top of page

ရွှေ့ပြောင်းနေထိုင်သူများ အထီးကျန်စိတ် ပယ်ဖျောက်နည်း



အထီးကျန်စိတ်ဆိုတာ တဦးထဲ ရှိနေတဲ့ အချိန်မှာပဲ ခံစားရတာ မဟုတ်ပါဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့ အရပ်ဒေသ နေရာတခုမှာ သူစိမ်းတွေနဲ့ အတူရှိနေချိန်မှာလည်း အထီးကျန်စိတ်ကို ပြင်းပြင်းပြပြ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ရွှေ့ပြောင်း နေထိုင်သူ၊ အလုပ်သမားတွေ အနေနဲ့ အထီးကျန်စိတ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တာကြောင့် အထီးကျန်စိတ်ကို ကုစားနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။


(၁) ကိုယ်ပိုင် နေ့စဉ်ဘဝတခု ပုံမှန် ပြုလုပ်ပါ 


အတွေးလွန်တဲ့သူတွေဟာ ပိုပြီး အထီးကျန်လေ့ ရှိပါတယ်။ မလိုအပ်တဲ့ အတွေးတွေကို လျှော့ချနိုင်ဖို့ဆိုရင် အချိန်မအားလပ်နေအောင် နေဖို့ လိုပါတယ်။ လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ အိပ်ရာထချိန်မှစပြီး တနေ့တာ ကုန်ဆုံးတဲ့အထိ လုပ်ဆောင်ရမယ့် အရာတွေကို အစီအစဉ်အလိုက် အချိန်ဇယား ဆွဲထားရမှာ ဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့ အချိန်တွေကို ကောင်းစွာ အသုံးချနိုင်မှာ ဖြစ်သလို အတွေးလွန်စိတ်ကိုလည်း လျော့ပါးစေပါတယ်။ 


(၂) နေရာအသစ်ကို ရင်းနှီးအောင် လေ့ကျင့်ပါ 


ပြောင်းရွှေ့ခါစမှာ နေရာအသစ်ဟာ သင့်အတွက် အရာရာ အသစ်အဆန်း ဖြစ်နေပါလိမ့်မယ်။  အထူးသဖြင့် မိတ်ဆွေ အသစ်တွေ၊ ယဉ်ကျေးမှု အသစ်တွေနဲ့ အစားအစာ အသစ်တွေဟာ သင့်ရဲ့ အထီးကျန်စိတ်ကို လွမ်းဆွတ်တမ်းတ မှုတွေကို ပိုဆိုးစေနိုင်မယ် ဆိုပေမယ့် ဒါတွေနဲ့ ရင်းနှီးကျွမ်းဝင်သွားပြီး နောက်မှာတော့ အရာရာဟာ ပုံမှန်အတိုင်း ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တဦးထဲ မနေပဲ နေရာအသစ်က လူတွေနဲ့ ချိတ်ဆက်ပါ၊ အသစ်အဆန်းတွေကို လေ့လာပြီး စိတ်အပြောင်းအလဲ ဖြစ်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။ 


(၃) အသစ်တခု သင်ယူပါ 


အသစ်တခု လေ့လာသင်ယူတာဟာ သင့်ရဲ့ အထီးကျန်စိတ်ကို အပြောင်းအလဲ ဖြစ်စေသလို နေ့စဉ် တိုးတက်နေတယ်ဆိုတဲ့  ခံစားမှုကိုလည်း ရစေပါတယ်။ များသောအားဖြင့် အထီးကျန်တဲ့ သူတွေဟာ Motivation ကျတတ်တဲ့ ပြဿနာကိုပါ တွဲပြီး ခံစားရနိုင်တာကြောင့် သင့်ရဲ့ အားလပ်ချိန်မှာ တခုခုကို လေ့လာသင်ယူနေခြင်းက ဒီအခြေအနေကို ကျော်လွှားဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ 


(၄) Journaling လုပ်ပါ 


တခါတရံမှာ သင့်ကို နားထောင်ပေးနိုင်တဲ့ တစုံတယောက် သင်ရင်ဖွင့် ပြောဆိုနိုင်မယ့် တစုံတယောက် ရှိနေတာက ကောင်းမွန်တဲ့ ဆုလာဘ်တခုပါပဲ။ အနည်းဆုံး သင့်ခံစားချက်တွေကို ချရေးကြည့်လိုက်ရင်တောင် အထိုက်အလျောက်တော့ စိတ်ပေါ့ပါးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် Journaling ပုံမှန် လုပ်ကြည့်တာကလည်း အထီးကျန်စိတ်ကို သက်သာစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Journaling ရေးတဲ့အခါမှာ အကောင်းဘက်ကို သွားတဲ့ စကားလုံးတွေ ခံစားချက်တွေနဲ့ ကျေးဇူးတင်မိတဲ့ အရာတွေကို ရေးပေးမယ်ဆိုရင် သင့်ရဲ့ စိတ်ကျန်းမာရေးကို များစွာ အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ 


(၅) ချစ်ရသူတွေနဲ့ ဆက်သွယ်ပါ  


အထီးကျန်နေချိန်မှာ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု ချစ်သူ စတဲ့ ကိုယ်ချစ်ခင် ရသူတွေကို ဆက်သွယ်တာကလည်း စိတ်သက်သာရာရစေဖို့ ကူညီပေးနိုင်ပါတယ်။ ဖုန်း၊ စာကနေတဆင့် နေ့စဉ် အဖြစ်အပျက်တွေကို အတူတကွ ဖလှယ်ကြမယ်၊ အကြံဉာဏ်တောင်းမယ်၊ အဝေးကနေ ဖေးမကူညီမယ်၊ ဒါတွေကလည်း အနေဝေးပေမယ့် စိတ်ချင်း နီးစပ်စေမယ့် ဆက်သွယ်မှုလေးတွေ ဖြစ်ပါတယ်။ 


အထီးကျန်တဲ့စိတ်ဟာ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာအထိပါ ထိခိုက်မှု ဖြစ်နိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အထီးကျန်စိတ်ကြောင့် ဆိုးရွားတဲ့ ခံစားမှုတွေ ဖြစ်နေပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ ကုသမှု ခံယူသင့်ပါတယ်။ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

☎️: 09-5131873





Comments


Categories

Other trending posts

1/15
bottom of page