သင့်ကလေးရဲ့ အသက်အရွယ် အလိုက် စိတ်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ
စိတ်ကျန်းမာရေးဟာ အသက်အရွယ်မရွေး ကျားမမရွေး လူတန်းစားမရွေး ဂရုစိုက်ဖို့လိုအပ်တဲ့ အရာဖြစ်ပါတယ်။ အများအားဖြင့် ကလေးတွေရဲ့ စိတ်ခံစားချက်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လူကြီးတွေအနေနဲ့ လျစ်လျုရှုတတ်ကြသလို ဒါဟာ ကလေးတွေအတွက် အသက်အရွယ်ရလာတာနဲ့ အမျှ ပိုပိုဆိုးလာနိုင်သလို စိတ်ကျန်းမာရေးထိခိုက်မှုတွေနဲ့ နောက်ဆက်တွဲ ပြဿနာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် မိဘတစ်ယောက် အုပ်ထိန်းသူ တစ်ယောက်အနေနဲ့ ကလေးရဲ့ အသက်အရွယ်အလိုက် စိတ်ကျန်းမာရေး လိုအပ်ချက်နဲ့ ဂရုစိုက်ရန် နည်းလမ်းတွေကို သိထားဖို့ လိုပါတယ်။
ကလေးတွေဟာ စိတ်ခံစားလွယ်ကြသလို မိဘတွေရဲ့ ဂရုတစိုက်နဲ့ စနစ်တကျ ပြုစုပျိုးထောင်ခြင်းဟာ သူတို့လေးတွေရဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ တိုးတက်မှု၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပိုင်းမှာ များစွာ သက်ရောက်မှု ရှိနိုင်ပါတယ်။ အထူးသဖြင့် အချစ်ခံရမှု၊ နွေးထွေးယုယမှု၊ အကောင်းမြင်စိတ်နဲ့ ပြုစုပျိုးထောင်ခံရမှု၊ ကောင်းမွန်တဲ့ ပတ်သက်ဆက်နွယ်မှုပုံစံ စတာတွေဟာ ကလေးတွေရဲ့ စိတ်ထားကို ပိုမိုနူးညံ့စေသလို ကလေးအတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာစေမှုနဲ့ ပတ်ဝန်းကျင် နဲ့ လိုက်လျောညီထွေ ရှိမှုတွေကို ဖြစ်လာစေနိုင်ပါတယ်။
အထူးသဖြင့် မွေးဖွားခါစ ကလေးငယ်အရွယ်နဲ့ လေးဘက်ထောက်ကလေးအရွယ်မှာ ကလေးအတွက် ကြီးမားတဲ့ ဖွံ့ဖြိုးမှု အချိန်ကာလတွေဖြစ်သလို ဒီကာလမှာ မိဘရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုနဲ့ အရွယ်အလိုက် သင်ကြားပေးမှုတွေ၊ အတူတူ စကားပြောပေးတာ၊ အချိန်အတူတူ ကုန်ဆုံးပေးတာ၊ ပုံပြင်ပြောပြတာ၊ ပြုံးပြရယ်မောတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် ဒီလို အရွယ်မှာ မိဘတွေကိုယ်တိုင်ကလည်း အပြောင်းအလဲများစွာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ ရှိနိုင်သလို မိဘတွေရဲ့ စိတ်အခြေအနေက ကလေးတွေရဲ့ ခံစားချက်ကို မထိခိုက်စေဖို့ အရေးကြီးပါတယ်။
ဒီလို အရွယ်ကို ကျော်ဖြတ်ပြီးနောက် ကျောင်းစတက်တဲ့ အရွယ်၊ ကျောင်းသားလူငယ် အရွယ်ကို ရောက်လာချိန်မှာလည်း မိဘတွေဆီက ဂရုစိုက်မှုကို ပုံစံတမျိုးနဲ့ လိုအပ်လာပါတယ်။ ဒီလိုကာလမှာ ကလေးငယ်တွေဟာ ကျောင်းတက်ရတဲ့ စိတ်ဖိစီးမှု၊ လူမှုဆက်ဆံရေး ကျယ်ပြန့်လာမှုအပြင် တခြားသော စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့ရလေ့ ရှိလာနိုင်ပြီး ဒီလိုအချိန်မှာ မိဘဖြစ်သူနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောတာတွေ၊ ရင်ဖွင့်တာတွေ၊ ကျောင်းစာတွေကို အတူတူ ကူညီပြုလုပ်ပေးတာ၊ အားပေးနှစ်သိမ့်တာ စတာတွေကို လိုအပ်လာနိုင်ပါတယ်။
ဒီလို ကလေးဘဝကနေ ဆယ်ကျော်သက်ဘဝကို ကူးပြောင်းလာချိန်မှာ ကလေးတွေရဲ့ ကြီးမားတဲ့ အချိုးအကွေ့တခုဖြစ်သလို ဒီလိုကာလမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ များစွာ ခံစားရနိုင်ပါတယ်။ ဒီလို ဆယ်ကျော်သက်အရွယ်မှာ လိုတာထက်ပိုပြီး စိတ်လှုပ်ရှားတာတွေ၊ ကျောင်းစာတွေကို အာရုံစိုက်ရခက်ခဲတာတွေ၊ ပေါင်းသင်းဆက်ဆံရေး ပြဿနာတွေနဲ့ ၊ စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ ကြုံရနိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေ များစွာရှိလာနိုင်ပါတယ်။ ဒါတွေကို မိဘတွေအနေနဲ့ သိရှိသဘောပေါက်ဖို့ လိုသလို ကလေးဘက်က ဖွင့်ဟရင်ဖွင့်လာစေဖို့ ကူညီပေးရမှာ ဖြစ်ပါတယ်။
မိဘတွေအနေနဲ့ ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေဖို့ ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းတွေကတော့ …
(၁) ချစ်ခြင်းမေတ္တာကို ပြသပါ
အထူးသဖြင့် မြန်မာမိဘ အများစုက ကလေးကို ချစ်ပေမယ့် ချစ်ကြောင်း ပြသဖို့ ဝန်လေးတတ်ကြပြီး ဒါဟာ မိဘနဲ့ ကလေးကြား ဝေးကွာစေတဲ့ အချက်တခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးအပေါ် ထားရှိတဲ့ ဂရုစိုက်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ဖွင့်ဟပြောပြဖို့ ၊ ထုတ်ပြ အသိပေးဖို့အတွက် ဝန်မလေးဖို့ လိုပါတယ်။ စကားလုံးတွေနဲ့ ဖော်ပြနိုင်သလို ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်း၊ အနီးကပ် ဂရုစိုက်ခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။
(၂) အပြုသဘောဆောင်တဲ့ ပြုစုပျိုးထောင်မှုနဲ့ ထိန်းကျောင်းပါ
အထူးသဖြင့် မိဘအနေနဲ့ အပြုသဘောဆောင်တဲ့ အပြုအမူ၊ အတွေးအခေါ်ရှိတယ်၊ ကလေးကို ထိန်းကျောင်းရာမှာလည်း အပြုသဘောဆောင်တဲ့ ထိန်းကျောင်းမှု ရှိတယ်ဆိုရင် ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကလည်း အကောင်းဘက်ကို ဦးတည်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကလေးကို ချီးမြောက်မယ်၊ အလေးထားပြီး ချစ်ခင်ပေးမယ်ဆိုရင် ကလေးအနေနဲ့လည်း တခြားသူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
(၃) ကလေးနဲ့ အတူ အချိန်ကုန်ဆုံးပါ
ကလေးကို စကားပြောခွင့်ပေးတာ၊ များများနားထောင်ပေးတာ၊ ကလေးလိုအပ်တဲ့ အချိန်မှာ အတူရှိပေးတာဟာ ကလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ပြည့်စုံမှုကို ဖန်တီးပေးနိုင်မှာ ဖြစ်သလို အပြန်အလှန် ချိတ်ဆက်မိခြင်းနဲ့ ချစ်ခင်ကြင်နာမှုကို ရနိုင်တာကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုတွေကို အထိုက်အလျောက် လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
(၄) ကလေးကို အားပေးပါ ၊ ချီးကျုးဂုဏ်ပြုပါ
ကလေးရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုတာ၊ ကလေးကို ချီးကျုးပေးတာ၊ တော်ကြောင်း ပြောပေးတာတွေကို အခါခွင့်သင့်သလို ပြုလုပ်ပေးတာဟာ ကလေးရဲ့ စိတ်အားထက်သန်မှုနဲ့ စိတ်ဓါတ်တက်ကြွမှုကို ပိုအားပေးစေမှာ ဖြစ်သလို စိတ်ပိုင်းဆိုင်ရာ သန်မာစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
(၅) ပြဿနာကို အတူတကွ ဖြေရှင်းပေးပါ
ပြဿနာတွေ၊ ငြင်းခုံမှုတွေနဲ့ အမှားကျုးလွန်တာတွေ ရှိလာတဲ့အခါမှာ ကလေးကို အပြစ်တင်တာထက် နားလည်အောင် ရှင်းပြပြောဆိုတာ၊ ပြဿနာကို အတူတကွ ရင်ဆိုင်ဖြေရှင်းပေးတာ၊ လမ်းညွှန်ပြသပေးတာဟာ ကလေးရဲ့ ခံနိုင်ရည်စိတ်ဓါတ်နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရည်ကို ပိုမိုမြင့်တက်လာစေမှာ ဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်စေဖို့ ကူညီပေးနိုင်ပါတယ်။
ကလေးတွေဟာ အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေ ဖြစ်သလို သူတို့လေးတွေရဲ့ အသက်အရွယ်အလိုက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေဟာ အချိန်နဲ့အမျှ ဖြစ်တည်နေပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကလေးရဲ့ စိတ်ခံစားချက်တွေကို သိရှိနားလည်နိုင်ပြီး အရွယ်နဲ့ ကိုက်ညီတဲ့ ဂရုစိုက်ဖေးမမှုတွေကို ပေးနိုင်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာတဲ့ ကလေးတွေ ဖြစ်လာမှာ သေချာကြောင်း မျှဝေလိုက်ရပါတယ်။
တကယ်လို့ သင့်အနေနဲ့ ကလေးရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️ : 09-5131873