top of page

နာတာရှည် စိတ်ကျဝေဒနာ (Depression) ရှိနေကြောင်း ပြသနေတဲ့ လက္ခဏာများ




စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေထဲမှာ စိတ်ကျဝေဒနာ (Depression) ဟာ အဖြစ်များသလို များသောအားဖြင့် ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါ သက်သာသွားလေ့ရှိပါတယ်။ တကယ်လို့ သင့်ရဲ့ စိတ်ကျဝေဒနာက အချိန်ကာလ ကြာမြင့်လာပြီ ဆိုရင်တော့ ဒါဟာ သင့်ရဲ့ ဘဝ အရည်အသွေး၊ အလုပ်နဲ့ Relationship တွေမှာ သက်ရောက်မှု များလာနိုင်ပါတယ်။ တနည်းအားဖြင့် ဒါဟာ နာတာရှည် စိတ်ကျဝေဒနာ ခံစားနေရပြီလို့လည်း ပြောနိုင်ပါတယ်။ နာတာရှည် စိတ်ကျ ဝေဒနာရဲ့ လက္ခဏာတွေနဲ့ သက်သာစေမယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


နာတာရှည် စိတ်ကျဝေဒနာရဲ့ လက္ခဏာများ 


နာတာရှည် စိတ်ကျဝေဒနာ ခံစားရတဲ့အခါ လက္ခဏာ အနေနဲ့ အချိန်ကြာကြာ အကြောင်းမဲ့ ဝမ်းနည်းနေတာ၊ မျှော်လင့်ချက်မဲ့ပြီး လမ်းပျောက်သလို ဖြစ်တာကြောင့် ဘာကိုမှ အာရုံစိုက်ပြီး မလုပ်နိုင်တာ၊ ကိုယ့်ကိုကိုယ် ယုံကြည်လေးစားမှုပျောက်ဆုံးတာနဲ့ တန်ဖိုးမဲ့သလို ခံစားရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလို အချိန်မှာ စိတ်ခံစားလွယ်တာတွေ စိတ်ရှုပ်ထွေးတာကို အချိန်ကြာမြင့်စွာ ခံစားရလေ့ရှိပါတယ်။


ဒါတင်မကပဲ နာတာရှည် စိတ်ကျဝေဒနာက သင့်ရဲ့ အလုပ်မှာပါ သက်ရောက်မှု ရှိနိုင်ပြီး ဆုံးဖြတ်ချက်တွေ ချရာမှာ တွေဝေတာ၊ အဆိုးဘက်ကို သွားတဲ့ အတွေးတွေ များလာတာ၊ အလုပ်ပြီးမြောက်မှုနှုန်း ကျဆင်းတာ စတာတွေ ဖြစ်နိုင်ပါတယ်။ လူမှုဆက်ဆံရေး အပိုင်းမှာဆိုရင်လည်း နာတာရှည် စိတ်ကျဝေဒနာကြောင့် လူအများရှိရာနေရာတွေကို ရှောင်တိမ်း ဖြစ်လာတာ ၊ တစ်ယောက်ထဲ အချိန်ဖြုန်းဖြစ်တာ၊ လူမှုရေးကိစ္စတွေမှာ လစ်ဟင်းတာတွေ ဖြစ်လာနိုင်ပါတယ်။ 


ဒီလိုမျိုး စိတ်ကျဝေဒနာရဲ့ နောက်ဆက်တွဲ ခံစားချက်တွေ ကြာလာတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုတွေ ရှိလာနိုင်ပြီး အားအင်ကုန်ခမ်းချိနဲ့တာ၊ အိပ်စက်ရခက်ခဲတာ၊ နှစ်ခြိုက်စွာ အိပ်မပျော်တာ၊ အစာစားချင်စိတ် အပြောင်းအလဲဖြစ်တာကြောင့် ကိုယ်အလေးချိန်အတက်အကျ ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ တချို့မှာတော့ စိတ်ကျဝေဒနာရဲ့ သက်ရောက်မှုတွေကြောင့် မကြာခဏဆိုသလို ကိုယ့်ကိုကိုယ် အန္တရာယ်ပြုတာတွေနဲ့ ကိုယ့်ကိုယ့်ကို အဆုံးစီရင်ဖို့ ကြိုးပမ်းတာတွေ အထိဖြစ်လာနိုင်ပါတယ်။ 


ဒီလို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေက အချိန်ကြာလာတာနဲ့ အမျှ ပိုဆိုးလာမယ် ဆိုရင် ဒါဟာ နာတာရှည် စိတ်ကျဝေဒနာရဲ့ လက္ခဏာတွေလို့ ပြောနိုင်ပါတယ်။ နာတာရှည် စိတ်ကျဝေဒနာရဲ့ လက္ခဏာတွေဟာ  ရက်သတ္တပတ်၊ လ အတန်ကြာ ထိ ရှိနေတတ်ပြီး တခါတရံမှာ နှစ်နဲ့ချီပြီး ခံစားရတာလည်း ရှိနိုင်ပါတယ်။ ဒီကာလ အတွင်းမှာ လူမှုရေး၊ အလုပ်အကိုင်၊ ဘဝမျှော်မှန်းချက် အပါအဝင် အစစအရာရာမှာ များစွာ သက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။ 


နာတာရှည် စိတ်ကျဝေဒနာကို သက်သာစေမယ့် နည်းလမ်းများ 


များသောအားဖြင့် စိတ်ကျဝေဒနာက နာတာရှည် ခံစားရတဲ့ အနေအထားထိ ရောက်လာပြီဆိုရင် သာမန် နည်းလမ်းတွေနဲ့ ကုသဖြေရှင်းဖို့ ခက်ခဲနိုင်ပါတယ်။ ဒီလို နာတာရှည် စိတ်ကျဝေဒနာအတွက်ဆိုရင် ရောဂါအခြေအနေပေါ် မူတည်ပြီး တိကျသေချာတဲ့ နည်းလမ်းနဲ့ ကုသမှုတွေ လိုအပ်နိုင်ပါတယ်။ အထူးသဖြင့် နာတာရှည် စိတ်ကျဝေဒနာ အတွက် ကိုယ်ပိုင်နည်းလမ်းတွေအစား စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူရဲ့ အကူအညီကို ယူသင့်ပါတယ်။ ဥပမာအားဖြင့် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ နှစ်သိမ့်ဆွေးနွေးသူ (Counselor) နဲ့ တွေ့ဆုံ ဆွေးနွေးတာ၊ စိတ်ပိုင်းဆိုင်ရာ ကုသပေးတဲ့ ဆရာဝန်နဲ့ စနစ်တကျ စစ်ဆေးပြီး ကုသမှု ခံယူတာတွေ ပြုလုပ်သင့်ပါတယ်။ 


စိတ်ကျရောဂါအတွက် ကုသမှုနည်းလမ်းတွေ များစွာ ရှိသလို ခံစားနေရတဲ့ စိတ်ကျဝေဒနာရဲ့ အခြေအနေ အနေအထားအရ အပြုအမူဆိုင်ရာ ကုထုံးတွေနဲ့ ကုသရတာ ရှိနိုင်သလို တခါတရံမှာ ဆေးဝါးတွေနဲ့ ကုသရတာလည်း ရှိနိုင်ပါတယ်။ စိတ်ကျရောဂါအတွက် ထိရောက်တဲ့ ဆေးဝါးများစွာ ရှိသလို ဒီဆေးတွေဟာ သက်ဆိုင်ရာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ သုံးစွဲရမှာ ဖြစ်ပါတယ်။ တချို့ကလည်း စိတ်ကျဝေဒနာ ခံစားရသူများအတွက် သီးသန့် ဖွဲ့စည်းထားတဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ အဖွဲ့ အစည်းတွေကို ဆက်သွယ်ပြီးတော့ ကုသကြတာလည်း ရှိပါတယ်။ 


စိတ်ကျရောဂါဟာ ပေါ့ဆလို့ မဖြစ်တဲ့ စိတ်ကျန်းမာရေး ပြဿနာဖြစ်ပေမယ့် ကုသဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ စိတ်ကျရောဂါကို အချိန်ကြာကြာ မဖြေရှင်းပဲ ထားမယ်ဆိုရင် အန္တရာယ်ရှိတဲ့ အခြေအနေအဖြစ်ကို ရောက်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင်ဖြစ်စေ ကိုယ့်ရဲ့ အနီးပတ်ဝန်းကျင်၊ ချစ်ခင်ရသူတွေမှာပဲ ဖြစ်စေ စိတ်ကျရောဂါကို အချိန်ကြာမြင့်စွာ ခံစားနေရတယ်၊ စိုးရိမ်ဖွယ်ရာ လက္ခဏာတွေလည်း တွေ့နေရတယ်ဆိုရင် အချိန်မှီ ဖြေရှင်းကုသဖို့လိုကြောင်း မျှဝေလိုက်ရပါတယ်။  


သင့်အနေနဲ့ စိတ်ကျဝေဒနာနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873


Categories

Other trending posts

1/32
bottom of page