top of page

လုပ်ငန်းခွင်အသစ်ရဲ့ စိတ်ဖိစီးမှုများကို ရင်ဆိုင်နိုင်စေမဲ့ နည်းလမ်းများ




အခုမှပထမဆုံး အလုပ်စလုပ်ဖူးတဲ့သူဖြစ်ဖြစ်၊ အလုပ်မကြာခဏပြောင်းဖူးသူဖြစ်ဖြစ် ဘယ်သူမဆို လုပ်ငန်းခွင်အသစ်ကို ပြောင်းကာစမှာ စိတ်ဖိစီးမှုလေးတွေ ကြုံရတတ်ပါတယ်။ ဝန်ထမ်းအသစ်ဆိုတော့ အထက်လူကြီးက စောင့်ကြည့်နေမှာဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေက အကဲခတ်နေကြမဲ့အတွက် ဖိအားတွေကို ရင်ဆိုင်ကြရမှာပါ။ 


လုပ်ငန်းခွင်အသစ်ရောက်တဲ့အခါ  စိတ်ဖိစီးမှုကိုခံစားရစေတဲ့ အဓိကအကြောင်းအရာတွေကို Call Me Today က ဖော်ပြပေးလိုက်ပါတယ်။ 


လုပ်ဖော်ကိုင်ဖက်အသစ်တွေ: ဌာနအသီးသီးက ကိုယ်နဲ့ချိတ်ဆက်ဆောင်ရွက်ရမဲ့သူတွေကို မှတ်ထားရတာ၊ ကိုယ့်ဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့ တာဝန်ခွဲရတာ၊ ညှိနှိုင်းရတာတွေက အနည်းနဲ့အများဆိုသလို စိတ်ပင်ပန်းစေပါတယ်။ 


တာဝန်ဝတ္တရားအသစ်တွေ: လုပ်ငန်းခွင်နဲ့ရာထူးပေါ်မူတည်ပြီး မိမိတာဝန်ယူရမဲ့ အပိုင်းတွေ၊ ပြီးစီးအောင်လုပ်ရမဲ့ အလုပ်တွေကို အစအဆုံးနားလည်အောင်ကြိုးစားရတာ၊ အကျွမ်းတဝင်ရှိအောင် လေ့လာရတာတွေက စိတ်ဖိစီးစေမှာ အသေအချာပါပဲ။ 


ပတ်ဝန်းကျင်အသစ် : လုပ်ငန်းခွင်သစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ အစဉ်အလာတွေက မိမိအရင်အလုပ်တွေနဲ့ မတူညီနေရင် နေသားကျအောင်ကြိုးစားရမှာဖြစ်တဲ့အတွက် ပင်ပန်းနိုင်ပါတယ်။ 


အထက်လူကြီးအသစ်: မိမိတိုက်ရိုက် အစီရင်ခံရမဲ့ အထက်လူကြီးနဲ့ ဆက်သွယ်ပြောဆိုရတာ၊ စီမံခန့်ခွဲပုံကို လေ့လာရတာ၊ အပြောအဆိုအသွားအလာတွေကို အကဲခတ်တတ်အောင် ကြိုးစားရတာတွေက အဖြစ်အများဆုံး စိတ်ဖိစီးမှုပါပဲ။ 


အချိန်ဇယားအသစ်: အလုပ်ချိန်၊ ‌အလုပ်နေရာပေါ်မူတည်ပြီး မိမိရဲ့တစ်နေ့တာအချိန်ဇယားက ပြောင်းလဲသွားပါပြီ။ ရုံးသွားဖို့ ကားစီးရတာကအစ နေ့လယ်စာစားချိန်အဆုံး အချိန်ဇယားအသစ်မှာ အံဝင်ခွင်ကျဖြစ်ဖို့ အချိန်ခဏလောက်တော့ ကြိုးစားရဦးမှာပါ။ 


အခုလို လုပ်ငန်းခွင်အသစ်ရဲ့ စိတ်ဖိစီးမှုတွေကို ယုံကြည်ချက်အပြည့်၊ တည်ငြိမ်မှုအပြည့်နဲ့ ရင်ဆိုင်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ 


(၁) မိမိကို အဓိက စိတ်ဖိစီးစေတဲ့အကြောင်းအရင်းကိုရှာဖွေပါ။ 

ပြဿနာကိုသိရမှ အဖြေထုတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ချရေးကြည့်တာ ဒါမှမဟုတ် စဉ်းစားကြည့်တာမျိုး အရင်လုပ်လိုက်ပါ။ 


(၂) ရင်ဖွင့်ပါ။ 

မိမိရဲ့မိသားစု၊ မိတ်ဆွေ၊ ချစ်သူတို့ကို ရင်ဆိုင်နေရတဲ့အခက်အခဲတွေအကြောင်းပြောပြပါ။ သူတို့က အကြံမပေးနိုင်ရင်တောင် မိမိစိတ်သက်သာရာရစေဖို့ အားပေးနှစ်သိမ့်ပေးနိုင်ပါလိမ့်မယ်။ 


(၃) စနစ်တကျ ပြင်ဆင်မှုလုပ်ပါ။ 

နောက်တစ်နေ့အလုပ်မှာ ဘာဝတ်မယ်ကအစ လုပ်စရာရှိတာတွေကို ဘယ်ဟာအရင်လုပ်မယ်၊ ဘာပြီးရင်ဘာလုပ်မယ်ဆိုတာ ကြိုတင်အစီအစဉ်ချသွားပါ။ အထူးသဖြင့် အသစ်သင်ယူရမဲ့အရာတွေကို စဉ်းစားပြီး ကြိုမှတ်ထားပါ။ 


(၄) လုပ်ဖော်ကိုင်ဖက်တွေရဲ့အကူအညီကိုရယူပါ။ 

လုပ်ငန်းခွင်ရဲ့စည်းကမ်း၊ သဘောတရား၊ အစဉ်အလာတွေကို သေချာနားလည်ဖို့ မိမိထက်အရင်ရောက်နေတဲ့လုပ်ဖော်ကိုင်ဖက်တွေကို မေးပါ။ နေ့လယ်စာအတူစားဖို့၊ Tea Time အတူဖြတ်သန်းဖို့ မိတ်ဆွေတွေဖွဲ့ထားပါ။ မိမိ သိချင်တာမှန်သမျှကို မေးမြန်းပါ။ ဆွေးနွေးပါ။ 


(၅) မေးခွန်းတွေမေးဖို့ မကြောက်ပါနဲ့။ 

မိမိကအခုမှ အသစ်ရောက်တဲ့အတွက် မသိတာ၊ မလုပ်တတ်တာ၊ နားမလည်တာတွေရှိရင် ရှက်ရွံ့နေစရာမလိုပါဘူး။ အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီမှာ မချွင်းမချန်မေးပါ။ သင်ယူပါ။ 


(၆) ပဋိပက္ခတွေကိုရှောင်ပါ။ 

လုပ်ဖော်ကိုင်ဖက်တစ်ဦးက မိမိနဲ့အမြင်မတူတာကို ထောက်ပြခဲ့ရင်၊ ဝေဖန်ခဲ့ရင် ချက်ချင်းငြင်းခုံလိုက်တာမျိုး မလုပ်ပါနဲ့ဦး။ သူပြောတာကို နားထောင်ပြီး စဉ်းစားသုံးသပ်ပါ။ ညှိနှိုင်းဆွေးနွေးပါ။ မိမိရဲ့အမူအကျင့် ၊ အပြောအဆိုတွေကို အကောင်းဘက်ကဖြစ်အောင် ပြင်ဆင်နေထိုင်ပါ။ မိမိဘက်က မှားတာရှိရင် ဝန်ခံပြီး အမှန်ကိုပြင်ဆင်ပါ။ 


(၇) မိမိရဲ့အလုပ်နေရာကို ပြင်ဆင်ပါ။ 

အထီးကျန်သလိုမခံစားရအောင် အလုပ်စားပွဲမှာ အပင်လေးတွေထားတာ၊ မိသားစုဓာတ်ပုံ၊ သူငယ်ချင်းတွေနဲ့ရိုက်ထားတဲ့ပုံလေးတွေထားတာ၊ သက်တောင့်သက်တာရှိအောင် ပြင်ဆင်တာမျိုး လုပ်ပေးပါ။ သန့်ရှင်းသပ်ရပ်နေအောင် ပြင်ဆင်ပါ။ 


(၈) ရုံးချိန်ပြင်ပမှာ ဝါသနာပါတာလုပ်ဖို့ အချိန်ပေးပါ။ 

လုပ်ငန်းခွင်က စိတ်ဖိစီးမှုတွေကို အိမ်အထိသယ်မလာပါနဲ့။ ရုံးဆင်းချိန်မှာ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အားကစားလုပ်ခြင်း အစရှိသဖြင့် ဝါသနာပါတာတစ်ခုခုလုပ်ဖို့ အချိန်ပေးလိုက်ပါ။ အခက်အခဲတွေကို ခဏမေ့ပြီး အားအင်သစ်တွေ ရလာပါလိမ့်မယ်။ 


(၉) မိမိရဲ့လုပ်နိုင်စွမ်းအားကို ဘယ်တော့မှမမေ့လိုက်ပါနဲ့။ 

ကိုယ့်ကိုယ်ကိုယ် “ငါ မလုပ်နိုင်ဘူး”၊ “ငါ အဆင်မပြေလောက်ဘူးထင်တယ်” ဆိုတဲ့ အတွေးတွေကနေရုန်းထွက်ပါ။ မိမိရဲ့စွမ်းဆောင်ရည်ကို ကိုယ်တိုင်ယုံကြည်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ကိုင်ပါ။ ဒါပေမဲ့ ဝန်ပိပြီး ပင်ပန်းလာတဲ့အထိတော့ မလုပ်ပါနဲ့။ ဖြည်းဖြည်းချင်း ကြိုးစားသွားပါ။ 


(၁၀) မိမိကိုယ်ကိုယ် ဂရုစိုက်ပါ။ 

စိတ်ဖိစီးမှုက လူတစ်ဦးရဲ့ ခန္ဓာကိုယ်ကိုရော၊ စိတ်ကိုရော ထိခိုက်စေနိုင်ပါတယ်။ လုပ်နိုင်စွမ်းအားကို ကျဆင်းစေပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်၊ အစာစားချိန်မှန်အောင် ဂရုစိုက်ပြီး တရားထိုင်ခြင်း၊ ယောဂလုပ်ခြင်း၊ ဂျာနယ်ရေးခြင်းကဲ့သို့ စိတ်အေးသက်သာစေမဲ့ အလုပ်တွေကိုလုပ်ပေးပါ။ 


လုပ်ငန်းခွင်အသစ်ဆိုတာကလည်း အချိန်ကာလတစ်ခုရောက်တဲ့အခါ နေသားကျသွားပြီး ပျော်ရွှင်တက်ကြွလာမှာမို့လို့ အစပိုင်းမှာရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံပေးကြဖို့ အကြံပြုလိုပါတယ်။ 


လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုတွေကို ရင်ဖွင့်ပြောပြစရာ၊ တိုင်ပင်စရာ မိတ်ဆွေကောင်းမရှိဘူး၊ မိသားစုနဲ့လည်း ဝေးကွာနေတယ်ဆိုရင် Call Me Today ကိုဒီလင့်ကတဆင့် ဆက်သွယ်ပြီး ရင်ဖွင့်နိုင်ကြောင်းလည်း ပြောပြချင်ပါတယ်။


☎️: 09-5131873


Comments


Categories

Other trending posts

1/15
bottom of page