စိတ်ကျဝေဒနာ (Depression) နဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေ အကြောင်း

စိတ်ကျဝေဒနာ ခံစားနေရတဲ့ သူတွေ နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ရဲ့ အယူအဆ လွဲမှားမှု တခုကတော့ စိတ်ကျခြင်း ခံစားရတယ်ဆိုတာ အားနည်းလို့၊ မတော်လို့၊ မထက်မြက်လို့၊ ကိုယ့်တာဝန် ကိုယ်မယူနိုင်လို့ စသဖြင့် ထင်မြင်ကြတဲ့ အတွေးတွေဖြစ်ပါတယ်။ ဒီလို အတွေးတွေ ရှိနေခြင်းကြောင့် စိတ်ကျဝေဒနာ ခံစားနေရသူတွေကို နားမလည်ပေးနိုင်တာ၊ ခွဲခြားဆက်ဆံတာနဲ့ အပြစ်တင် ဝေဖန်တာတွေ ရှိနေနိုင်တာကြောင့် ဒီအယူအဆမှားကို ဖယ်ရှားနိုင်မယ့် အချက်အလက် တချို့ကို မျှဝေပေးချင်ပါတယ်။
စိတ်ကျဝေဒနာ ခံစားရသူသည် အားနည်းသူ မဟုတ်ပါ
စိတ်ကျဝေဒနာ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေဟာ လူတိုင်းမှာ ကွဲပြားစွာ အမျိုးမျိုး ရှိနေနိုင်ပါတယ်။ ဘဝမှာ ကြုံရတဲ့ စိတ်ဖိစီးမှုတွေ၊ အနှောက်အယှက် အတားအဆီးနဲ့ အခက်အခဲစိိန်ခေါ်မှု အဆင်မပြေမှုတွေကြောင့် စိတ်ကျဝေဒနာ ဖြစ်နိုင်သလို ပတ်ဝန်းကျင်က ဖိအားတွေကလည်း စိတ်ကျဝေဒနာဖြစ်အောင် တွန်းပို့နေတာဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ကျဝေဒနာ ခံစားရတာဟာ အားနည်းတာကြောင့်မဟုတ်ပဲ အကြောင်းရင်းတခုခုကြောင့် လူတိုင်း ခံစားရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တခု ဖြစ်ပါတယ်။
စိတ်ကျဝေဒနာ ခံစားရသူကို အတူဖေးမ ကူညီသင့်ပါတယ်
စိတ်ကျဝေဒနာသည် ကြိတ်မှိတ်ပြီး မခံစားသင့်တဲ့ ရောဂါ ဖြစ်သလို ဒီဝေဒနာ ခံစားနေရသူကို နီးစပ်တဲ့ သူတွေ အနေနဲ့ အတူတူ ဖေးမ သင့်ပါတယ်။ ဥပမာအားဖြင့် သူ့ရဲ့ ခံစားချက်တွေကို နားထောင်ပေးတာ၊ အတူတူ အချိန် ကုန်ဆုံးပေးတာ၊ မကြာခဏဆိုသလို ဆက်သွယ် စကားပြောပေးတာ၊ အကူအညီ လိုအပ်တဲ့အချိန်မှာ တတ်နိုင်သလောက် ဖြည့်ဆည်းပေးတာဟာ စိတ်ကျဝေဒနာကို လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။
စိတ်ကျဝေဒနာ ခံစားရသူကို အပြစ်တင် ဝေဖန်ခြင်းကြောင့် ဆိုးကျိုးများစွာ ရနိုင်ပါတယ်
စိတ်ကျဝေဒနာ ခံစားနေရသူကို ပတ်ဝန်းကျင်မှ အပြစ်တင်ဝေဖန်တာဟာ ကာယယံရှင်ရဲ့ ခံစားချက်တွေကို ပိုမိုပြင်းထန်စေသလို နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ပိုဆိုးစေပါတယ်။ ဥပမာအားဖြင့် စိတ်ကျဝေဒနာရှိသူကို ခွဲခြား ဆက်ဆံတာ၊ ခံစားချက်တွေကို ပြက်ရယ်ပြုတာ၊ အားနည်းမှုလို့ ခေါင်းစဉ်တပ်တာ၊ အပြစ်တင် ရှုံ့ချတာတွေဟာ မှားယွင်းတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။
စိတ်ကျဝေဒနာ ခံစားနေရပါက ရင်ဖွင့်ပြောဆိုပါ
တကယ်လို့ စိတ်ကျဝေဒနာ ခံစားနေရသူက သင်ကိုယ်တိုင် ဒါမှမဟုတ် သင်နဲ့ အနီးအနားက သူတစ်ယောက် ဖြစ်တယ်ဆိုရင် စိတ်ကျဝေဒနာကို လူမသိသူမသိနဲ့ ဖုံးကွယ်မထားသင့်ပါဘူး။ စိတ်ကျဝေဒနာရဲ့ တကယ့် အကြောင်းရင်းကို ရှာဖွေတာ၊ တဦးစီအတွက် ကိုက်ညီမယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းမှသာ စိတ်ကျဝေဒနာကို လျော့ပါးစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ကျဝေဒနာ ခံစားနေရပါက ရင်ဖွင့်ပြောဆိုပါ၊ အကြံဉာဏ်တောင်းပါ၊ လိုအပ်ရင် အကူအညီ ရယူပါ။
စိတ်ကျဝေဒနာကို အချိန်မှီ ကုသဖြေရှင်းပါ
စိတ်ကျဝေဒနာကို လူတိုင်းခံစားရနိုင်ပေမယ့် တဦးနဲ့ တဦး ပြင်းထန်မှုနဲ့ ကြာမြင့်ချိန်က မတူညီ ကွဲပြားကြပါတယ်။ တချို့က အချိန်တိုအတွင်း လွယ်ကူစွာ နည်းလမ်းရှာဖွေပြီး သက်သာသွားကြပေမယ့် တချို့ကတော့ နာတာရှည်လိုမျိုး နှစ်ချီခံစားရတာလည်း ရှိပါတယ်။ ဒီလို နာတာရှည် စိတ်ကျဝေဒနာ ခံစားရတာ ဒါမှမဟုတ် စိတ်ကျဝေဒနာ ခံစားမှု ပြင်းထန်တဲ့ အခါမှာတော့ နေ့စဉ်ဘဝမှာပါ များစွာ အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးနည်းလမ်းကတော့ စိတ်ကျဝေဒနာကို အချိန်မှီ ကုသ ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။
စိတ်ကျဝေဒနာကို ကုသဖြေရှင်းနိုင်တဲ့ နည်းလမ်းများစွာ ရှိကြသလို တချို့မှာတော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူနဲ့ ဆွေးနွေးတိုင်ပင်တာ ဒါမှမဟုတ် စိတ်ရောဂါကု ဆရာဝန်နဲ့ ဆေးဝါးကုသရတာ အထိလည်း ရှိနိုင်ပါတယ်။ စိတ်ကျဝေဒနာကို ပိုမဆိုးရွားစေဖို့ဆိုရင် အယူအဆမှားတွေကို ပယ်ဖျယ်ဖို့ လိုသလို အနီးအနားက ချစ်သူ ခင်သူတွေအနေနဲ့ ဖေးမကူညီပေးဖို့ လိုအပ်ကြောင်း မျှဝေလိုက်ရပါတယ်။
သင့်အနေနဲ့ စိတ်ကျဝေဒနာနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873