top of page

သင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါရှိကြောင်း သိရချိန် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ရင်ဆိုင်နည်း 




ကျန်းမာခြင်းဆိုတာ လူတိုင်းလိုလားတောင့်တကြတဲ့ အရာဆိုပေမယ့် တခါတရံမှာ မထင်မှတ်ထားတဲ့ ရောဂါတွေကို ကြုံတွေ့ရတာလည်း ရှိပါတယ်။ အထူးသဖြင့် ကိုယ်ခံစားနေရတဲ့ ရောဂါဟာ အသက်အန္တရာယ်ကို ထိခိုက်စေတယ်၊ အသက်သေဆုံးတဲ့အထိ ဆိုးရွားနိုင်တယ်လို့ သိလိုက်ရတဲ့ အချိန်မှာတော့ နောက်ဆက်တွဲ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ များစွာ ခံစားရနိုင်ပါတယ်။ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ လက်မခံနိုင်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ စိတ်ဓါတ်ကျခြင်းတွေ ဖြစ်နိုင်တာကြောင့် ဒီခံစားချက်တွေကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) ကုသမှုမှာ ပူးပေါင်းပါဝင်ပါ


သင့်ရဲ့ ရောဂါကို ကုသဖို့အတွက် ကျွမ်းကျင်ပညာရှင်လိုအပ်သလို သင်ကိုယ်တိုင်ကလည်း ပူးပေါင်းပါဝင်ပြီး ကုသဖို့ အရေးကြီးပါတယ်။ အများစုက ရောဂါကို ရှာဖွေတွေ့ရှိချိန်မှာ စိုးရိမ်စိတ်၊ ကြောက်လန့်အားငယ်စိတ်တွေကြောင့် ကုသမှုတွေကို ဆက်လက်ပြုလုပ်ဖို့အတွက် တွန့်ဆုတ်လေ့ရှိကြပါတယ်။ ဒီအချိန်မှာ ရောဂါလက္ခဏာတွေ ပိုဆိုးလာနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ပိုမိုဆိုးလာတတ်ပါတယ်။ တကယ်တော့ ကုသမှုတွေ လုပ်နေသရွေ့ မျှော်လင့်ချက် ရှိနေသေးသလို ဒါဟာ သင့်ရဲ့ စိတ်ခံစားချက်တွေကို အထိုက်အလျောက် သက်သာစေမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ 

 

(၂) တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင် ဆွေးနွေးပါ 


ရောဂါအတွက် ဆောင်ရန် ရှောင်ရန် အချက်တွေ၊ သင်ရောဂါနဲ့ ပတ်သက်တဲ့ တိုးတက်မှု ၊ ပြောင်းလဲမှုတွေနဲ့ ရှေ့ဆက်ရမယ့် နေ့ရက်တွေနဲ့ ပတ်သက်ပြီး တတ်ကျွမ်းနားလည်သူကို မေးမြန်းသင့်ပါတယ်။ သင်သိလိုတဲ့ အရာတွေအတွက် တစ်ဦးတည်း ခံစားပြီး စိုးရိမ်ပူပန်နေတာထက် တခြားသူတစ်ဦး အထူးသဖြင့် သင့်ရောဂါကို အပြည့်အဝ နားလည်ထားသူတစ်ဦးကို ရင်ဖွင့်သင့်ပါတယ်။ ဒါဟာ ရောဂါကို အပြီးတိုင် မပျောက်သည့်တိုင်အောင် ရောဂါကို ထိန်းချုပ်ကုသရာမှာ ကူညီပေးနိုင်သလို နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကိုလည်း အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ 


(၃) ချစ်ရသူနဲ့ အချိန်ကုန်ဆုံးပါ 


အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုကို လက်ရှိကြုံတွေ့နေရတဲ့ အနေအထားတစ်ခုဟာ လူတိုင်းအတွက် ခက်ခဲတဲ့ အရာတခု ဖြစ်ပါတယ်​။ ဒီလိုအချိန်မှာ လိုအပ်တာကတော့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေပါပဲ။ အထူးသဖြင့် ကိုယ်ချစ်ခင်ရသူတွေ ၊ ကိုယ့်ရဲ့ မိသားစုဝင်တွေ၊  ကိုယ့်အတွက် အရေးပါသူတွေနဲ့ အတူတူ အချိန်ကုန်ဆုံးတာဟာ နာကျင်မှု ဝေဒနာတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေဖို့ အကောင်းဆုံး ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


(၄) စိတ်တည်ငြိမ်အောင် လေ့ကျင့်ပါ 


စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ် ကျန်းမာရေးဟာ ဆက်စပ်နေတာကြောင့် ဒီလို သေလုမြောပါး ရောဂါခံစားရချိန်မှာ စိတ်မတည်ငြိမ်မှုအပါအဝင် စိတ်ပိုင်းဆိုင်ရာ အခြေအနေ ဆိုးရွားမှုတွေကို ကြုံတွေ့ရတာဟာ ဖြစ်လေ့ရှိတဲ့ သဘောတရား တခုပါပဲ။ ဒါတွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ ဆိုရင် စိတ်ကို တည်ငြိမ်အောင် အမြဲ လေ့ကျင့်နေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် တရားထိုင်တာ၊ ဆုတောင်းတာ၊ ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုကို စိတ်နှစ်ထားတာ၊ Journal ရေးတာ စတာတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေကို အားကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ 


(၅) စိတ်ပိုင်းဆိုင်ရာ အကူအညီရယူပါ 


ခန္ဓာကိုယ် ရောဂါဝေဒနာတွေကြောင့် စိတ်ခံစားချက်တွေ ပြင်းထန်နေတယ်၊ ဒါတွေကို ကိုယ်တိုင်ထိန်းချုပ်ဖို့အတွက် မလွယ်ကူဘူး၊ အကူအညီလိုတယ် ဆိုရင်လည်း မတွန့်ဆုတ်ပဲ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီ ယူသင့်ပါတယ်။ ဥပမာ - စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တဦးဦးနဲ့ ဆွေးနွေးစကားပြောတာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်တဲ့ တစ်စုံတစ်ယောက်နဲ့ အတူတူ ရင်ဖွင့်ပြောဆိုတာတွေဟာ စိတ်ခံစားချက်တွေကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။ 


ရောဂါဝေဒနာတွေကို တွန်းလှန်ကျော်လွှားရာမှာ စိတ်ဓါတ်ကြံ့ခိုင်သန်မာမှုဟာ အဓိကကျသလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေမယ်ဆိုရင်တော့ ရောဂါကို ထိန်းချုပ်ကုသရာမှာ ပိုမိုခက်ခဲနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို သက်သာလျော့ပါးစေမယ့် နည်းလမ်းတွေကို မျှဝေးပေးလိုက်ရပါတယ်။


တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/28
bottom of page