top of page

နှစ်သိမ့်ဆွေးနွေးခြင်း (Counseling) ရဲ့ ပထမတွေ့ဆုံမှုကနေ မျှော်မှန်းထားရမယ့် အချက်များ



သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူဖို့အတွက်  နှစ်သိမ့်ဆွေးနွေးသူ (Counselor) နဲ့ ချိန်းဆိုထားပြီးပြီဆိုရင် ပထမဆုံး တွေ့ဆုံမှုအတွက် အနည်းငယ် စိုးရိမ်ကြောင့်ကြတတ်တာ ပုံမှန်ပါပဲ။ အကယ်၍ ဒီပထမချိန်းဆိုမှုအတွင်း သင့်ဘက်က မျှော်မှန်းထားရမယ့် အချက်တွေကို ကြိုတင်သိရှိထားမယ်ဆိုရင်တော့ နှစ်သိမ့်ဆွေးနွေးမှု ခရီးစဉ်က ပိုမိုချောမွေ့စေမှာ ဖြစ်ပါတယ်။


ပထမဆုံးအနေနဲ့ ဒီလို ပထမအကြိမ် ချိန်းဆိုမှုဟာ သင်နဲ့ နှစ်သိမ့်ဆွေးနွေးသူ (Counselor) ကြားက Relationship တစ်ခုကို တည်ဆောက်ရတဲ့ ကနဦးအစဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ အပြန်အလှန် မိတ်ဆက်တာတွေ ရှိနိုင်ပြီး ဒါဟာ နောက်ပိုင်း တွေ့ဆုံမှုတွေအတွက် လွယ်ကူစေဖို့ အစပြုတာ ဖြစ်ပါတယ်။ အလုပ်သဘောအရ ဆက်နွယ်မှုတစ်ခုကို တည်ဆောက်တာ ဖြစ်ပြီး မိတ်ဆွေ၊ သူငယ်ချင်းဖြစ်လာစေမယ့် ပတ်သက်မှုတစ်ခုတော့ မဖြစ်လာနိုင်ပါဘူး။ 


နောက်တခုကတော့ နှစ်သိမ့်ဆွေးနွေးသူဘက်ကနေ သင့်ကို လိုအပ်တဲ့ မေးခွန်းတွေ မေးမြန်းနိုင်ပါတယ်။ ဒါဟာ သင့်ကို သင့်ရဲ့ အတွင်းရေးတွေကို စပ်စုလိုတာကြောင့် မဟုတ်ပဲ သင့်ကိုကူညီဖို့အတွက် အချက်အလက်တွေကို စုဆောင်းတာ ဖြစ်ပါတယ်။ အထူးသဖြင့် သင်ဘာကြောင့် နှစ်သိမ့်ဆွေးနွေးမှု ခံယူဖြစ်တာလဲ၊ ပြဿနာကို ဖြစ်စေတဲ့ အကြောင်းအရာကို ဖြစ်စေတဲ့ အချက်တွေက ဘာလဲဆိုတာကို သိဖို့အတွက် မေးခွန်းတွေကို မေးမြန်းတာ ဖြစ်ပါတယ်။ 


နှစ်သိမ့်ဆွေးနွေးသူ မေးမြန်းတဲ့ မေးခွန်းတွေဟာ သင့်ရဲ့ နှစ်သိမ့်ဆွေးနွေးခြင်း ခရီးစဉ်အတွက် လိုအပ်တဲ့ မေးခွန်းတွေ ဖြစ်ပြီး တခါတရံမှာ သင့်ရဲ့ မိသားစုအကြောင်း၊ အလုပ်အကိုင်နဲ့ Relationship အကြောင်းတွေ ပါဝင်နိုင်ပါတယ်။ ဒါတွေကို ဖြေဆိုတဲ့အခါမှာ သင်ဖြေဆိုလိုတဲ့ အတိုင်းအတာ ပမာဏ အထိ မျှဝေနိုင်ပါတယ်။ တချို့သော သင်မဖြေဆိုလိုတဲ့ မေးခွန်းတွေကို သင့်ဘက်က ချန်ထားခဲ့နိုင်ပါတယ်။ 


ဒီလိုမျိုး သူစိမ်းတစ်ဦးကို သင့်ရဲ့ ပြဿနာနဲ့ အကြောင်းကိစ္စတွေကို ပြောပြတဲ့အခါမှာ အနည်းငယ် တွန့်ဆုတ်မှု ရှိနိုင်ပေမယ့် နှစ်သိမ့်ဆွေးနွေးသူ (counselor) ရဲ့ ကျင့်ဝတ်အရ သင့်ရဲ့ လျှို့ဝှက်ချက်တွေကို တခြားသူသိမှာကို စိုးရိမ်ဖို့ မလိုပါဘူး။ ဒါ့ကြောင့် သင့်စိတ်ထဲမှာ ရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြနိုင်တာ ဖြစ်ပါတယ်။ 


ဒါ့အပြင် ပထမ တွေ့ဆုံမှုကနေ သင်နဲ့ နှစ်သိမ့်ဆွေးနွေးသူ (counselor) ကြားမှာ သဘောတူညီမှုနဲ့ ညှိနှိုင်းမှု အချို့ ပြုလုပ်ရတာ ရှိနိုင်ပါတယ်။ နှစ်သိမ့်ဆွေးနွေးသူဘက်မှ သင့်ရဲ့ အတွင်းရေးကို ထိန်းသိမ်းပေးထားမယ်ဆိုတဲ့အကြောင်း၊ ငွေရေးကြေးရေးဆိုင်ရာ သဘောတူညီမှုတွေအကြောင်း ၊ ဆွေးနွေးမှု တစ်လျှောက် သင့်ဘက်က စိတ်ပါဝင်စားပါဝင်မယ့်အကြောင်း စသဖြင့် ဆွေးနွေးတိုင်ပင်ရတာတွေ ရှိနိုင်ပါတယ်။ 


ပထမဆုံး တွေ့ဆုံမှုမှာ သင့်ရဲ့ လက်ရှိပြဿနာအတွက် သိသာတဲ့ ရလဒ်တစ်ခု မရရှိနိုင်ပေမယ့် ရှေ့ဆက်ရမယ့် ချိန်းဆိုမှုတွေမှာ သင်တို့ နှစ်ယောက် အတူတကွ ဖြေရှင်းနိုင်မယ့် လမ်းစကို သိနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ နှစ်သိမ့်ဆွေးနွေးမှု ပြီးဆုံးချိန်မှာ သင့်ဘက်က ရရှိလိုတဲ့ ရည်မှန်းချက်ကို ပထမ တွေ့ဆုံမှုမှာ နှစ်သိမ့်ဆွေးနွေးသူနဲ့အတူ ရှာဖွေလေ့ ရှိပါတယ်။ 


ပထမအချိန်အတွင်းမှာ ဘာတွေမျှော်လင့်ထားနိုင်သလဲပြောပြပြီးပြီဆိုတော့ နှစ်သိမ့်ဆွေးနွေးခြင်းကနေ ဘာတွေတော့ မရရှိနိုင်သလဲဆိုတာကို သိချင်ရင် ဒီကနေ ဖတ်နိုင်ပါတယ်။ 


နှစ်သိမ့်ဆွေးနွေးမှုခံယူခြင်းရဲ့ ခရီးအစဖြစ်တဲ့ ပထမအကြိမ် တွေ့ဆုံမှုဟာ အရေးကြီးဆုံး အချိန်ဖြစ်သလို အများစုက ဒီချိန်းဆိုမှုအတွက် စိုးရိမ်ပူပန်လေ့ ရှိကြပါတယ်။ ဒါပေမယ့် နှစ်သိမ့်ဆွေးနွေးသူ (counselor) အနေနဲ့ သင့်ကို ဝေဖန်မှာ မဟုတ်သလို ဒီပထမတွေ့ဆုံမှုမှသည် နောက်တွေ့ဆုံမှုများမှာ သင့်ကို ကူညီပေးနိုင်ရန်အတွက်သာ ဦးတည်ဆွေးနွေးသွားမှာ ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။ 

 

နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာတဲ့အခါ Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Comments


Categories

Other trending posts

1/15
bottom of page