top of page

❝ စိုးရိမ်ပူပန်တတ်ခြင်း(Anxiety) အကြောင်း သိကောင်းစရာ ❞



လက်ရှိလုပ်နေတဲ့ အလုပ်ကို ဘယ်လိုမှအာရုံမစိုက်နိုင်ပဲ ဖြစ်နေတယ်။ တကယ်လုပ်ရင် (၅)မိနစ်ပဲကြာနိုင်တဲ့ အလုပ်ကို စိတ်ထဲမှာ ကောင်းကောင်းမလုပ်နိုင်ရင် ဘာဖြစ်မလဲဆိုတာတွေးမိရင်း အချိန်တွေကုန်သွားတယ်။ နှလုံးခုန်မြန်ပြီး အသက်ရှူမြန်လာတယ်။ လက်ဖဝါး ခြေဖဝါးတွေ ချွေးစောအရမ်းပြန်ပြီး ဘာကိုသေချာမကိုင်တွယ်နိုင်ပဲ ဖြစ်လာရတယ်။ ဒီလို စိုးရိမ်ပူပန်တတ်ခြင်း (anxiety) အခြေအနေကို လူတိုင်း တချိန်ချိန် တနည်းမဟုတ်တနည်း ကြုံတွေ့ခဲ့ဖူးကြမှာ အမှန်ပါပဲ။


စိုးရိမ်ပူပန်တတ်ခြင်း (anxiety) ဆိုတာ အနာဂတ် ဒါမှမဟုတ် လက်ရှိမှာ ကြိုတင်မမြင်နိုင်တဲ့၊ မသေချာမရေရာတဲ့ အကြောင်းအရာတွေကြောင့် ပူပန်စိတ်၊ ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ စိုးရိမ်ပူပန်တတ်ခြင်းကို စိတ်ဖိစီးမှု (stress) နည်းတူ ပြင်ပ အန္တရာယ် (ဒါမှမဟုတ်) ထိတ်လန့်စရာ အခြေအနေတစ်ခုကြောင့် ခန္ဓာကိုယ်ရဲ့ အလိုလိုတုံ့ပြန့်မှုအနေနဲ့ ဖြစ်တတ်တာ ဖြစ်နေနိုင်သလို (ဥပမာ - စာမေးပွဲအတွက် လေ့လာနေတဲ့စာတွေကို နားမလည်နိုင်လို့ မဖြေနိုင်မှာစိုးရိမ်တာ )၊ ဒီလိုအခြေအနေမျိုးတွေမရှိလည်းပဲ မိမိစိတ်ကြောင့် အလိုလို စိုးရိမ်ပူပန်တတ်တဲ့စိတ် (anxious) ဖြစ်နေတတ်ပါတယ် (ဥပမာ - ဖြေထားတဲ့ စာမေးပွဲရလဒ်မကောင်းမှာ စိတ်ပူမိတာ)။


စိုးရိမ်ပူပန်တတ်ခြင်း (anxiety) နဲ့ စိတ်ဖိစီးခြင်း (stress) က တခုနဲ့တခု အမြဲဆက်စပ်နေတတ်ပြီး များသောအားဖြင့် စိတ်ဖိစီးခြင်း (stress) ကို ဆက်တိုက်ခံစားလာရတဲ့အခါမှာ အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေအတွက် စိုးရိမ်ပူပန်တဲ့ (anxiety) စိတ်အခြေအနေကို ရောက်တတ်ပါတယ်။ ဥပမာအားဖြင့် - ကိုယ်က အလုပ်လျှောက်ထားမှုများတဲ့ ကုမ္ပဏီတစ်ခုအတွက် အလုပ်အင်တာဗျူးဖြေဖို့ပြင်ဆင်ရတဲ့အခါ အလုပ်ရရမယ့်စိတ်၊ မိဘကိုပြန်လည်ထောက်ပံ့ရမယ့်စိတ်၊ ကျရှုံးမှာ ကြောက်တဲ့စိတ်တွေကြောင့် စိတ်ဖိစီးမှု (stress) ကို ခံစားရပါလိမ့်မယ်။ ဒီလိုစိတ်ဖီစီးမှုတွေကြောင့် ညတွေ အိပ်မပျော်တာ၊ အစားစားမဝင်တာ၊ အသက်ရှုမဝတာတွေ ခံစားလာရပါစေတယ်။


ဒီလိုနဲ့ စိတ်ဖိစီးမှု (stress) ကိုခံစားလာရကနေ “စိုးရိမ်ပူပန်လွန်ခြင်း” အဆင့်ကိုရောက်ရှိပြီး အနာဂတ်မှာ ဘာဆက်ဖြစ်မလဲဆိုတဲ့ “what if’s” ဆိုတဲအရာတွေကို စိတ်ထဲမှာပုံဖော်မိရင်း anxiety ကိုပါခံစားလာရတတ်ပါတယ်။ အကယ်၍ အလုပ်သာမရခဲ့ရင် ဘာဆက်လုပ်ရမလဲ။ အကယ်၍ အိမ်ကို ပိုက်ဆံမပို့ပေးနိုင်ရင် ဘာဖြစ်မလဲ။ အကယ်၍ ဝင်ငွေမရှိတော့ရင် ဘယ်လိုရပ်တည်ရမလဲ။ စသဖြင့် “အကယ်၍” ဆိုတဲ့ အနာဂတ်အတွက် အတွေးလွန်ခြင်း (overthinking) တို့ကြောင့် မိမိရဲ့နေ့စဉ်ဘဝမှာ အနှောက်အယှက်တွေဖြစ်လာတတ်ပါတယ်။


စိတ်ဖိစီးမှုအမျိုးမျိုး


တကယ်တမ်း စိတ်ဖိစီးမှုဆိုတာ ကလေးရော လူကြီးပါ မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ ခံစားကြရပါတယ်။ စိတ်ဖိစီးမှု အမျိုးမျိုးတွေမှာ - 


(၁) စိုးရိမ်ပူပန်လွန် ဝေဒနာ (Generalized Anxiety Disorder - GAD)


GAD သည် အဖြစ်အများဆုံး စိုးရိမ်ပူပန်တတ်ခြင်းဖြစ်ပြီး အသက်အရွယ်မရွေးခံစားရတတ်ပြီး အမျိုးသမီးများမှာ အမျိုးသားများထက်ပိုပြီး ခံစားရတတ်ပါတယ်။ GAD သည် အကြောင်းအရင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နေ့စဉ်ဘဝမှာ တောက်လျှောက်ပူပန်တတ်ခြင်း၊ စိတ်သောကရောက်ခြင်း၊ ကြောက်ရွဲ့ခြင်း တို့ကိုခံစားရစေပြီး နေ့စဉ်လူမှုဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို နှောင့်နှေး၊ အဟန့်အတားဖြစ်စေနိုင်ပါတယ်။


(၂) လူမှုရေးကြောင့်ဖြစ်သော စိုးရိမ်လွန် ဝေဒနာ (Social Anxiety Disorder - Social Phobia)


Social Anxiety Disorder သည် လူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ၊ လူအများရှေ့စကားပြောရတဲ့အခါ မိမိကိုယ်ကို ဆန်းစစ်လွန်ခြင်း၊ ရှက်တတ်ခြင်း နှင့် အမှားလုပ်မိမှာကိုစိုးရိမ်တတ်ခြင်းကြောင့် ခံစားရတဲ့ဝေဒနာဖြစ်ပါတယ်။ Social Anxiety Disorder ကို နာတာရှည်ခံစားရတဲ့အခါ လူတွေနဲ့ စကားပြောချင်စိတ်မရှိတာ၊ အိမ်အပြင်ကိုမထွက်တော့တာ စတဲ့ လူမှုရေးပြဿနာတွေကို ကြုံတွေ့ရစေနိုင်ပါတယ်။


(၃) အကြောက်လွန်းခြင်း ဝေဒနာ (Agoraphobia)


မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်ပူပန်လွန်းတတ်တဲ့စိတ်ကြောင့် အပြင်ထွက်ရမှာကြောက်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကားစီးရင် ကားအက်ဆီးဒင့်ဖြစ်မှာကို တွေးပူပြီး ကားမစီးတတ်တာ၊ ကားပေါ်ကိုမတက်နိုင်တာ၊ ကားတွေနဲ့ နီးရာမှာမနေတတ်တာမျိုးဖြစ်တတ်ပါတယ်။ Agoraphobia ဝေဒနာကို အပြင်းအထန်ခံစားလာတဲ့အခါမှာ အိမ်ထဲကအိမ်ပြင်ကိုမထွက်ပဲ နေတတ်တဲ့အထိ ဖြစ်တတ်ပါတယ်။


(၄) အရာတစ်ခုတည်းကို အကြောက်လွန်ခြင်း (Phobia)


 သတ်မှတ်ထားတဲ့ အရာတစ်ခုတည်းပေါ်မှာ ကြောက်ရွံစိတ် ဖြစ်တတ်ခြင်း ဖြစ်ပါတယ်။ ဥပမာ - အမြင့်ကြောက်တတ်ခြင်း၊ ခွေးကြောက်တတ်ခြင်း၊ မိုးချိန်းသံများကို ကြောက်တတ်ခြင်း။


(၅) ကလေးငယ် စကားမပြောသည့် ဝေဒနာ (Selective Mutism)


Selective Mutism သည် များသောအားဖြင့် ကလေးငယ် အရွယ်မှာ မိဘကလွဲပြီး လူတွေနဲ့ စကားမပြောရဲတာ၊ သေချာမပြုပြင်တဲ့အခါ အရွယ်ရောက်တဲ့အထိပါ ခံစားရတတ်တဲ့ စိုးရိမ်ပူပန်တတ်ခြင်း ဝေဒနာ တစ်မျိုးပဲ ဖြစ်ပါတယ်။


(၆) ကွဲကွာမှုကြောင့်ဖြစ်သော စိုးရိမ်လွန် ဝေဒနာ (Separation Anxiety Disorder - SAD)


SAD သည်လည်း ကလေးငယ်များတွင် အဖြစ်များပြီး မိဘ၊ မိသားစုနဲ့ ခွဲခွာရခြင်းကြောင့် အထီးကျန်တာ၊ လူတွေကို ကြောက်တာ၊ စကားမပြောရဲတာ၊ ငိုတာ စသဖြင့် ခံစားရစေတဲ့ anxietyတစ်မျိုးပဲ ဖြစ်ပါတယ်။


စိုးရိမ်ပူပန်တတ်ခြင်းကို ကုသခြင်း


စိုးရိမ်ပူပန်တတ်ခြင်း (anxiety) သည် နေ့စဉ်ဘဝမှာ ရှောင်လွှဲလို့မရပဲ ခံစားရသည့်အရာ ဖြစ်သည့်အလျောက် စိတ်ပူပန်မှုကိုလျော့ကျစေဖို့ မိမိရဲ့ကိုယ်နဲ့စိတ်တို့ကို ပြောင်းလဲမှုတွေပြုလုပ်ပေးခြင်းမှ တဆင့် လျော့ကျဆောင်ဆောင်ရွက်နိုင်ပါတယ်။ ဒီလို လျော့ကျစေဖို့အတွက် မိမိရဲ့နေ့စဉ်ဘဝမှာ


  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။

  • စိုးရိမ်စိတ် (anxiety)ကိုလှု့ဆော်ပေးတတ်တဲ့ ကဖီး၊ သကြား၊ အရက် အယ်ကိုဟော (alcohol) နဲ့ အသင့်စားအစားအသောက်တွေကို ရှောင်ကြဉ်ပါ။

  • တစ်ရက်ကို (၇) နာရီ မှ (၉) နာရီ ကြား အိပ်ချိန်ရှိအောင်ထားပါ။

  • တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း နဲ့ အသက်ရှူလေ့ကျင့်ခန်းတိုကို စိုးရိမ်ပူပန်စိတ်ဖြစ်တိုင်း လုပ်ပေးပါ။

  • အေးဆေးငြိမ်သက်သော အခန်း၊ ပတ်ဝန်းကျင်မှာပဲ နေပါ။

  • မိမိပြဿနာများကို နားထောင်ပေးနိုင်တဲ့ သူငယ်ချင်း၊ မိသားစုဝင် နဲ့ အတူတူမျှဝေပါ။


ဒါပေမဲ့ စိုးရိမ်ပူပန်တတ်ခြင်းကို အချိန်အတန်ကြာ ဝေဒနာတစ်ခု (disorder) အနေနဲ့ ခံစားလာရပြီဆိုရင် ကျွမ်းကျင်တဲ့ စိတ်ပညာရှင် ဆရာဝန်တို့နဲ့ သေချာတွေ့ဆုံဆွေးနွေးပြီး တိုင်ပင်သင့်ပါတယ်။ ဘယ်လိုအခါမျိုးမှာ တိုင်ပင်သင့်လဲဆိုရင် - 


(၁) အမြဲတစေ စိုးရိမ်ပူပန်ခြင်း ကြောင့် အလုပ်မှာ အာရုံမစိုက်နိုင်တော့တာ၊ မိမိရဲ့အလုပ်မှာ အဟန့်အတားတွေဖြစ်စေလာတဲ့အခါ


(၂) မိမိရဲ့ ချစ်သူ၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ မိသားစုတို့ရဲ့ ဆက်ဆံရေးအခြေအနေကိုပါ ထိခိုက်လာတာ


(၃) မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူးလို့ ခံစားမိလာတဲ့အခါ


(၅) မိမိရဲ့ စိုးရိမ်ပူပန်စိတ်ကြောင့် ကိုယ်ကျန်းမာရေးကိုပါထိခိုက်လာနိုင်တယ်လို့ စိုးရိမ်ရတဲ့အခါ


(၆) စိုးရိမ်းမှုကို လျှော့ချဖို့ အရက်သောက်ခြင်း အရက်စွဲပြဿနာကို ကြုံလာရသည့်အခါ


(၇) ပုံမှန်မဟုတ်သော အတွေးများ၊ မိမိကိုယ်ကိုယ်ထိခိုက်နာကျင်စေလိုစိတ်၊ သတ်သေလိုစိတ်များ တွေးမိလာသောအခါ


ကျွမ်းကျင်သော ပညာရှင်များနဲ့ မိမိရဲ့ စိုးရိမ်ပူပန်တတ်ခြင်း ဝေဒနာကို ကုသသင့်ပါတယ်။ စိုးရိမ်ပူပန်တတ်ခြင်းသည် အလိုလိုပျောက်ကင်းတတ်တာမျိုးမဟုတ်ပဲ အတွေးတွေကိုသေချာဂရုမစိုက်တတ်တဲ့အခါ အချိန်နဲ့အမျှ စိုးရိမ်းစိတ်တွေလွန်ကဲပြီး မိမိရဲ့ စိတ်နဲ့ခန္ဓာကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ပိုမဆိုးရွားမလာခင်မှာ သေချာဂရုစိုက်ကုသသင့်ပါတယ်။


တကယ်လို့ မိမိမှာ စိုးရိမ်ပူပန်မှု ဝေဒနာကို ခံစားနေရပြီဆိုရင် စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး  ဆွေးနွေးတိုင်ပင်ဖို့ Call Me Today က စိတ်ကျန်းမာရေး ပညာရှင်များနှင့် ဒီ လင့်ကတဆင့် အချိန်မရွေး တွေ့ဆုံဆွေးနွေးနိုင်ပါတယ်။


☎️: 09-5131873

Comments


Categories

Other trending posts

1/17
bottom of page