top of page

ချစ်သူစုံတွဲတွေမှာ ကြုံရလေ့ရှိတဲ့ အပြန်အလှန် မယုံကြည်မှု ပြဿနာများ



ယုံကြည်မှု (Trust) ဆိုတာ Relationship တွေမှာ မရှိမဖြစ် အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။ ချစ်သူ အချင်းချင်း အပြန်အလှန် ယုံကြည်မှု မရှိတဲ့အခါ ရေရှည်တည်တံ့တဲ့ Relationship ကို တည်ဆောက်ဖို့ရာ ခက်ခဲနိုင်ပါတယ်။ ဒီလို အချင်းချင်း မယုံကြည်ရတဲ့ အကြောင်းရင်းတွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


ချစ်သူတွေကြားမှာ သဝန်တိုတာ၊ တဖက်လူကို ယုံကြည်ဖို့ ခက်ခဲတာ၊ ကိုယ့်ရဲ့ ကိုယ်ပိုင် ခံစားချက်၊ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင် မယုံကြည်နိုင်တာ၊ ချစ်သူနဲ့ရှိနေချိန် လုံခြုံမှု မခံစားရတာတွေဟာ ဖြစ်လေ့ရှိတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။  နောက်ဆက်တွဲအနေနဲ့ ထိန်းချုပ်လွန်းတာ၊ ပိုင်ဆိုင်လိုစိတ်များတာ၊ သံသယစိတ်များတာတွေ ခံစားရနိုင်ပြီး ဒါတွေဟာ နှစ်ဦးသားရဲ့ Relationship ကို ပျက်စီးစေနိုင်ပါတယ်။ 


များသောအားဖြင့် ငယ်ရွယ်စဉ် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ၊ စိတ်ဒဏ်ရာတွေ၊ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုနဲ့ အရင်ကြုံတွေ့ခဲ့ရတဲ့ Relationship တွေရဲ့ ပြဿနာတွေ၊ ခံစားချက်တွေကြောင့် ဒီလို မယုံကြည်မှု ပြဿနာတွေ ဖြစ်လာရတာ ဖြစ်ပါတယ်။ Relationship မှာ အောက်ပါ လက္ခဏာတွေကို ကြုံတွေ့နေရတယ်ဆိုရင် သင်တို့ နှစ်ဦးကြားမှာ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ ပြဿနာ ရှိနေပြီလို့ ပြောလို့ရပါတယ်။ 


(၁) လက်တွဲဖော်က ကိုယ့်ကို နာကျင်စေမယ်လို့ ထင်နေတယ်


လက်တွဲဖော်က တချိန်မှာ ကိုယ့်ကို သစ္စာဖောက်မယ်၊ လိမ်ညာ လှည့်ဖျား နေတယ်၊ ကိုယ်မသိတဲ့ အကြောင်းရာတွေ သူ့မှာ ရှိနေတယ်၊ ဒါတွေကြောင့် တချိန်ချိန်မှာ ကိုယ်ဟာ နာကျင်ခံစားရမယ်လို့ ထင်နေတယ်ဆိုရင် လက်တွဲဖော်အပေါ်မှာ သင့်အနေနဲ့ ယုံကြည်မှု နည်းပါးတယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ 


(၂)  မယုံကြည်နိုင်တာကြောင့် မကြာခဏ ပြဿနာ ဖြစ်တယ် 


တတိယမြောက်လူနဲ့ ပတ်သက်ပြီး သဝန်တိုတယ်၊ အမြဲ ပူပန်နေရတယ်၊ စိတ်မချဖြစ်ရတယ်၊ ဒါတွေကြောင့်ပဲ ကတောက်ကဆ ဖြစ်ကြတယ်၊ စကားများကြတယ်ဆိုရင် သင်တို့ နှစ်ဦးကြားက ယုံကြည်မှုကို ပြန်လည် ဆန်းစစ်ဖို့ လိုနေပါပြီ။ 


(၃) သင့်ဆီမှာ မပြောပြနိုင်တဲ့ လျှို့ဝှက်ချက်တွေ များတယ် 


Relationship တွေမှာ ကိုယ်စီ လူသိမခံလိုတဲ့ အတွင်းရေးတွေ၊ လျှို့ဝှက်ချက်တွေ ရှိတယ်ဆိုပေမယ့် အတိုင်းအတာ တခု အထိတော့ ဖွင့်ဟထားသင့်ပါတယ်။ သင့်အနေနဲ့ သင့်ရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြရလောက်တဲ့အထိ ချစ်သူအပေါ် မယုံကြည်ဘူးဆိုရင်လည်း ဒါဟာ ပွင့်လင်းတဲ့ ဆက်နွယ်မှု မဖြစ်လာနိုင်ပါဘူး။ 


(၄) Relationship ရဲ့ အဆိုးဆုံး အခြေအနေကို မျှော်လင့်ထားတယ် 


တချိန်ချိန်မှာ လမ်းခွဲရမယ်၊ သစ္စာဖောက်ခံရမယ် ဆိုတဲ့ ခံစားချက်၊ အတွေးတွေကြောင့် နှစ်ဦးသားရဲ့ ပျော်ရွှင်မှုတွေကို အပြည့်အဝ မခံစားနိုင်တော့ဘူး၊ အကောင်းထက် အဆိုးဘက်ကို ပိုမျှော်လင့်မြင်ယောင် နေတယ်ဆိုရင် ဒါဟာ ကောင်းမွန်သာယာတဲ့ Relationship မဖြစ်လာနိုင်ပါဘူး။ 


(၅) ပြဿနာ တခုခုကြုံလာတဲ့အခါ ခွင့်မလွတ်နိုင်ဘူး 


အထင်အမြင် လွဲမှားတာပဲ ဖြစ်ဖြစ်၊ တဒင်္ဂ အမှားတခုပဲ ဖြစ်ဖြစ် ကြုံလာပြီဆိုရင် ခွင့်လွတ်ဖို့ရာ ခက်ခဲတာ၊ ပြန်လည် ညှိနှိုင်းဖို့အတွက် မကြိုးစားတာတွေဟာလည်း ချစ်သူအပေါ် မယုံကြည်နိုင်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ 


ဒီပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ဆိုရင်  ကိုယ်စီ ခံစားချက်တွေနဲ့ တချို့ အကြောင်းအရာတွေကို အတိုင်းအတာ တခုအထိ ဖွင့်လှစ် ပြသပေးဖို့ လိုသလို၊ အပြန်အလှန် နားလည်ခွင့်လွတ်ပေးတာတွေ၊ ကိုယ်ဘက်ကလည်း ယုံကြည်အောင် နေပေးတာတွေကို ပြုလုပ်ပေးဖို့ လိုပါတယ်။ ချစ်သူအပေါ် ထိန်းချုပ်ခြယ်လှယ်တာမျိုးဟာ ယုံကြည်မှု တည်ဆောက်ရာမှာ ပိုပြီး ခက်ခဲနိုင်ပါတယ်။ 


Relationship တွေမှာ ယုံကြည်မှုအတွက် အချိန်ပေးပြီး ရေရှည်တည်ဆောက်ဖို့ အရေးကြီးသလို နှစ်ဦးသားရဲ့ နားလည်မှု၊ ခွင့်လွတ်မှုနဲ့ အပြန်အလှန် သဟဇာတ ဖြစ်မှုပေါ်မှာလည်း မူတည်ပါတယ်။ Relationship မှာ ယုံကြည်မှု တည်ဆောက်ရာမှာ အခက်အခဲတွေ ရှိနေတယ်ဆိုရင်  ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးရတာလည်း ရှိနိုင်ပါတယ်။ 


သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873




Categories

Other trending posts

1/19
bottom of page