှန်ထက် ပိုထိတ်လန့်တတ်တာ စတာတွေ ဖြစ်နိုင်ပါတယ်၊ ဝမ်းနည်းစရာ ကိစ္စတွေကို ပိုမို ခံစားလွယ်တတ်ကြပြီး အားငယ်လွယ်တာကြောင့် ဒီလိုကာလမှာ ပတ်ဝန်းကျင်နဲ့ မိသားစုတွေရဲ့ ဖေးမမှုနဲ့၊ ဂရုစိုက်မှုကို လိုလားတောင့်တလေ့ရှိတတ်ကြပါတယ်။ 


(၃) စိတ်ပူပန်ခြင်း 


ကိုယ်ဝန်ဆောင်မိခင်တွေဟာ စိတ်ပူပန်ခြင်း မကြာခဏ ဖြစ်တတ်သလို အထူးသဖြင့် သားဦးကလေးကို လွယ်ထားရချိန်မှာ စိတ်ပူပန်ခြင်းကို ပိုမို ခံစားရလေ့ရှိပါတယ်။ အစစအရာရာ ဂရုစိုက်ရမှု၊ ကလေးကို ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားချိန်မှာ အန္တရာယ်ကင်းစေလိုမှု၊ မွေးဖွားချိန်မှာ အဆင်ပြေ ချောမွေ့လိုမှု စတဲ့ ဆန္ဒတွေကြောင့် စိုးရိမ်ကြောင့်ကြမှု ဖြစ်တတ်ကြပါတယ်။ 


(၄) စိတ်သက်တောင့်သက်သာ မရှိခြင်း 


ကိုယ်ဝန်ဆောင်ချိန် ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ စိတ်ပူပန်မှုတွေကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ စိတ်မသက်မသာ ဖြစ်ကြလေ့ ရှိပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ပုံစံ ပြောင်းလဲလာမှု၊ စိတ်သွားတိုင်း ကိုယ်မပါတာ၊ ကလေးအတွက် စိုးရိမ်ပူပန်တာ၊ ကလေးမွေးဖွားပြီးနောက် အနာဂတ်ကို တွေးရင်း စိတ်အဆင်မပြေတာ စတာတွေဟာ စိတ်ကို သက်တောင့်သက်သာ မရှိစေပဲ လေးလံနေစေတာမျိုး ရှိနိုင်ပါတယ်။


(၅) စိတ်ဓါတ်ကျခြင်း 


Prenatal Depression လို့ခေါ်တဲ့ ကလေးမမွေးခင် စိတ်ဓါတ်ကျခြင်းကိုလည်း တချို့သော မိခင်တွေမှာ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် မမျှော်လင့်ထားပဲ ရင်သွေးရသွားတာကြောင့် ပြင်ဆင်ချိန် မရှိတဲ့အခါ၊ ကိုယ်ဝန်ကြောင့် နေ့စဥ်ဘဝမှာ သက်ရောက်မှုများစွာ ရှိနေတာ၊ ကိုယ်ဝန်ကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာရတာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ လုံလောက်တဲ့ ပံ့ပိုးကူညီမှုတွေ မရတာ စတာတွေဟာ ကိုယ်ဝန်ဆောင်ချိန် စိတ်ဓါတ်ကျခြင်း ဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ 

ဒီလို စိတ်ခံစားမှုတွေကို လျော့ပါးသက်သာစေဖို့အတွက် ပြုလုပ်ရမယ့် အချက်တွေကို ဒီကနေ ဆက်လက် မျှဝေပေးချင်ပါတယ်။ 


  • အာဟာရ သင့်တင့်မျှတစွာ စားဖြစ်ပါစေ

  • အရက်၊ ဆေးလိပ် လုံးဝ အသုံးမပြုသင့်ပါ 

  • မိသားစု၊ ခင်ပွန်းနဲ့ အတူ အချိန်ကုန်ဆုံးပါ 

  • ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ လေ့ကျင့်ခန်း၊ ယောဂ စတာတွေကို ပြုလုပ်ပေးပါ

  • အိပ်စက်ချိန် လုံလောက်ပါစေ 

  • စိတ်တည်ငြိမ်စေမယ့် အသက်ရှုလေ့ကျင့်ခန်း၊ တရားထိုင်တာတွေ လုပ်ပေးပါ 

  • ပုံမှန်ရက်ချိန်းအတိုင်း ဆရာဝန်နဲ့ ပြသပါ 

  • ဘဝတူ မိတ်ဆွေ ၊ အတွေ့အကြုံရှိသူတွေဆီမှ လေ့လာပါ 

  • ရင်ဖွင့်ပြောဆိုပါ 

  • စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်ပါက တောင်းခံရန် ဝန်မလေးပါနဲ့ 


ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတွေအတွက် အရေးကြီးဆုံးအခိုက်အတန့် ဖြစ်သလို ဒီအချိန်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေမှသာ မိခင်နဲ့ ကလေးအတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ ကူညီနိုင်မှာ  ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်ချိန်သာမက နောက်ပိုင်း ကလေးမွေးဖွားပြီး ပြုစုပျိုးထောင်ချိန်အထိ သက်ရောက်မှုတွေ ရှိနေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်ဖို့ အရေးကြီးကြောင်း မျှဝေလိုက်ရပါတယ်။ 


တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️ : 09-5131873






Categories

Other trending posts

1/29
bottom of page