ရောဂါခံစားနေရတဲ့ ချစ်ရသူကို စောင့်ရှောက်ရသူတွေအနေနဲ့ မိမိရဲ့ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ဖြစ်စေဖို့
သင်ချစ်ရသူ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးက ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရတယ်၊ သင့်အနေနဲ့လည်း သူ့ကို အနီးကပ် ပြုစုစောင့်ရှောက်နေရတယ် ဆိုရင် ဒါဟာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် နာတာရှည် ရောဂါတွေ ၊ ပြင်းထန်တဲ့ ရောဂါတွေကို ချစ်ရသူက ခံစားနေရတယ်ဆိုရင် သင့်ရဲ့ အကူအညီကို အချိန်ကြာကြာ လိုအပ်နေမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ရေရှည်မှာ သင့်အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတချို့ ရှိလာနိုင်ပါတယ်။
ရောဂါခံစားနေရသူကို နေ့နေ့ညည အမြဲလိုလို အချိန်ပေး ဂရုစိုက်ရင်းနဲ့ သင်ဟာ တခါတရံ ပင်ပန်းလာတာ၊ အနားယူချင်တာ၊ စိတ်တို ဒေါသထွက်လာတာ၊ အိပ်ရေးပျက်ပြီး ထိုင်းမှိုင်းလေးလံလာတာ၊ ကိုယ်ပိုင် အချိန်တွေ နည်းလာတာကြောင့် စိတ်ပျက်အားငယ်တာ၊ စိတ်ဓါတ်ကျ ဝမ်းနည်းတာ စတဲ့ ခံစားချက်တွေကို ခံစားရနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ စိတ်ကျန်းမာရေး သိသိသာသာ ပျက်စီးလာနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကိုပါ သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြုစု စောင့်ရှောက်သူ တစ်ယောက်အနေနဲ့ မိမိကိုယ်ကို ဂရုစိုက်ခြင်း (Self-care) ကို ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ ပြောပြပေးချင်ပါတယ်။
(၁) တက်တက်ကြွကြွနေပါ
လေးလံထိုင်းမှိုင်းပြီး အတွေးတွေများနေတာဟာ စိတ်ကို ပိုမိုထိခိုက်စေနိုင်တာကြောင့် စိတ်ဓါတ်တက်ကြွစေမယ့် လှုပ်ရှားမှုတွေကို ပြုလုပ်ပေးသင့်ပါတယ်။ ဥပမာ စိတ်လန်းဆန်းသွားအောင် လမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှားတာတွေကို ပြုလုပ်ပေးတာမျိုး၊ အပင်ရေလောင်းတာ ၊ သီချင်းနားထောင်တာ စတာတွေကလည်း စိတ်ကို တက်ကြွ ရွှင်လန်းစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရေသန့်ရှင်းမှု ရှိခြင်း ကလည်း စိတ်ရော ကိုယ်ပါ လန်းဆန်းစေနိုင်ပါတယ်။
(၂) အာဟာရ ပြည့်ဝစွာ စားပါ
တနေ့တာရဲ့ စွမ်းအင်အတွက် လုံလောက်တဲ့ အာဟာရရှိဖို့ လိုသလို စိတ်နဲ့ ခန္ဓာကျန်းမာဖို့အတွက်လည်း နေ့စဥ်အာဟာရ ပြည့်ဝနေဖို့ လိုပါတယ်။ အထူးသဖြင့် အသားဓါတ်၊ ကစီဓါတ်နဲ့ ဗီတာမင် တွေကို နေ့စဥ် ပါဝင်အောင် စားပေးသင့်သလို အချိန်မှန်မှန် စားပေးဖို့လည်း အရေးကြီးပါတယ်။ အလွယ်တကူ ဝယ်ယူနိုင်တဲ့ အပြင်စာတွေ၊ အသင့်စားအစားအစာတွေနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေဟာ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကိုလည်း အထူးသတိပြုသင့်ပါတယ်။
(၃) အိပ်ချိန်လုံလောက်အောင် အိပ်ပါ
များသောအားဖြင့် နာတာရှည် ရောဂါရှိသူတွေကို ပြုစုစောင့်ရှောက်ရသူတွေဟာ အိပ်ချိန်မလုံလောက်တဲ့ ပြဿနာကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှု ရှိလာနိုင်ပါတယ်။ အိပ်ချိန်မလုံလောက်တဲ့အခါ စိတ်တို ဒေါသထွက်တာ ၊ စိတ်မကြည်တာ၊ ခန္ဓာကိုယ်အားနည်းလာတာ၊ ရောဂါဝင်လွယ်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် အိပ်ချိန်ကိုလည်း ဂရုပြုသင့်သလို အလှည့်နဲ့ အိပ်စက်တာ၊ ပင်ပန်းလာရင် အနားယူတာမျိုးကို ပြုလုပ်ပေးဖို့ လိုပါတယ်။
(၄) အကူအညီတောင်းပါ
တခါတရံ စိတ်ရောလူရောပင်ပန်းလာတဲ့အခါမှာ ကိုယ့်အနီးအနား ပတ်ဝန်းကျင်က သူတွေ ဒါမှမဟုတ် ကျွမ်းကျင်ပြီး စိတ်ချရတဲ့ ပြုစုစောင့်ရှောက်သူကို အကူအညီတောင်းပြီး အနားယူဖို့ လိုပါတယ်။ အထူးသဖြင့် လူနာ ပြုစုစောင့်ရှောက်ရေးကိစ္စအပြင် တခြားသော အိမ်မှုကိစ္စ မိသားစုကိစ္စ၊ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ တခြားငွေရေးကြေးရေး ပြဿနာတွေအထိ တာဝန်ယူရတဲ့ အခါမှာ ပင်ပန်းနွမ်းနယ်လာနိုင်ပြီး အချိန်မလုံလောက်နိုင်တာကြောင့် တာဝန်တွေကို ခွဲပေးဖို့အတွက် စီစဥ်တာက အကောင်းဆုံးဖြစ်နိုင်ပါတယ်။
(၅) ကိုယ်ပိုင်အချိန်ပေးပါ
လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဆိုတာ လိုအပ်ပါတယ်။ ပြုစုစောင့်ရှောက်သူ (Caregiver) တစ်ယောက်အနေနဲ့လည်း သင့်တော်တဲ့ ကိုယ်ပိုင်အချိန်ရှိဖို့ လိုသလို ဒီကိုယ်ပိုင်အချိန်မှာ စိတ်ကိုဖြေလျော့စေမယ့် နည်းလမ်းတွေဖြစ်တဲ့ တရားထိုင်တာ၊ ဆုတောင်းတာ၊ ခရီးသွားတာ၊ ဝါသနာပါရာအတွက် အချိန်ပေးတာ၊ မိတ်ဆွေတွေနဲ့ အချိန်ကုန်ဆုံးတာ၊ နှိပ်နယ်တာ၊ လေ့ကျင့်ခန်းလုပ်တာ စတာတွေကို ပြုလုပ်နိုင်ပြီး စိတ်ရောကိုယ်ပါ ပြန်လည် ကျန်းမာဖို့ အားဖြည့်ပေးသင့်ပါတယ်။
ပြုစုစောင့်ရှောက်သူ (Caregiver) တွေဟာ ချစ်ရသူအတွက် စိတ်ရောကိုယ်ပါ နှစ်ပြီး စောင့်ရှောက်ရတဲ့အခါမှာ ကိုယ်တိုင်အတွက် ဂရုစိုက်ဖို့ မေ့လျော့တတ်ကြပါတယ်။ ဒီအချိန်မှာ နောက်ဆက်တွဲအနေနဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို ထိခိုက်လာနိုင်တာကြောင့် Self-care ကိုပုံမှန်လုပ်ပေးပြီး လုံလုံလောက်လောက် အနားယူသင့်သလို အကူအညီလိုချိန်မှာလည်း ယူဖို့ ဝန်မလေးသင့်ကြောင်း မျှဝေလိုက်ရပါတယ်။
တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873