top of page

လူမှုပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို မိခင်တွေ ရင်ဆိုင်တွန်းလှန်နိုင်မယ့် နည်းလမ်းများ 



မိခင်တွေဟာ ရင်သွေးလေးစရှိတဲ့ ကိုယ်ဝန်ဆောင်ချိန်ကစလို့ မွေးဖွားချိန် ကလေးပြုစုပျိုးထောင်တဲ့အချိန် ကာလ တစ်လျှောက်လုံးမှာ စိတ်ပင်ပန်းမှုတွေ ရှိကြပါတယ်။ ဒီ စိတ်ပင်ပန်းမှုတွေဟာ ကလေးပြုစုပျိုးထောင်တဲ့ပင်ပန်းမှုကြောင့် ဖြစ်နိုင်သလိုပဲ အချို့သော မိခင်များဟာ ပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်ချက်တွေနဲ့ ဖိအားတွေကြားထဲမှာ လှောင်ပိတ်မွန်းကြပ် နေရပါတယ်။ ဒီဖိအားတွေကို ရင်ဆိုင်တွန်းလှန်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ ပြောပြပေးချင်ပါတယ်။ 


(၁) ကိုယ်တိုင်လေ့လာပါ 


မိခင်တစ်ယောက်ဖြစ်လာတဲ့အခါမှာ ကလေးကို ပြုစုပျိုးထောင်ဖို့အတွက် ဗဟုသုတတွေ ပိုလိုအပ်လာသလို သင်ယူရမယ့် အပိုင်းတွေလည်း များစွာ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် ပထမဆုံးအကြိမ် မိခင်ဖြစ်သူတွေအနေနဲ့ မကျွမ်းကျင် မသိနားမလည်တဲ့အခါ  ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေကို ပိုခံရလေ့ရှိပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်က ပြောတာတွေကိုလည်း မှတ်သား သင်ယူသင့်သလို ကိုယ်တိုင်လည်း မှတ်သား လေ့လာထားသင့်ပါတယ်။ 


(၂) ကိုယ်ပိုင်စံသတ်မှတ်ချက်ထားပါ 


လူတိုင်းမှာ ကွဲပြားတဲ့ ကိုယ်စီဆန္ဒတွေနဲ့ စံသတ်မှတ်ချက်တွေ ရှိကြပြီးသားပါ။ တခါတရံမှာ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေနဲ့ စံသတ်မှတ်ချက်တွေဟာ ကိုယ်ပိုင်စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့အခါမှာ မိခင်တွေအတွက် စိတ်ပင်ပန်းမှုတွေ ဖြစ်နိုင်ပါတယ်။ ကလေးအတွက် အကောင်းဆုံးဖြစ်စေချင်တာ မိခင်တိုင်းရဲ့ ဆန္ဒဆိုပေမယ့် လူတိုင်းမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်လုပ်နိုင်စွမ်းတွေ ရှိပါတယ်။ ဒါ့ကြောင့် ကိုယ်ပိုင်စံသတ်မှတ်ချက်ကိုပဲ အလေးထားပြီး မိသားစုနဲ့ ကိုယ်တိုင်အတွက် အကောင်းဆုံးဖန်တီးပေးဖို့သာ အဓိကဖြစ်ပါတယ်။ 


(၃) စိတ်ပင်ပန်းလာရင် အနားယူပါ 


မိခင်တွေဟာ အိမ်ထောင့်တာဝန်၊ သားသမီးတာဝန်အပြင် တချို့မှာ ငွေကြေးတာဝန်ကိုပါ တာဝန်ယူထားရတာ ရှိပါတယ်။ ဒီလို တာဝန်တွေကို ထမ်းထားရတဲ့အပြင် တခြားသောဖိအားတွေလည်း ရှိနေတဲ့ မိခင်ဘဝဟာ တခဏတာ မဟုတ်ပဲ ခရီးရှည်ဖြစ်တာကြောင့် လုံလောက်တဲ့ အနားယူမှု လိုပါတယ်။ ဒါ့ကြောင့် စိတ်ပင်ပန်းလာပြီဆိုရင် အနားယူတာ၊ ကိုယ့်ဝါသနာပါရာအတွက် အချိန်ပေးတာမျိုး၊ ကိုယ်ပိုင်အချိန်ယူတာမျိုး လုပ်ပေးဖို့ အရေးကြီးပါတယ်။ 


(၄) အကူအညီ ရယူပါ 


ကလေးကို ကူညီထိန်းပေးဖို့ပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကြောင့် အကူအညီ တစုံတခု လိုရင်ပဲ ဖြစ်ဖြစ် မိခင်တွေအနေနဲ့ လုံလောက်တဲ့ အကူအညီကို ယူဖို့ လိုပါတယ်။ အထူးသဖြင့် ဆွေမျိုး၊ မိဘ၊ ဒါမှမဟုတ် လက်တွဲဖော်ရဲ့ အကူအညီ၊ ဖေးမမှုတွေဟာ မိခင်တွေအတွက် အားဖြစ်စေသလို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကောင်းလည်း ဖြစ်ပါတယ်။ တချို့သော အမျိုးသမီးတွေမှာ ဒီလို အထောက်အပံ့ကောင်းတွေ မရှိခဲ့ရင်လည်း စိတ်ချယုံကြည်ရသူ တစုံတယောက်ဆီက အကူအညီ တောင်းခံသင့်ပါတယ်။ အဓိကကတော့ အကူအညီယူဖို့ ရှက်စရာ မလိုပါဘူး၊ မိခင်တိုင်းဟာ အကူအညီ ယူပိုင်ခွင့် ရှိပါတယ်။ 


(၅) ရင်ဖွင့်ပြောဆိုပါ 


မွန်းကြပ်မှုတွေ၊ စိတ်ဒဏ်ရာတွေ မကျေနပ်မှုတွေ များလာပြီဆိုရင် ရင်ဖွင့်ပြောဆိုဖို့ တစုံတယောက်ကို လိုအပ်လာလေ့ ရှိပါတယ်။ အထူးသဖြင့် မိခင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေနဲ့ ဖိအားတွေကြောင့် မကြာခဏဆိုသလို ရင်ဖွင့်ဖော်လိုအပ်နိုင်ပါတယ်။ ဒါဟာ ယုံကြည်ရတဲ့သူတဦး ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်နိုင်သလို ကိုယ့်ကို နားလည်ပေးနိုင်တဲ့ ဘဝတူ မိခင်တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ 


မိခင်တစ်ယောက်မှာ ဖိအားတွေ အလွန်များလာပြီး စိတ်ထိခိုက်လာပြီဆိုရင် ကိုယ်တိုင်အတွက်ရော ကလေးအတွက်ပါ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်ရဲ့ ဖိအားတွေများလာပြီဆိုရင် ခံစားချက်တွေကို အလေးထား ဖြေရှင်းဖို့ လိုအပ်သလို လောက်တဲ့ အနားယူမှုလည်း ရှိဖို့ အရေးကြီးပါတယ်။


တကယ်လို့ မိခင်တစ်ယောက်အနေနဲ့ သင်နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873



 





Categories

Other trending posts

1/30
bottom of page