သင့်ရောဂါအကြောင်း ချစ်ရသူတွေကို ဖွင့်ပြောတဲ့အခါ
တခါတရံ သင်ခံစားနေရတဲ့ ပြဿနာတွေကို တစုံတယောက်ကို ရင်ဖွင့်လိုက်တဲ့အခါ စိတ်ထဲပေါ့ပါးသွားတာ ကြုံဖူးမှာပါ။ သင်ကြုံနေရတဲ့ အခက်အခဲနာကျင်မှုတွေက ချစ်ခင်ရတဲ့ တစုံတယောက်ရဲ့ ဂရုစိုက်မှုတွေကြောင့် လျော့ပါးသက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလို သင့်ရဲ့ပြဿနာကို ချစ်ရသူနဲ့ မျှဝေတာဟာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် သင့်ရဲ့ ရောဂါ၊ ခံစားမှုတွေအကြောင်းကို ချစ်ရသူကို ပြောပြဖို့ လိုအပ်နေတယ်၊ ဖွင့်ပြောဖို့လည်း အခက်အခဲတွေ ရှိနေတယ်ဆိုရင် အခုပြောပြမယ့် နည်းလမ်းတွေကို အသုံးပြုကြည့်ဖို့ မျှဝေပေးချင်ပါတယ်။
(၁) အချိန်၊ နေရာ သေချာရွေးချယ်ပါ
သင့်ရောဂါရဲ့ အခြေအနေက ပြင်းထန်တယ်၊ ချစ်ရသူအတွက် လက်ခံဖို့ ခက်ခဲနိုင်တယ် ဆိုရင် ဖွင့်ပြောတဲ့အခါ အနည်းငယ် အခက်အခဲ ရှိနိုင်ပါတယ်။ အထူးသဖြင့် အေးအေးဆေးဆေးဖြစ်မယ့် နေရာ သင်တို့နှစ်ဦးအတွက် အားလပ်မယ့် အချိန်ကို ရွေးချယ်ပြီး ဖွင့်ပြောသင့်ပါတယ်။ ခရီးသွားဟန်လွှဲပြောတာမျိုးတွေ ၊ ရတဲ့ အချိန်ခဏလေးမှာ လိုတိုရှင်းပြောတာမျိုးတွေဟာ နားလည်မှုလွဲတာ၊ အချက်အလက် လက်ခံမှု မှားယွင်းတာတွေ ဖြစ်နိုင်တာကြောင့် သေချာစီစဥ်ပြီး ဖွင့်ပြောသင့်ပါတယ်။
(၂) စိုးရိမ်မလွန်စေဖို့ အထူးသတိပြုပါ
တခါတရံမှာ ကိုယ့်ရောဂါအကြောင်းကို တခြားသူကို သိစေတဲ့အခါမှာ တစ်ဘက်လူရဲ့ မိမိပေါ်မှာထားတဲ့ ချစ်ခင်စိတ်ကြောင့် အစိုးရိမ်လွန်တာတွေ၊ ဝမ်းနည်းတာတွေ၊ ဒေါသထွက်တာ၊ အပြစ်ရှိသလို ခံစားရတာတွေ ရှိနိုင်ပါတယ်။ ဒီလို တစ်ဘက်လူရဲ့ ခံစားချက်တွေဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုပါ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါတွေကို သင့်ဘက်က ကြိုတင်တွေးဆမိတယ်ဆိုရင် စကားလုံး ရွေးချယ်မှု၊ အမူအရာ စတာတွေကို သတိထားပြီး ပြောဖို့လိုသလို သင့်ရဲ့ လက်ရှိအခြေအနေကို လိုတာထက်ပိုပြီး ချဲ့ကားမပြောမိဖို့ အရေးကြီးပါတယ်။
(၃) သင်ဖြစ်စေချင်တာကို အသိပေးပါ
သင့်ရဲ့ ရောဂါအခြေအနေအရ သင့်ကို ချစ်ရသူဘက်က ဘယ်လို ကူညီပေးစေလိုတယ်၊ ဖေးမစေလိုတယ် ၊ ဒါမှမဟုတ် အကူအညီတစုံတရာ မလိုအပ်ပဲ သင်နဲ့ အတူရှိစေလိုတယ် စသဖြင့် သင်လိုချင်တဲ့အရာကို အသိ ပေးဖို့လိုပါတယ်။ အထူးသဖြင့် သင့်ချစ်ရသူကို သင့်ရောဂါအကြောင်း ဘာကြောင့်ဖွင့်ပြောရတယ်ဆိုတဲ့ အချက်ကို အလေးအနက်ထားပြီး ပြောရမှာ ဖြစ်ပါတယ်။ သင်ရောဂါအခြေအနေအရ သင့်မှာ ရှေ့လျှောက် ဘာတွေကြုံတွေ့ရနိုင်တယ်၊ ဘာတွေကြိုတင် မျှော်မှန်းထားသင့်တယ် စတာတွေကို ချစ်ရသူကို အလုံးစုံ ပြောပြဖို့ လိုအပ်ပါတယ်။
(၄) တဘက်လူရဲ့ တုန့်ပြန်မှုကို လက်ခံနိုင်ဖို့ ကြိုတင်စဥ်းစားထားပါ
သင့်ချစ်ရသူကို သင့်ရောဂါအကြောင်း မျှဝေတဲ့အခါမှာ တစ်ဘက်လူရဲ့ တုန့်ပြန်မှုက သင်ထင်ထားသလိုလည်း ဖြစ်နိုင်သလို သင်မမျှော်လင့်ထားတဲ့ တုန့်ပြန်မှုလည်း ရှိနိုင်ပါတယ်။ မည်သို့ပင် တုန့်ပြန်သည်ဖြစ်စေ သင့်ဘက်က လက်ခံနိုင်ဖို့ လိုသလို ထိုတုန့်ပြန်မှုကြောင့် စိတ်ထိခိုက်မှု တစုံတရာ မဖြစ်စေဖို့ ကြိုတင်မျှော်မှန်းထားဖို့ လိုပါတယ်။ သင့်ရောဂါရဲ့ ရှေ့ဆက်ခရီးမှာ ချစ်ရသူမပါပဲ သင်တစ်ယောက်တည်း ကျော်ဖြတ်နိုင်မှာလား၊ ချစ်ရသူရဲ့ အကူအညီ မဖြစ်မနေ လိုအပ်နိုင်မှာလား စတဲ့ အချက်တွေကိုပါ စဥ်းစားထားဖို့ လိုမှာ ဖြစ်ပါတယ်။
(၅) လိုအပ်ရင် အကူအညီယူပါ
သင့်အနေနဲ့ သင်ခံစားရတဲ့ ရောဂါဝေဒနာနဲ့ ပတ်သက်ပြီး သင့်မိသားစု၊ ချစ်ရသူတွေကို ဖွင့်ပြောဖို့ အခက်အခဲ ရှိနေတယ်၊ သင်တစ်ယောက်တည်း ဖွင့်ပြောဖို့ရာ မဖြစ်နိုင်ဘူး ဆိုရင်တော့ အကူအညီ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ သင်တို့်နှစ်ဦးကို ကြားခံအဖြစ် ဆက်သွယ်ပေးမယ့် တစုံတယောက် ဒါမှမဟုတ် သင့်ရဲ့ ရောဂါကို ဖွင့်ပြောရာမှာ လိုအပ်မယ့် အကြံဉာဏ်၊ နည်းလမ်းတွေကို ပြောပြပေးနိုင်မယ့် တစုံတယောက်ကို အကူအညီတောင်းတာဟာ သင့်ရဲ့ ပြဿနာကို ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။
ရောဂါဝေဒနာတွေကို ခံစားရတဲ့အခါမှာ တစ်ယောက်တည်း ကြိတ်မှိတ်ခံစားတာထက် ချစ်ရသူ၊ ယုံကြည်ရသူတွေနဲ့ အတူတူ မျှဝေခံစားတာဟာ ရောဂါဝေဒနာတွေကို သက်သာစေနိုင်သလို သင်အကူအညီ လိုအပ်လာတဲ့ တချိန်ချိန်မှာလည်း ချစ်ရသူတွေက အနားမှာ သင်နဲ့အတူတူ ဖြတ်သန်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ရောဂါတွေကို ချစ်ရသူတွေကို ဖွင့်ပြောဖို့ အခက်အခဲရှိနေတယ်ဆိုရင် အခုပြောခဲ့တဲ့ နည်းလမ်းတွေက ကူညီပေးနိုင်မှာ ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။
တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873