top of page

ဆေးဝါးအကူအညီ မပါပဲ အိပ်ပျော်စေမယ့် နည်းလမ်း (၅) ခု 



အခုနောက်ပိုင်းမှာ အိပ်ဆေးတွေကို အိပ်မပျော်တဲ့ အခြေအနေတွေအတွက် အလွယ်တကူ သုံးစွဲရာကနေ အိပ်ဆေးတွေကို မသောက်ရ မနေနိုင်အောင် စွဲလမ်းလာတာတွေ ရှိနေပါတယ်။ တကယ်တော့ အိပ်ဆေးတွေဟာ ရေရှည်အတွက် မသင့်တော်သလို တချို့လူတွေမှာ အိပ်ဆေး သောက်ဖို့အထိ မလိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဆေးဝါး အကူအညီ မလိုပဲ အိပ်ပျော်​စေမယ့် နည်းလမ်း (၅) ခုကို ဒီကနေ ပြောပြပေးချင်ပါတယ်။ 


(၁) ပုံမှန် အိပ်စက်ခြင်း အလေ့အထကို ပြုလုပ်ပါ 


အိပ်စက်ချိန်နဲ့ နိုးထချိန်ကို အချိန်မှန်မှန် အလေ့အကျင့် ပြုလုပ်ခြင်းဟာ ရေရှည်အတွက် ကောင်းကျိုး များစွာ ရရှိစေပါတယ်။ အထူးသဖြင့် ညအိပ်ရာ စောစောဝင်ခြင်းနဲ့  မနက် စောစောထခြင်းဟာ နေ့စဉ်အတွက် ကောင်းမွန်တဲ့ အလေ့အထ ဖြစ်သလို လုပ်ငန်းဆောင်တာတွေ ပြီးစီးဖို့ကို ကူညီပေးနိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပါတယ်။ အရေးကြီးတာတခုက လူတိုင်းဟာ တနေ့ကို အိပ်စက်ချိန် အနည်းဆုံး ၇ နာရီခန့် ရှိဖို့ လိုအပ်ပါတယ်။ 


(၂) အိပ်ရာကို စနစ်တကျ ပြင်ဆင်ပါ 


အထူးသဖြင့် ကိုယ့်ရဲ့ အိပ်ရာဟာ အပူချိန်အရလည်း သင့်တော်စွာ ရှိသင့်သလို အလင်းရောင်ကလည်း ကိုယ့်အတွက် အဆင်ပြေတဲ့ အနေအထားတခုမှာ ရှိတာဟာ အိပ်စက်ခြင်းကို ပိုမို ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် အိပ်စက်ရာ နေရာဟာ ဆူညံမှုတွေ မရှိတဲ့ နေရာ ဖြစ်ဖို့ လိုသလို အိပ်ရာကလည်း သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာ ရှိဖို့ အရေးကြီးပါတယ်။ အိပ်စက်ခြင်းကို တားဆီးနိုင်တဲ့ စူးရှတဲ့ အလင်းရောင်တွေ၊ တယ်လီဗီးရှင်းနဲ့ ဖုန်း၊ ကွန်ပြူတာက လာတဲ့ အလင်းရောင်တွေကိုလည်း ဖယ်ရှားထားဖို့ လိုပါတယ်။ 


(၃) စိတ်ဖြေလျော့အောင် လေ့ကျင့်ပါ 


အိပ်ခါနီးမှာ စိတ်ကို ဖြေလျော့စေမယ့် အသက်ရှု လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ ညှင်သာတဲ့ ကြွက်သားလေ့ကျင့်ခန်းတွေ ပြုလုပ်တာဟာ စိတ်ကို ငြိမ်သက်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါတင်မကပဲ ကိုယ် ယုံကြည်ရာ ဘာသာရေးဆိုင်ရာ အဆုံးအမတွေ နာယူတာ ၊ တီးလုံးတချို့နဲ့ သီချင်းတွေ နားထောင်တာ၊ podcast နားထောင်တာတွေကလည်း စိတ်ကို အေးဆေး တည်ငြိမ်စေဖို့ ကူညီပေးနိုင်ပါတယ်။ 


(၄) ညအိပ်ခါနီးမှာ တချို့အစားအသောက်တွေကို ကန့်သတ်ပါ 


အိပ်ရာဝင်ချိန်မှာ အစားအစာ ပမာဏ များများ စားမိတာဟာ အိပ်စက်ချိန်ကို အနှောက်အယှက် ပေးနိုင်သလို ကဖင်းပါဝင်တဲ့ အရည်တွေ သောက်တာ၊ အရက်သေစာ သောက်စားတာ၊ ဆေးလိပ်သောက်တာတွေကလည်း အိပ်စက်ခြင်းကို အနှောက်အယှက်ပေးနိုင်ပါတယ်။ အိပ်ရာဝင်ချိန်မှာ နို့ နွေးနွေးလေး သောက်တာ၊ chamomile ပါဝင်တဲ့ သဘာဝ လက်ဖက်ရည်ကို သောက်သုံး ပေးတာတွေကတော့ အိပ်စက်ခြင်းကို ပိုမို အားပေးပါတယ်။ 


(၅) အတွေးလွန်ခြင်းကို ထိန်းချုပ်ဖို့ ကြိုးစားပါ 


အိပ် မပျော် တဲ့ အကြောင်း အရင်း တွေထဲမှာ အတွေးလွန်ခြင်းကလည်း တခု အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် နေ့စဉ် လူနေမှု ပြဿနာတွေ အခက်အခဲတွေကြောင့် အတွေးလွန်ခြင်းကို ခံစားရလေ့ ရှိပြီး ဒီလို အခြေအနေမှာ အိပ်စက်ဖို့ ခက်ခဲတာ၊ ခန္ဓာကိုယ်က အနားယူနေပေမယ့် စိတ်က အတွေးတွေနဲ့ ယောက်ယက်ခက်ပြီး အလိုလို နွမ်းလျလာတာ၊ စတာတွေ ဖြစ်နိုင်ပါတယ်။ အတွေးလွန်ခြင်းကို အကောင်းဆုံး ထိန်းချုပ်နိုင်မယ့် နည်းလမ်းကတော့ ခံစားချက်တွေကို ချရေးတာ၊ Journaling လုပ်တာနဲ့၊ ကိုယ့်ရဲ့ လက်ရှိအနေအထားကို ကျေးဇူးတင်တာ စတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ 


လူတိုင်းမှာ အိပ်မပျော်ခြင်း ပြဿနာကို ကြုံတွေ့ရနိုင်ပြီး တချို့ကတော့ အခုပြောခဲ့တဲ့ နည်းလမ်း (၅) ခုနဲ့ ဖြေရှင်းနိုင် ပါတယ်။ တကယ်လို့ အိပ်စက်ရ ခက်ခဲမှုတွေကြောင့် နေ့စဉ် ထိခိုက်မှုတွေ ရှိလာတယ်၊ စိတ်ကျန်းမာရေး အကူအညီ လိုအပ်လာတယ် ဆိုရင်တော့ စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင် (Therapist) နဲ့ တိုင်ပင်ဆွေးနွေး ကုသတာ၊ နှစ်သိမ့်ဆွေးနွေးသူ (Counselor) နဲ့ စကားပြောတာတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။ 


တကယ်လို့ သင့်အနေနဲ့ အိပ်စက်ခြင်း ပြဿနာနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/32
bottom of page