ကိုယ်ဝန်ဆောင်ခြင်းကြောင့် အလုပ်အပေါ် သက်ရောက်မှု ရှိလာနိုင်တဲ့ အချက်များ
ကိုယ်ပိုင်ရွေးချယ်မှုကြောင့်ပဲဖြစ်ဖြစ် မမျှော်လင့်ပဲ ဖြစ်လာတာပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်ဖို့ ဖြစ်လာပြီဆိုရင် နေ့စဥ်ဘဝမှာ သက်ရောက်မှု များစွာရှိလာနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ အလုပ်အပေါ် ထိခိုက်မှုတချို့ရှိလာနိုင်ပြီး ဒီကာလဟာ အမျိုးသမီးတွေအတွက် ခက်ခဲပင်ပန်းတဲ့ အခိုက်အတန့် တခုဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တချို့အမျိိုးသမီးတွေဟာ အလုပ်ခွင်ကို စွန့်ခွာပြီး ကလေးကို ဦးစားပေးကြတာ ရှိပါတယ်။ ဒီမှာ ပြောပြပေးမှာကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ အလုပ်ခွင်မှာ ပြောင်းလဲမှုတွေ ရှိနိုင်သလို သတိထားရမယ့် အချက်တွေကို ဝေမျှပေးမှာပဲ ဖြစ်ပါတယ်။
(၁) ပင်ပန်းနွမ်းနယ်မှုများ
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ဟာ ပုံမှန်ထက် ပိုမို ပင်ပန်းနွမ်းနယ်တတ်ပြီး လုံလောက်တဲ့ အနားယူချိန်ကို လိုအပ်လာပါတယ်။ ဒီအချိန်မှာ အရင်လောက် အပင်ပန်းမခံနိုင်တာ၊ အလေးအပင်မမနိုင်တာ၊ ရာသီဥတု အပြောင်းအလဲကို မခံနိုင်တာ စတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပြီး ဒါဟာ တနည်းတဖုံနဲ့ အလုပ်ကို ထိခိုက်မှု ရှိလာနိုင်ပါတယ်။ ဒီလို အချိန်မှာ အရေးကြီးတာက ရင်သွေးနဲ့ မိမိရဲ့ ကျန်းမာရေး ဖြစ်တာကြောင့် အလုပ်ကို ဦးစားပေးဖို့ မဖြစ်နိုင်တာလည်း ရှိနိုင်ပါတယ်။
(၂) ခွဲခြားဆက်ဆံမှုများ
ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတယောက်ဟာ အလုပ်ခွင်မှာ အလေးပေးခံရတယ်ဆိုတာမျိုးလည်း ရှိနိုင်သလို တခါတရံမှာ ကိုယ်ဝန်ဆောင်ဖြစ်နေတာကြောင့် ခွဲခြားဆက်ဆံတာမျိုး၊ အခွင့်အရေး တချို့ ဆုံးရှုံးတာမျိုး၊ တခြားသူများနဲ့ နှိုင်းယှဥ်ခံရတာမျိုး စတာတွေလည်း ရှိနိုင်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်ပြီး အလုပ်နဲ့ ပတ်သက်တဲ့ တက်လမ်း တချို့မှာလည်း သက်ရောက်မှု ရှိနိုင်ပါတယ်။
(၃) အထူးဂရုစိုက်ဖို့ လိုအပ်လာတဲ့ ဘေးကင်းလုံခြုံမှု
အလုပ်ခွင် အနေအထားအရ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် လုံခြုံမှုနဲ့ ဘေးကင်းစိတ်ချရမှုကို လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ထိခိုက်မှုတွေ မဖြစ်အောင်၊ အန္တရာယ် ရှိတဲ့ ဓာတုပစ္စည်း စတာတွေနဲ့ မထိတွေ့အောင် အထူးဂရုစိုက်ဖို့ လိုအပ်လာနိုင်ပါတယ်။ ဒီအချိန်မှာ လုပ်ငန်းခွင် အနေအထားအရ ကိုယ်ဝန်ဆောင်ချိန်မှာ အလုပ်ခွင်ကို စွန့်ခွာရတာမျိုး ဖြစ်လာနိုင်ပြီး လိုအပ်ချက်အရ ဘေးကင်းစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲရတာမျိုးလည်း ရှိနိုငိပါတယ်။
(၄) အလုပ်နဲ့ ဘဝ ထပ်တူကျမှု
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးချိန်၊ ကလေးပြုစုစောင့်ရှောက်ချိန်တွေမှာ အရင်ထက်ပိုပြီး မိသားစုကို အချိန်ပေးဖို့ လိုလာသလို တဆက်တည်းမှာပဲ အလုပ်နဲ့ ဘဝ ထပ်တူညီမျှမှု (Work Life Balance) ကလည်း အရေးပါလာပါတယ်။ အရင်လို အလုပ်မှာပဲ နစ်မြုပ်နေတာမျိုး မဟုတ်တော့ပဲ မိသားစုဘဝနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ဆိုတဲ့ အချက်ကလည်း ထည့်သွင်းစဥ်းစားဖို့လိုလာသလို ဒါတွေဟာ အလုပ်ပေါ်မြင်တဲ့ သဘောထား၊ အမြင်တွေမှာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။
(၅) စိတ်ဓါတ်ကျခြင်း
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီးစအချိန်တွေမှာ အမျိုးသမီး အများစုဟာ စိတ်ထိခိုက်လွယ်ကြသလို စိတ်ဓါတ်ကျခြင်း၊ ဝမ်းနည်းခြင်းနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ အလုပ်အပေါ် စိတ်အားထက်သန်မှုနဲ့ စိတ်တက်ကြွမှုတွေအပေါ်မှာ လွှမ်းမိုးမှုတွေ ရှိလာနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ အလုပ်မှာ စိတ်မပါတာ၊ အလုပ်ခွင် ပျော်ရွှင်မှု ပျောက်ဆုံးတာ၊ အလုပ်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက် ကင်းမဲ့တာ စတာတွေ ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတွေအတွက် ကြီးမားတဲ့ အပြောင်းအလဲတခုဖြစ်သလို အမျိုးသမီးများ အလုပ်ခွင် စွန့်ခွာရခြင်းရဲ့ အကြောင်းရင်းတခုလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ လုပ်ဆောင်နိုင်စွမ်း မြင့်မားကြသလို စိတ်ပိုင်းဆိုင်ရာအားဖြင့် သန်မာကြတဲ့ အမျိုးသမီးတွေလည်း များစွာရှိနေကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသမီးတွေအနေနဲ့ စိတ်ဓါတ်သန်မာစေဖို့ လေ့ကျင့်ပေးရမှာ ဖြစ်သလို အနီးက မိတ်ဆွေ၊ မိသားစုနဲ့ ခင်ပွန်းဆီက ဖေးမကူညီမှုတွေကိုလည်း ရဖို့လိုပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားမှုတွေပြင်းထန်ပြီး ကိုယ်တိုင်ထိန်းချုပ်ရခက်ခဲနေတယ်ဆိုရင် ကျွမ်းကျင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️ : 09-5131873