top of page

ဆုံးရှုံးမှုကြောင့် စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီ လိုအပ်နေကြောင်း သိနိုင်မယ့် အချက်များ 



ချစ်ခင်ရတဲ့ သူ ဒါမှမဟုတ် တန်ဖိုးထားတဲ့အရာတခုကို ဆုံးရှုံးရတဲ့ အချိန်ဟာ ဖြေဆည်မရတဲ့ ဝမ်းနည်းမှုတွေကို ခံစားရနိုင်တဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒီ ခံစားချက်တွေကို အနည်ထိုင်ဖို့ အချိန်ပေး ကုစားရမှာဖြစ်သလို တခါတရံမှာ တခြားသူတစ်ဦးရဲဲ့ အကူအညီကို လိုအပ်နိုင်ပါတယ်။  သင့်အနေနဲ့ ဆုံးရှုံးမှုတခုကြောင့် စိတ်ခံစားချက်တွေ ပြင်းထန်နေတယ်၊ ဒီခံစားချက်တွေ ဖြေလျော့ပေးနိုင်မယ့် စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း ဆန်းစစ်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ ပြောပြပေးချင်ပါတယ်။ 


(၁) ဆုံးရှုံးမှုကြောင့် အချိန်ကြာကြာ ပြင်းပြင်းထန်ထန် ခံစားနေရမယ် 


ဆုံးရှုံးမှုကနေ နောက်ဆက်တွဲအနေနဲ့ နာကျင်ဝမ်းနည်းမှုတွေကို ခံစားရတယ်ဆိုတာက ပုံမှန်ပဲဆိုပေမယ့် ဒီခံစားချက်တွေကြောင့် သင့်ရဲ့ ပုံမှန်နေ့ရက်တွေ ထိခိုက်လာပြီ ဆိုရင်တော့ သတိထားဖို့ လိုလာပါပြီ။ ဒီ ခံစားမှုတွေက လပေါင်းများစွာကြာသည့်တိုင်အောင် ကြာမြင့်လာပြီး ဒီခံစားမှုတွေကြောင့် မျှော်လင့်ချက်မဲ့လာတာ၊ အသက်ဆက်ရှင်ဖို့ အခက်အခဲဖြစ်လာတာ ၊ ကိုယ့်ရဲ့ နေ့ရက်တွေက အဓိပ္ပါယ်မဲ့လာတာ တွေကို ကြုံတွေ့နေရပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ အကူအညီတခုကို ယူဖို့ လိုအပ်နေပြီလို့ ပြောနိုင်ပါတယ်။ 


(၂) အချိန်တိုင်းလိုလို အဖြစ်အပျက်တွေကို ပြန်မြင်ယောင်နေမယ် 


ဆုံးပါးသွားသူရဲ့ အမှတ်တရတွေ ဒါမှမဟုတ် ဆုံးရှုံးခဲ့စဥ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်မြင်ယောင်နေမယ်၊ ဒီဖြစ်စဥ်တွေက သင့်ကို နေ့စဥ် ခြောက်လှန့်နေတယ်ဆိုရင်တော့ သင့်အနေနဲ့ ဒီခံစားချက်တွေကို နက်နက်ရှိုင်းရှိုင်း ခံစားနေရပြီလို့ ပြောနိုင်ပါတယ်။ ဒါဟာ ရေရှည်မှာ စိတ်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရနိုင်ပြီး သင့်ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးကိုပါ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဒီလိုအခြေအနေမှာ တစုံတယောက်ဆီကနေ စိတ်ကျန်းမာရေး အကူအညီ ယူရမှာ ဖြစ်ပါတယ်။ 


(၃) ရှေ့ဆက်ရမယ့် နေ့ရက်တွေက ဝေဝါးနေမယ် 


ဆုံးရှုံးမှုတခုကို ကြုံတွေ့ပြီးနောက်မှာ သင်ရဲ့ ပုံမှန်နေ့ရက်တွေအတိုင်း ပြန်ရဖို့ဆိုတာ အချိန်ယူဖို့ လိုပါတယ်။ ဒါပေမယ့် ဆုံးရှုံးမှုကြောင့် သင့်ရဲ့ဘဝဟာ ရှေ့ဆက်ဖို့ မလွယ်ကူဘူး၊ တစုံတယောက်ကို လက်လွှတ်လိုက်ရပြီးနောက် တစ်ယောက်တည်း ရှေ့ဆက်ရမယ့် ဘဝဟာ သင့်အတွက် စိတ်ကူးဖို့တောင် မဖြစ်နိုင်ဘူး၊ ဒီခံစားချက်ကြောင့် သင်ဟာ လမ်းပျောက်နေပြီ ဆိုရင်တော့ သင့်ကို အကူအညီပေးနိုင်မယ့် တစုံတယောက်ကို သင်ချိတ်ဆက်ဖို့ အရေးကြီးနေပြီလို့ ပြောနိုင်ပါတယ်။ 


(၄) အကျိုးအကြောင်း တစုံတရာမရှိပါပဲ ကျန်းမာရေး ချို့ယွင်းလာမယ် 


စိတ်ထောင်းတော့ကိုယ်ကြေဆိုတဲ့အတိုင်း တခါတရံမှာ သင်ကိုယ်တိုင် သတိမထားမိပေမယ့် 

စိတ်ကျန်းမာရေး ထိခိုက်မှုဟာ ခန္ဓာကိုယ်ကို တနည်းတဖုံနဲ့ သက်ရောက်နေတတ်ပါတယ်။ ဒီအချိန်မှာ ရောဂါအမည် မည်မည်ရရ မရှိပါပဲ ကျန်းမာရေး ထိခိုက်တာမျိုးတွေ ခံစားရတတ်ပါတယ်။ အထူးသဖြင့် ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ အိပ်ချိန်လျော့နည်းခြင်းကြောင့် ခေါင်းမကြည်တာတွေ ဖြစ်လာနိုင်ပြီး ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေဟာ ပိုမိုဆိုးရွားလာနိုင်ပါတယ်။  ဒီလို  ခံစားနေရမယ် တဆက်တည်းမှာလည်း ဆုံးရှုံးမှုနဲ့ ပတ်သက်တဲ့ ခံစားမှုတွေ ရှိနေမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။ 


(၅) မသင့်လျော်တဲ့ စိတ်ဖြေနည်းတွေကို အသုံးပြုဖြစ်နေတယ် 


ဝမ်းနည်းကြေကွဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို သက်သာစေနိုင်ဖို့ နည်းလမ်းတွေများစွာ ရှိတဲ့အထဲမှာ သင့်အတွက် မသင့်တော်တဲ့ နည်းလမ်းတွေကို သုံးဖြစ်နေတယ် ဆိုရင်လည်း ဒါဟာ သင့်အတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ဥပမာ - အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါးတွေကို သုံးစွဲတာ၊ ဥပဒေအရ မလွတ်ကင်းတဲ့ နည်းလမ်းများကို လုပ်တာတွေကို လုပ်ဖြစ်နေပြီဆိုရင် ရေရှည်မှာ သင့်ကို ထိခိုက်လာနိုင်သလို မလုပ်ရမနေနိုင်အောင် စွဲလမ်းလာတတ်ပါတယ်။ ဒါ့ကြောင့် အခြေအနေ မဆိုးခင်မှာ စိတ်ပိုင်းဆိုင်ရာ အကူအညီ ရယူဖို့ လိုအပ်နိုင်ပါတယ်။ 


စိတ်ပိုင်းဆိုင်ရာ အကူအညီရယူတဲ့အခါမှာ သင့်ရဲ့ ချစ်သူ၊ သူငယ်ချင်းမိတ်ဆွေ ဒါမှမဟုတ် သင့်ကို နားလည်ပေးနိုင်မယ့် သူတစ်ယောက်ယောက်ဆီမှာ ရင်ဖွင့်ပြောဆိုပြီး အကူအညီရယူနိုင်သလို တချို့ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့သာ တိုင်ပင်ဆွေးနွေးပြီး ကုသဖို့ လိုအပ်လာနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/29
bottom of page