ကိုယ်ဝန်ဆောင်ပြီးနောက် ခန္ဓာကိုယ်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ယုံကြည်မှု ကျဆင်းခြင်း
အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မိမိရဲ့ လူနေမှုပုံစံကို ပြောင်းလဲရတာနဲ့ အမျှ ခန္ဓာကိုယ် ပုံစံ အချိုးအစားလည်း ပြောင်းလဲလာနိုင်ပါတယ်။ အထူးသဖြင့် မိခင်နှင့် ရင်သွေးအတွက် အာဟာရပြည့်ဝစွာ စားသုံးရခြင်း၊ ကိုယ်လက် လှုပ်ရှားမလုပ်ဖြစ်ခြင်း၊ ဟော်မုန်းတွေရဲ့ အပြောင်းအလဲကြောင့် ခန္ဓာကိုယ် အရေပြားမှာ သိသာတဲ့ ပြောင်းလဲမှုတွေ၊ အကြောပြတ်တာတွေစတာတွေအပြင် ဆီးမထိန်းနိုင်တာတွေစတဲ့ ပြောင်းလဲမှုတွေလည်း များစွာ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ပြီးနောက်မှာ အမျိုးသမီးတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းမှု မဖြစ်စေဖို့ ပြုလုပ်ရမယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။
(၁) ဖြစ်တတ်တဲ့ သဘာဝဆိုတာကို လက်ခံပါ
အမျိုးသမီး အများစုက ကိုယ်ဝန်ဆောင်ပြီးနောက်မှာ ခန္ဓာကိုယ် ပြောင်းလဲတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဆိုတာကို ပထမဆုံး လက်ခံဖို့လိုပါတယ်။ ဒါဟာ သင်တစ်ဦးတည်းမှာ ခံစားကြုံတွေ့နေရတဲ့ ပြဿနာတခု မဟုတ်သလို သင့်ရဲ့ အမှားလည်း မဟုတ်ပါဘူး။ သင်ဟာ မိခင်တစ်ယောက်ဖြစ်တာနဲ့ အညီ ရင်သွေးလေးအတွက် သင့်ခန္ဓာကိုယ်ကို အပြောင်းအလဲခံပြီး ကိုယ်ဝန်ဆောင်ခဲ့နိုင်တာကို သင့်ကိုယ်သင် ဂုဏ်ပြုလိုက်ပါ။
(၂) သင့်ခန္ဓာကိုယ်ကို သင်ပြောင်းလဲနိုင်ပါတယ်
ကိုယ်ဝန်ဆောင်ပြီးနောက် ဖြစ်လာတဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုတွေတချို့ဟာ ပြန်လည် ပြုပြင်နိုင်ပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်ပြီးနောက်မှာ ခန္ဓာကိုယ် ကိုယ်အလေးချိန်တက်တာကို ပြန်လည်ထိန်းသိမ်းနိုင်တဲ့ အမျိုးသမီးတွေ များစွာ ရှိပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်ပြီး ခြောက်လကနေ တစ်နှစ်လောက်မှာ အများစုက ကိုယ်အလေးချိန်ကို ပြန်ထိန်းနိုင်ကြပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ကလေးမွေးပြီးအခြေအနေ အနေအထားနဲ့ ကိုယ်ခံနိုင်ရည် ရှိသလောက် ကိုယ်လက် လှုပ်ရှားမှုတွေ ပြုလုပ်မယ်၊ အစားအသောက်ကို အာဟာရ မျှတအောင်စားပြီး ကိုယ်ခန္ဓာထိန်းသိမ်းမယ် စသဖြင့် နေ့စဥ်ပုံမှန် ပြုလုပ်ပေးသွားမယ်ဆိုရင် အရင်ခန္ဓာကိုယ်အတိုင်းပြန်ရနိုင်မှာ ဖြစ်ပါတယ်။
(၃) မနှိုင်းယှဥ်ပါနဲ့
ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းက ခန္ဓာကိုယ်ပြောင်းလဲမှုတွေ မတူညီနိုင်ပါဘူး။ တချို့က သိသိသာသာ ပြောင်းလဲမှု မရှိပဲ ကလေးမွေးပြီးနောက်မှာ အချိန်တိုအတွင်း နဂိုပုံစံကို ပြန်ရနိုင်ပေမယ့် တချို့မှာတော့ အချိန်ပေးပြီး ပြန်လည် ပြောင်းလဲရတာ ရှိနိုင်ပါတယ်။ မိမိရဲ့ လက်ရှိအနေအထားကို တခြားသူနဲ့ နှိုင်းယှဥ်တာဟာ ထပ်တူမညီနိုင်သလို စိတ်ပိုင်းဆိုင်ရာမှာလည်း အားငယ်ခြင်း၊ စိတ်ဓါတ်ကျခြင်း စတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် မိမိရဲ့ ကိုယ်ဝန်မဆောင်ခင် အနေအထားနဲ့ နှိုင်းယှဥ်တာကလည်း စိတ်ခံစားချက်တွေကို ပိုမို ဆိုးစေနိုင်တာကို သတိပြုသင့်ပါတယ်။
(၄) ဝေဖန်မှုတွေကို မခံစားပါနဲ့
ကလေးမွေးပြီးချိန်မှာ ပြောင်းလဲသွားတဲ့ အမျိုးသမီးတွေရဲ့ ပုံစံကို တခြားသူတွေက ထင်မြင် ပြောဆိုတာ၊ ကဲ့ရဲ့တာ ရှိနိုင်သလို တချို့အမျိုးသမီးတွေမှာဆိုရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ကိုယ်တိုင်က အပြစ်တင် ရှုံ့ချတာတွေ ရှိတတ်ကြပါတယ်။ ဒါဟာ အမျိုးသမီးတွေကို ကြီးမားတဲ့ ထိုးနှက်မှု ဖြစ်သလို ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းစေနိုင်တဲ့ အကြောင်းရင်းတခုလည်း ဖြစ်ပါတယ်။ ဒါတွေဟာ အဆိုးဘက်ကိုရောက်တဲ့ အမြင်တွေ ဖြစ်တာကြောင့် ဒီလို အခြေအနေမှာ အမျိုးသမီးတွေ အနေနဲ့ အပြုသဘောဆောင်တဲ့ positive self talking တွေကို များများ ပြောပေးသင့်သလို စိတ်ခံစားချက် ပြင်းထန်တာမျိုး မဖြစ်အောင် စိတ်ပိုင်းဆိုင်ရာ သန်မာနေဖို့ လိုပါတယ်။
(၅) အကူအညီ ရယူပါ
ကိုယ်ဝန်ဆောင်ပြီးနောက် ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်ပျက်အားငယ်နေတယ်၊ ကိုယ်တိုင် ဖြေရှင်းဖို့ ခက်ခဲနေတယ်ဆိုရင်တော့ သင့်ကိုကူညီပေးနိုင်တဲ့ တစ်ယောက်ယောက် ရှိဖို့လိုပါတယ်။ ဒီလူက ကိုယ်ခန္ဓာပြောင်းလဲဖို့ ကူညီပေးနိုင်တဲ့ သူဖြစ်နိုင်သလို ကိုယ့်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြနိုင်တဲ့ သူ၊ ကိုယ့်ကို နားလည်ပေးနိုင်တဲ့ သူလည်း ဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးနိုင်တဲ့ ကျွမ်းကျင်သူ တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။
အမျိုးသမီးအများစုဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျ ဖြစ်လေ့ရှိတာ သဘာဝပါပဲ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ပြီးနောက်မှာ ဒီလို ခံစားချက်တွေက ပိုဆိုးနိုင်သလို အများစုက ဒီအခြေအနေကို စိတ်ပျက်အားလျော့မိကြပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းတာ၊ မှန်မကြည့်ချင်တာ၊ လူကြားထဲ သွားဖို့ ဝန်လေးတာ၊ တခြားသူများနဲ့ တွေ့ဖို့ ရှောင်တာ၊ လက်တွဲဖော်ရဲ့ အမြင်ကြောင့် စိတ်ပျက်အားငယ်တာ စတာတွေ ခံစားရနိုင်သလို ဒါတွေဟာ တဖြေးဖြေးနဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ အထိဖြစ်လာနိုင်တာကြောင့် မပေါ့ဆသင့်ကြောင်း မျှဝေလိုက်ရပါတယ်။
တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️ : 09-5131873