top of page

အိပ်မပျော် သည့် ရောဂါ အတွက် ကျွမ်းကျင်သူ အကူအညီ ယူရမည့် အချိန် 




စိတ်ပူပန်စရာ အခြေအနေ ၊ ကျန်းမာရေး ဆိုင်ရာ ပြဿနာ တခုခုကြောင့် အိပ်မပျော်ခြင်း လူတိုင်းမှာ ဖြစ်လေ့ရှိပေမယ့် အိပ်မပျော်ခြင်းက ရက်သတ္တပတ်တွေ ဆက်လာမယ်၊ လနဲ့ ချီပြီး အိပ်မရတာတွေ ဖြစ်လာမယ် ဆိုရင်တော့ ဒါက နေ့စဥ် အတွက် ထိခိုက်မှု ဖြစ်လာနိုင်သလို ခန္ဓာကိုယ်ကိုပါ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ အခုပြောပြမှာကတော့ ဒီလိုမျိုး ရေရှည် အိပ် မပျော် သည့် ရောဂါ ခံစားနေရသူတွေ အနေနဲ့ ကျွမ်းကျင်သူရဲ့ အကူအညီကို ယူဖို့ လိုအပ်လာနိုင်တဲ့ အခြေအနေတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) အချိန် ၃ လ ထက်ပိုပြီး အိပ်စက်မှု ပြဿနာတွေ ခံစားနေရခြင်း 


အိပ် မပျော် တဲ့ အကြောင်း အရင်း ဟာ လူတိုင်းမှာ ရှိကြသလို အိပ်မရခြင်းကို ကြုံရတာ ထုံးစံဆိုပေမယ့် တကယ်လို့ အိပ်မပျော်တဲ့ အခြေအနေ ဟာ ၃ လထက် ပိုပြီး ကြာလာမယ်ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။ ဒီ အချိန်အတွင်းမှာ ကိုယ့်ရဲ့ လူမှုနေထိုင်မှု ပုံစံနဲ့ အိပ်စက်ခြင်း အလေ့အထ တွေကို ပြောင်းလဲပေမယ့် အိပ်စက်ရခက်တဲ့ ပြဿနာတွေက မပြေလည်သွားပဲ ပိုဆိုးလာမယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင် နဲ့ ဆွေးနွေး တိုင်ပင်ဖို့ လိုပါတယ်။ 


(၂) အိပ်စက်ရခက်တဲ့ ပြဿနာတွေကြောင့် နေ့စဥ် ထိခိုက် ဆုံးရှုံးမှုတွေ ရှိလာခြင်း 


အိပ်မရခြင်း က တာရှည်လာတဲ့ အခါမှာ တနေ့တာမှာ လန်းဆန်းတက်ကြွမှုမရှိခြင်း၊ ထိိုင်းမှိုင်းပြီး အလုပ်ကို အာရုံမစူးစိုက်နိုင်ခြင်း၊ လူမှုရေးကိစ္စတွေမှာ ပါဝင်ဖို့ စိတ်မပါခြင်း၊ အချိန်ပြည့် အိပ်ငိုက်နေခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအချိန်မှာ အကျိုးဆက်အနေနဲ့ ကိုယ့်ရဲ့ လက်ရှိအလုပ်နဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ ထိခိုက်မှုတွေ ရှိလာတဲ့အခါ ရေရှည်မှာ ဆိုးကျိုးတွေ များစွာ ဖြစ်လာနိုင်ပါတယ်။ ဒီလို အခြေအနေမှာတော့ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ စနစ်တကျ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ 


(၃) စိတ်ဓါတ်ကျခြင်း ၊ စိုးရိမ်ပူပန်ခြင်း 


အချိန် ကြာရှည်စွာ အိပ်စက်ခြင်း မပြည့်ဝတဲ့ အခါမှာ စိတ်ကျန်းမာရေး ကိုပါ ထိခိုက်လာနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ စိုးရိမ်ပူပန်တာ၊ စိတ်ဓါတ်ကျတာ၊ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုနဲ့ အားအင်တွေ ပျောက်ဆုံးတာ၊ ရှေ့ဆက်ဖို့ ခက်ခဲတာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းတာတွေ၊ တန်ဖိုးထားမှု ကျဆင်းတာတွေ ဖြစ်လာပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေး ဖို့ လိုအပ်လာနိုင်ပါတယ်။ 


(၄) အိပ်ဆေးတွေကို မဖြစ်မနေ မှီဝဲ သုံးစွဲနေရခြင်း 


အိပ်ဆေးတွေဟာ ခဏတာ အိပ်မပျော်တဲ့ အခြေအနေမှာ ဆရာဝန် ညွှန်ကြားချက်နဲ့ သုံးစွဲနိုင်တယ် ဆိုပေမယ့် ရေရှည် သုံးစွဲမယ် ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးခံစားရတာ၊ ဆေးစွဲတာ၊ ပုံမှန် အိပ်စက်နိုင်ဖို့ အတွက် ဆေးကို မဖြစ်မနေ သောက်သုံးဖို့ လိုအပ်လာတာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေ ကို ကြုံတွေ့နေရပြီဆိုရင်တော့ သင့်ရဲ့ အိပ် မပျော် သည့် ရောဂါ ဟာ ကျွမ်းကျင်သူရဲ့ အကူအညီ လိုအပ်နေပြီ လို့ ပြောနိုင်ပါတယ်။ 


အခုပြောပြခဲ့တဲ့ အခြေအနေတွေမှာ ကျွမ်းကျင်သူနဲ့ ဆွေးနွေးတိုင်ပင် ကုသဖို့ လိုအပ်နိုင်ပြီး ဒီလို အချိန်မှာ ကြိုတင် မျှော်မှန်းထားသင့်တဲ့ အချက်တွေကို ဆက်လက်မျှဝေ ပေးချင်ပါတယ်။ ကျွမ်းကျင်သူလို့ ဆိုရာမှာ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်း ပေါ်မှာ မူတည်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကုသတဲ့ ဆေးပညာဆိုင်ရာ ပညာရှင်တွေနဲ့ တိုင်ပင် ဆွေးနွေးကြတာလည်း ရှိနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ကုသရတာလည်း ရှိနိုင်ပါတယ်။ 


များသောအားဖြင့် စိတ်ပညာ ကျွမ်းကျင်သူတွေ အနေနဲ့ လူနာရဲ့ အခြေအနေအရ သိမှုဆိုင်ရာ အပြုအမူ ကုထုံးတွေနဲ့ ကုသတာ၊ စိတ်ပိုင်းဆိုင်ရာ ဖြေလျော့စေမယ့် နည်းလမ်းတွေနဲ့ အတူတူ လေ့ကျင့်ပေးတာ၊ စိတ်ပူပန်မှုတွေ လျော့ပါးစေဖို့ နှစ်သိမ့်ဆွေးနွေးပေးတာတွေ စတဲ့ နည်းလမ်းတွေ ပြုလုပ်ခြင်းအားဖြင့် အိပ်မပျော်ခြင်း ပြဿနာတွေ ကို သက်သာအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


တကယ်လို့ သင့်အနေနဲ့ အိပ်စက်ခြင်း ပြဿနာနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873





Categories

Other trending posts

1/32
bottom of page