top of page

Counseling ယူခြင်းနဲ့ သူငယ်ချင်းထံ ရင်ဖွင့်ခြင်းက ဘာတွေကွာခြားမှု ရှိလဲ



လူတိုင်း လူတိုင်းမှာ နွေးထွေးရတဲ့ ရပ်ဝန်းလေး တစ်ခု ရှိပါတယ်။ ဒီရပ်ဝန်းလေးထဲမှာ ကိုယ်ချစ်ခင်ရတဲ့  သူငယ်ချင်း မိတ်ဆွေ ဒါမှမဟုတ် မိသားစုတွေ ရှိမယ်၊  တခါတရံ စိတ်ထဲမှာ မွန်းကြပ်လာရင် ဒီရပ်ဝန်းထဲက တစ်စုံတစ်ယောက်ကို ရင်ဖွင့်ပြီး  စိတ်သက်သာအောင် လုပ်ကြမယ်ပေါ့။ ဒါပေမယ့် တခါတရံမှာ သူငယ်ချင်းကို ရင်ဖွင့်ရုံနဲ့ မလုံလောက်တဲ့ အခြေအနေတွေ ရှိလာနိုင်ပါတယ်။ 


ဒီနေရာမှာ Counseling ဆိုတဲ့ နှစ်သိမ့်ဆွေးနွေးခြင်း အပိုင်းက အရေးပါလာပါတယ်။ နှစ်သိမ့်ဆွေးနွေးခြင်း (Counseling) ဆိုတာကတော့ တတ်ကျွမ်းနားလည်ပြီး စနစ်တကျ လေ့ကျင့်ထားတဲ့ နှစ်သိမ့်ဆွေးနွေးသူ (Counselor) ရဲ့ အကူအညီနဲ့ သင့်ရဲ့ ခံစားချက်တွေကို ဖြေလျော့အောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် နှစ်သိမ့်ဆွေးနွေးခြင်း (counseling) နဲ့ သူငယ်ချင်းကို ရင်ဖွင့်ခြင်းရဲ့ ကွာခြားမှု ကို ပြောပြပေးချင်ပါတယ်။ 


(၁) အကြံဉာဏ်ပေးခြင်း


သူငယ်ချင်းကို ရင်ဖွင့် စကားပြောဆိုတဲ့အခါမှာ သူ့အနေနဲ့ သင့်အတွက် လိုအပ်တဲ့ အကူအညီ၊ အကြံဉာဏ်ကို ပေးကောင်း ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အနေနဲ့ သင့်ရဲ့ ခံစားချက်ကို နားထောင်ပေးရုံပဲ လိုအပ်တယ်၊ သင့် ခံစားမှုရဲ့ အကြောင်းရင်းကို ရှာဖွေဖို့ လိုအပ်နေတယ်ဆိုရင်တော့ နှစ်သိမ့်ဆွေးနွေးသူ (Counselor)  က သင့်အတွက် ပိုပြီး သင့်တော်မှာပါ။ နှစ်သိမ့်ဆွေးနွေးသူ (Counselor) ဟာ သင့်အတွက် အကြံဉာဏ်ပေးမှာ မဟုတ်ပဲ သင့်ရဲ့ ခံစားချက်တွေကို နားထောင်ပေးမယ်၊ သင်နဲ့အတူ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေ ဖော်ထုတ်ပေးဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


(၂) ဝေဖန်မှု 


သင့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းအနေနဲ့ သင့်အကြောင်း သိထားပြီးသူ၊ သင့်နဲ့ အတိုင်းအတာတစ်ခုအထိ ရင်းနှီးထားတာ ဖြစ်လို့ သင့်ကို နားလည်ပေးနိုင်မှာ ဖြစ်သလို တစ်ဖက်မှာလည်း အကဲဖြတ်ဝေဖန်တာတွေ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ဒါတွေက ချစ်ခင်မှုအရ ပြောဆိုတဲ့ အရာဆိုပေမယ့် တခါတရံမှာ သင့်အတွက် စိတ်ကသိကအောက် ဖြစ်နိုင်ပါတယ်။ နှစ်သိမ့်ဆွေးနွေးသူ (Counselor) ကတော့ သင့်အပေါ်မှာ အကဲဖြတ်တာတွေ၊ ဝေဖန်တာတွေ ၊ ခေါင်းစဉ်တပ်တာတွေ ပြုလုပ်မှာ မဟုတ်ပဲ သင့်ရဲ့ လက်ရှိအနေအထားနဲ့ ခံစားမှုတွေကိုပဲ အာရုံစိုက်ထားမှာ ဖြစ်ပါတယ်။ 


(၃) အပြည့်အဝ နားထောင်ပေးနိုင်မှု 


နှစ်သိမ့်ဆွေးနွေးသူ (Counselor) အနေနဲ့ သူ့ရဲ့ တာဝန်က သင့်အကြောင်းကို အပြည့်အဝ နားထောင်ပေးဖို့ပါပဲ။ ဒါ့ကြောင့် သူတို့တွေဟာ သင်ရင်ဖွင့်တာကို အနှောက်အယှက်ကင်းကင်းနဲ့ အစအဆုံး နားထောင်ဖို့ အဆင်သင့်ဖြစ်နေတတ်ပါတယ်။ သင့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းနဲ့ မိသားစုတွေမှာတော့ သူတို့ရဲ့ ကိုယ်ပိုင်ဘဝ၊ နေ့စဉ် ကိစ္စတွေနဲ့ တချို့ ပြဿနာတွေ ရှိနေနိုင်တာကို သင့်ဘက်က နားလည်ပေးထားရမှာ ဖြစ်ပါတယ်။ 


(၄) လျှို့ဝှက်ချက် ထိန်းသိမ်းပေးနိုင်မှု 


နှစ်သိမ့်ဆွေးနွေးသူ (Counselor) တစ်ဦးဟာ အရေးပေါ်အခြေအနေမှအပ သင့်ရဲ့ အတွင်းရေး လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပိုင်ဖွင့် မရှိပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့ လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်သလို သင့်ရဲ့ အတွင်းရေး ပေါက်ကြားမှာကို စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမယ့် သင့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းအနေနဲ့ သင့်ရဲ့ လျှို့ဝှက်ချက်ကို အမြဲထိန်းထားပေးနိုင်ဖို့ဆိုတာကတော့  ရာနှုန်းပြည့် မဖြစ်နိုင်ပါဘူး။ 


(၅) ကျွမ်းကျင်မှု 


တခါတရံ ကျွန်မတို့ ကြုံတွေ့ရတဲ့ အခြေအနေတွေဟာ ပုံမှန်ပြဿနာတွေထက် ပိုခက်ခဲနက်နဲတာတွေ ရှိပါတယ်။ ဥပမာ- စိတ်ဓါတ်ကျတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ဒဏ်ရာရတာ၊ ဆေးစွဲတာ စတဲ့ အခြေအနေတွေမှာတော့ ကျွမ်းကျင်တဲ့ ပညာရှင်ရဲ့ အကူအညီ လိုနိုင်ပါတယ်။ နှစ်သိမ့်ဆွေးနွေးသူ (Counselor) တစ်ယောက်ဟာ စာတွေ့၊ လက်တွေ့အားဖြင့် ကျွမ်းကျင်မှုရှိအောင် သင်ယူလေ့လာနေရသူ ဖြစ်တာကြောင့် တချို့လေးလံတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကတော့ သင့်ရဲ့ ရပ်ဝန်းမှာတင် မပြေလည်နိုင်တဲ့အခါ နှစ်သိမ့်ဆွေးနွေးသူ (Counselor) ရဲ့ အကူအညီကို ယူသင့်ပါတယ်။ 


သင့်ခံစားချက်ကို ရင်ဖွင့်လိုတဲ့ အချိန်မှာ နားထောင်ပေးမယ့် သူငယ်ချင်းရှိတာဟာ သင့်အတွက် ဆုလာဘ်တစ်ခုပါပဲ။ ဒါပေမယ့် တချို့သော ခံစားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ ကျွမ်းကျင်သူရဲ့ အကူအညီလိုနိုင်သလို သင့်အတွက် စစ်မှန်တဲ့ အမြင်၊ အကဲဖြတ်မှုမပါဝင်တဲ့ ဆွေးနွေးမှု လိုနိုင်မှာ ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။ 


☎️: 09-5131873


Comments


Categories

Other trending posts

1/17
bottom of page