ဆယ်ကျော်သက်အရွယ် သားသမီးတွေနဲ့ မိဘတွေကြား နားလည်မှုရစေမယ့် နည်းလမ်းများ
ဆယ်ကျော်သက်အရွယ်ဟာ ကလေးဘဝကနေ လူကြီးအဖြစ်ကို ကူးပြောင်းဖို့အတွက် စတင်ချိန်ကာလဖြစ်လို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများစွာကို ရင်ဆိုင်နေရတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒီလိုအရွယ်ကလေးတွေဟာ မိဘတွေနဲ့ မကြာခဏဆိုသလို စိတ်အခန့်မသင့်မှုတွေ ၊ သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်တတ်ကြတာ သဘာဝပါပဲ။ မိဘတွေအနေနဲ့လည်း ဒီလိုအချိန်မှာ သားသမီးကို ထိန်းကျောင်းရာမှာ အခက်အခဲများစွာ ကြုံတွေ့ရလေ့ရှိတာကြောင့် အဆင်ပြေချောမွေ့စေမယ့် နည်းလမ်းလေးတွေကို ဒီကနေ မျှဝေပေးပါမယ်။
(၁) ပဋိပက္ခ တွေကို မရှောင်တိမ်းပါနဲ့
ဆယ်ကျော်သက်ကလေးတွေနဲ့ လူကြီးမိဘတွေကြားမှာ ပဋိပက္ခတွေ ကြုံရတာဟာ မိသားစုအများစုမှာ ဖြစ်နေကျ ပုံမှန် အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီလို အရွယ်မှာ ကလေးတွေဟာ ကိုယ့်ကိုကိုယ် အားကိုးချင်လာကြသလို ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိလာတတ်ကြပါတယ်။ ဒီအချိန်မှာ အနည်းနဲ့အများဆိုသလို လူကြီးမိဘတွေနဲ့ သဟဇာတ မဖြစ်တော့တာတွေ အရင်လို တသွေမသိမ်း နာခံမှုတွေ လျော့နည်းလာတတ်ပြီး ဒါဟာ ပဋိပက္ခတွေရဲ့ အဓိကရင်းမြစ်ပဲ ဖြစ်ပါတယ်။ ဒါကို မိဘတွေ အနေနဲ့ ကြိုတင်မျှော်မှန်းထားဖို့ လိုသလို ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။
(၂) စည်းမျဥ်းတချို့ သတ်မှတ်ပေးပါ
မိဘတွေ အနေနဲ့ ဆယ်ကျော်သက် ကလေးတွေကို အသေးအမွှားအရာတွေအထိ ထိန်းကျောင်းပေးဖို့ မလိုတော့ပေမယ့် အထိန်းအကွပ်မဲ့ မဖြစ်စေဖို့ စည်းကမ်းတချို့ကို စနစ်တကျ ချမှတ်ပေးဖို့လိုပါတယ်။ တင်းကြပ်တဲ့ စည်းကမ်းတွေအစား လိုက်လျောညီထွေ ဖြစ်နိုင်မယ့် စည်းကမ်းတွေကို သတ်မှတ်ပေးသင့်ပါတယ်။ ဥပမာအားဖြင့် အပြင်မသွားရဘူးဆိုတာထက် အပြင်ကိုသွားရင် ဘယ်အချိန်နောက်ဆုံးထားပြီး ပြန်လာရမယ်၊ တစ်နေ့ကို ဘယ်နာရီ ကျောင်းစာအတွက် အချိန်ပေးရမယ် စသဖြင့် စည်းကမ်းတချို့ကို သတ်မှတ်ပေးပြီး ညှင်သာစွာ ထိန်းကျောင်းဖို့ လိုပါတယ်။
(၃) သူတို့လေးတွေရဲ့ အမြင်ကို လေးစားလက်ခံပါ
ကလေးတွေ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ အသက်အရွယ် အလိုက်၊ လေ့လာမှု နဲ့ ရင့်ကျက်မှုအလိုက် တမူခြားနားတဲ့ အမြင်တွေ ရှိနေတတ်ပါတယ်။ ဒါတွေကို ကလေးတွေဘက်က ထုတ်ဖော်ပြောပြလာတဲ့အခါမှာ လူကြီးတွေအနေနဲ့ နားလည်လက်ခံပြီး လေးစားတတ်ဖို့ အရေးကြီးပါတယ်။ ဒါဟာ ကလေးတွေအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုမြင့်တက်စေမှာ ဖြစ်သလို သူတို့ရဲ့ ခံစားချက် ၊ ထင်မြင်ချက်နဲ့ အယူအဆတွေကို ထုတ်ဖော်နိုင်စွမ်း ပိုအားကောင်းလာမှာ ဖြစ်တဲ့အပြင် မိဘနဲ့ သားသမီးကြားမှာလည်း ရင်းနှီးမှု ပိုမိုတိုးလာမှာ ဖြစ်ပါတယ်။
(၄) အတူတူ အချိန် ကုန်ဆုံးပေးပါ
များသောအားဖြင့် ဒီလိုအရွယ်မှာ ကလေးတွေဟာ မိဘတွေနဲ့ အလိုလို ဝေးကွာတတ်လာတာကြောင့် အချင်းချင်းကြား နားလည်မှုလွဲတာတွေ ပိုဖြစ်တတ်ပါတယ်။ ကလေးတွေရဲ့ စိတ်ထဲမှာလည်း အရင်နဲ့ မတူတဲ့ ခံစားချက်တွေ ဖြစ်တတ်ပြီး မိဘအပေါ်မှာ အထင်မြင်လွဲတာတွေ ဂရုစိုက်ချစ်ခင်မှုကို လိုလားတောင့်တတာတွေ ခံစားရလေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီလိုအရွယ်မှာ ငယ်စဥ်ကလိုပဲ အတူတူ အချိန်ပေးတာ၊ နားထောင်ပေးတာ၊ စကားပြောပေးတာတွေ လုပ်ပေးသင့်ပါတယ်။ ဒါဟာ မိဘနဲ့ ဆယ်ကျော်သက် ကလေးတွေကြားမှာ အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။
(၅) ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးပါ
ဆယ်ကျော်သက်အရွယ်မှာ တချို့သော ကိစ္စအသေးအဖွဲတွေနဲ့ ကိုယ်ပိုင် လုပ်ငန်းဆောင်တာတွေကို ကိုယ်ပိုင် အသိဉာဏ်နဲ့ စဥ်းစားပိုင်းဖြတ်နိုင်ပြီ ဖြစ်တာကြောင့် တခါတရံမှာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ပြီး ပြုမူလိုကြပါတယ်။ ဒီလို အချိန်မှာ မိဘတွေအနေနဲ့ အစစအရာရာ အသေးစိတ်ကိစ္စတွေအထိ ဝင်ပြီး ဆုံးဖြတ်ပေးတာတွေ၊ ကလေးတွေကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် မပေးတာတွေဟာ ကလေးတွေရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုကို ကျဆင်းစေနိုင်သလို မိဘ အပေါ်မှာ အထင်အမြင် လွဲမှားတာတွေ ဖြစ်နိုင်ပါတယ်။
ဆယ်ကျော်သက်ကလေးငယ်တွေဟာ အရာရာကို စူးစမ်းလေ့လာလေ့ရှိကြသလို ကိုယ်ပိုင် ခံစားချက်၊ အတွေးအခေါ်နဲ့ အမြင်တွေဟာ စတင်ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မိဘတွေအနေနဲ့ အလွန်အမင်း တင်းကြပ်တာမျိုး မပြုလုပ်ပဲ လိုအပ်သလို လမ်းကြောင်းတည့်မတ်ပေးပြီး ကူညီရမှာ ဖြစ်သလို စိတ်ခံစားချက်တွေကို နားလည်ပေးဖို့ အရေးကြီးကြောင်း မျှဝေလိုက်ရပါတယ်။
တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️ : 09-5131873