top of page

ရှင်ကျန်ရစ်သူတစ်ယောက်အနေနဲ့ အပြစ်ရှိသလို ခံစားရခြင်း (Survivor's Guilt)

  • Writer: Project Coordinator
    Project Coordinator
  • 2 days ago
  • 2 min read



ဒီရက်ပိုင်း ငလျင်ရဲ့ သတင်းနဲ့ ပုံရိပ်တွေ ၊ ငလျင်ကြောင့် ဘဝဆုံးရှုံးသူတွေအကြောင်း ကြားသိရတဲ့အခါ စိတ်ခံစားချက်တွေ ပြင်းထန်ပြီး အပြစ်ရှိသလို ခံစားရသူတွေ ရှိကြမှာပါ။ ဒီလိုမျိုး ငလျင်ဘေးကို ကိုယ်တိုင် ဆိုးဆိုးရွားရွား မခံစားရသည့်တိုင်အောင် နာကျင်ကြွေကွဲမှုကို ရှင်ကျန်ရစ်သူ တစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန် ခံစားရတာကတော့ Survivor’s Guilt လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် ဖြစ်ပါတယ်။ 


Survivor’s Guilt (ရှင်သန်ရစ်သူအနေနဲ့ အပြစ်ရှိသလို ခံစားရခြင်း) ရဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ 


  • အကူအညီ ကင်းမဲ့ခြင်း 

  • အဖြစ်အပျက် များကို ပြန်မြင်ယောင်ခြင်း 

  • စိတ်မတည်ငြိမ်ခြင်း

  • စိတ်တက်ကြွမှု မရှိခြင်း 

  • စိတ်တို ဒေါသထွက်ခြင်း

  • ကိုယ့်ကိုကိုယ် နာကျင်အောင် ပြုလုပ်ခြင်း 

  • ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ကြိုးပမ်းခြင်း 


Survivor’s Guilt (ရှင်သန်ရစ်သူအနေနဲ့ အပြစ်ရှိသလို ခံစားရခြင်း) ရဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ 


  • အစာစားချင်စိတ်လျော့ကျခြင်း

  • အိပ်စက်ရ ခက်ခဲခြင်း 

  • မူးဝေ အော့အန်ခြင်း

  • နှလုံးခုန် မြန်ခြင်း 

  • ခေါင်းကိုက်ခြင်း 

  • ပင်ပန်းနွမ်းနယ်ခြင်း 


Survivor’s Guilt (ရှင်သန်ရစ်သူအနေနဲ့ အပြစ်ရှိသလို ခံစားရခြင်း)ကို သက်သာစေမယ့် နည်းလမ်းများ 


(၁) ခံစားချက်တွေကို လက်ခံပါ


ဒီလို သဘာဝဘေးကြောင့် လူအများစု ဆင်းရဲဒုက္ခဖြစ်နေချိန်မှာ ကိုယ်တိုင် ကြီးကြီးမားမား မခံစားရသည့်တိုင်အောင် ကိုယ်တိုင်လည်း ပူဆွေးသောကဖြစ်နေရတယ်၊ နာကျင်ခံစားနေရတယ်ဆိုရင် ဒါဟာ လူသားတစ်ယောက်ရဲ့ စာနာနားလည်ခြင်း ကိုဖော်ပြခြင်း ဖြစ်ပါတယ်။ ဒီလို ခံစားရတယ်ဆိုတာက အခုလို အချိန်မှာ ကြုံတွေ့ရတတ်တဲ့ အခြေအနေ တစ်ခု ဖြစ်တာကြောင့် ဒီခံစားချက်တွေကို လက်ခံဖို့ လိုပါတယ်။ 


(၂) အကောင်းဘက်ကနေ ဖြည့်တွေးပါ 


အခု ပင်ပန်းဆင်းရဲ ခံနေရသူတွေ၊ ဆုံးရှုံးနေရသူတွေနေရာမှာ သင်မပါတာက တနည်းအားဖြင့် ထိုသူတွေကို ကူညီဖို့အတွက် သင်ကိုယ်တိုင် အခွင့်အရေးရနေခြင်း ဖြစ်ပါတယ်။ အနည်းဆုံးတော့ သင့်မှာ တခြားသူတွေကို ကူညီနိုင်တဲ့ အနေအထား၊ အခွင့်အရေး ရှိနေမယ် ဆိုရင် တခြားသူတွေရဲ့ ဒုက္ခနဲ့ အခက်အခဲတွေကို ကူညီနိုင်မှာ ဖြစ်တာကြောင့် အကောင်းဘက်ကနေ တွေးပြီး စိတ်ဖြေဖျောက်ဖို့ အရေးကြီးပါတယ်။ 


(၃) ကိုယ် ထိန်းချုပ်နိုင်တဲ့အရာတွေကို ဦးစားပေးပါ 


တချို့သော အဖြစ်အပျက်တွေ အထူးသဖြင့် သဘာဝ ဘေးအန္တရာယ်တွေဟာ လူသားတွေရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိနေသလို မမျှော်လင့်ပဲ ဖြစ်ပေါ်တတ်တဲ့ သဘောရှိပါတယ်။ ဒီလိုမျိုး ကိုယ့်အနေနဲ့ မထိန်းချုပ်နိုင်တဲ့ အရာတွေအတွက် ဝမ်းနည်း ပူဆွေး စိတ်သောက ရောက်နေမယ့် အစား အခုအချိန်မှာ ကိုယ်လုပ်နိုင်မယ့်အရာ၊ နောက်တကြိမ် မဖြစ်အောင် အထိခိုက်နည်းအောင် ကြိုတင်ကာကွယ်နိုင်မယ့် အရာတွေကို ဦးစားပေးပြီး လုပ်ဆောင်သင့်ပါတယ်။ 


(၄) ရင်ဖွင့်ပြောဆိုပါ 


သင့်အနီးအနားက သင့်လိုမျိုး Survivor’s Guilt ကို ခံစားနေရသူတွေနဲ့အတူ ရင်ဖွင့်ပြောဆိုတာ၊ အပြန်အလှန် အချိန်ပေး နားထောင်ပေးပြီး အတူတူ စကားပြောပေးတာက စိတ်ခံစားချက်တွေကို အနည်းငယ် သက်သာစေမှာ ဖြစ်ပါတယ်။ ရင်ဖွင့်ပြောဆိုဖို့ အခက်အခဲရှိတယ်ဆိုရင်လည်း journaling လုပ်တာလိုမျိုး ခံစားချက်တွေကို ချရေးခြင်းကလည်း အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ 


(၅) တခြားသူတွေကို ကူညီပါ 


Survivor’s Guilt ကို ခံစားရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေဖို့ အသုံးဝင်တဲ့ နည်းလမ်းတစ်ခုကတော့ တကယ်လက်တွေ့ခံစားနေရသူတွေအတွက် တတ်စွမ်းသမျှ ကူညီပေးခြင်း ဖြစ်ပါတယ်။ ငွေအားဖြင့်သော်လည်းကောင်း၊ လူအားဖြင့်သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာ အားပေးခြင်းဖြင့်သော်လည်းကောင်း ကိုယ်တတ်နိုင်တဲ့ နည်းလမ်းနဲ့ ကူညီခြင်းက အခက်အခဲကြုံနေရသူအတွက် အားဖြစ်စေသလို ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ မွန်းကြပ်မှုနဲ့ အပြစ်ရှိသလို ခံစားရခြင်းတွေကို အထိုက်အလျောက် လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။ 


Survivor’s Guilt ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာဟာ ကြုံတွေ့ရတဲ့ အခြေအနေအရ ပြင်းထန်နိုင်သလို ရက်ရှည်ခံစားရတဲ့ အခါ နောက်ဆက်တွဲ အနေနဲ့ စိတ်ကျန်းမာရေး ဆိုးကျိုးများစွာ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေကို ကျော်လွှားဖို့ ကြိုးစားရာမှာ အခက်အခဲရှိတယ်၊ စိတ်ပိုင်းဆိုင်ရာ အကူအညီလိုတယ်ဆိုရင်  Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။


ငလျင်ဒဏ်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး တထောင့်တအား အဖြစ် Call Me Today မှ ပညာရှင်များမှ “အခမဲ့” တိုင်ပင်ဆွေးနွေးပေးမဲ့ အစီအစဉ်လေးကို 2025 ဧပြီလ တစ်လ လုံး ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းလဲ အသိပေးလိုပါတယ်။ မိမိကိုယ်တိုင်ဖြစ်‌‌စေ၊ မိမိပတ်ဝန်းကျင်မှ မိတ်ဆွေများ ဖြစ်‌စေ ငလျင်ဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားနေရတယ်ဆိုရင် Call Me Today Facebook Page Messenger က တစ်ဆင့် Free Counseling Appointment ဆက်သွယ် ရယူပေးရန် မေတ္တာရပ်ခံလိုပါတယ်။


☎️: 09-5131873

 
 

Categories

Other trending posts

1/35
bottom of page