top of page

သားသမီးတွေက သင် မျှော်လင့်ထားသလို မဖြစ်လာတဲ့အခါ 



မိဘတိုင်းဟာ သားသမီးတွေအတွက် အကောင်းဆုံးအရာတွေကိုသာ ဖန်တီးပေးလိုကြသလို သားသမီးတွေနဲ့ ပတ်သက်လာရင် မျှော်လင့်ချက်လည်း ကြီးကြပါတယ်။ တချို့ မိဘတွေဟာ ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေကို သားသမီးတွေမှာ ဖြည့်ဆည်းပေးချင်ကြသလို ကိုယ့်အတွက် အခြေအနေမပေးခဲ့တဲ့ အနေအထားတွေကို သားသမီးတွေမှာ မျှော်လင့်မိတတ်ကြပါတယ်။ တခါတရံ မျှော်မှန်းထားသလိုမျိုး မဖြစ်လာတဲ့အခါ စိတ်ခံစားချက်တွေ ပြင်းထန်တတ်ကြပြီး သားသမီးနဲ့ မိဘကြား ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ဒီလို အခြေအနေကို အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) သင့်သားသမီးရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို မြင်အောင်ကြည့်ပါ 


ငါ့သားဖြစ်နေလို့ ဒီလိုတော်နေရမယ် ၊ ငါ့သမီးဖြစ်နေလို့ လူကြားထဲ ထင်ပေါ်နေရမယ် စသဖြင့် ကိုယ်နဲ့ ယှဥ်တွဲပြီး ကလေးကို မျှော်လင့်ချက်ကြီးကြီး ထားတာဟာ သင့်ကလေးရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို လျစ်လျုရှုရာရောက်ပါတယ်။ သင့်ရဲ့ သားသမီးဖြစ်တိုင်း သင်နဲ့ တထပ်တည်း မတူညီနိုင်သလို သူ့ရဲ့ ဆန္ဒနဲ့ ရည်မှန်းချက်တွေကလည်း သင်နဲ့ ထပ်တူမကျနိုင်ပါဘူး။ ဒါကို နားလည်ထားပြီး ကလေးရဲ့ အောင်မြင်မှု၊ အားသာချက်နဲ့ ဆန္ဒတွေကို လေးစားပေးမယ်ဆိုရင် သင့်ကလေးနဲ့ ပတ်သက်တဲ့ သင့်တစ်ကိုယ်ရေ မျှော်လင့်ချက်တွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ 


(၂) လက်တွေ့ အခြေအနေကို ဦးစားပေးပါ 


သင်မျှော်မှန်းထားတဲ့ အရာတွေ၊ ရလဒ်တွေဟာ အခြေအနေ အချိန်အခါအရ ပြောင်းလဲနိုင်ပါတယ်။ တချိန်က မျှော်မှန်းထားတာထက် ပိုကောင်းတဲ့အရာတွေလည်း ဖြစ်လာနိုင်သလို မမျှော်လင့်ပဲ အကြောင်းအမျိုးမျိုးကြောင့် ရရှိဖို့ အခက်အခဲတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီလို လွဲချော်မှု ဖြစ်လာတဲ့အခါမှာလည်း ကလေးအပေါ် ၊ မိမိကိုယ်တိုင်အပေါ်မှာ အပြစ်တင်တာတွေ မပြုလုပ်ပဲ အပြုသဘောဆောင်တဲ့ ထင်မြင်ချက်တွေနဲ့ အားပေးပြီး ရှေ့ဆက်ဖို့ အရေးကြီးပါတယ်။ 


(၃) ကလေးနဲ့ စကားပြောကြည့်ပါ 


တခါတရံမှာ မိဘက မျှော်လင့်ချက်တွေနဲ့ ရှေ့ဆက်ပြီးသွားနေပေမယ့် သားသမီးက နောက်ကနေ လိုက်ပါလာခြင်း မရှိတာတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ကလေးရဲ့ ဆန္ဒနဲ့ သဘောတူမှုမရှိဘူးဆိုရင် ဒီမျှော်လင့်ချက်တွေက ခက်ခဲကောင်း ခက်ခဲနေနိုင်မှာပါ။ ဒီတော့ ဒီ မျှော်မှန်းချက်တွေနဲ့ ရှေ့ဆက်ဖို့ကို သင့်ကလေးက စိတ်ပါရဲ့လား၊ သူ့မှာ အခက်အခဲ ဘာတွေ ရှိနေသလဲ၊ သင့်ရဲ့ မျှော်မှန်းချက်တွေကို သူကိုယ်တိုင် လိုလိုလားလား ရှိရဲ့လားဆိုတာ သိနိုင်ဖို့ သင်ကိုယ်တိုင် ကလေးနဲ့ စကားပြောကြည့်ပြီး ကလေးရဲ့ ခံစားချက်တွေကို နားထောင်ဖို့ လိုပါတယ်။ 


(၄) ရလဒ်ထက် ကြိုးစားမှုကို အသိအမှတ်ပြုပါ 


မိဘအများစုဟာ အောင်မြင်မှုရလာရင်ပဲ ဖြစ်ဖြစ် ကျရှုံးမှု ရှိလာရင်ပဲဖြစ်ဖြစ် ရလဒ်ကို အသိအမှတ်ပြုလေ့ရှိကြပါတယ်။ ကလေးတွေအနေနဲ့ ဒီရလဒ်ကို ရဖို့ ဘယ်လို ကြိုးစားခဲ့ရတယ်၊ ဘာတွေကို သင်ယူပြီး ကျော်ဖြတ်ခဲ့ကြတယ်၊ ဘာတွေကို ကြုံတွေ့ရင်ဆိုင်ခဲ့ရတယ် ဆိုတာကိုတော့ မိဘတွေ ဘက်က အသိအမှတ်ပြုခြင်း အားနည်းကြပါတယ်။ ကျရှုံးမှု ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ဒီအရာကနေ သင်ခန်းစာယူပြီး ဘာတွေကို ပြုပြင်ရမလဲ၊ ဘာတွေ တိုးတက်မှု ရှိလာတယ်ဆိုတာကို ကလေးနဲ့ အတူ အဖြေရှာပေးမယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ အပြောင်းအလဲတခုကို ရစေမှာ ဖြစ်ပါတယ်။ 


(၅) ကလေးကို စိတ်ဓါတ်မြှင့်တင်ပေးပါ 


မိဘတွေဟာ သားသမီးတွေအပေါ် မျှော်လင့်ထားသလို မဖြစ်လာတဲ့အခါမှာ ဒေါသထွက်စိတ်၊ ရှက်ရွံ့စိတ် ၊ အားမလို အားမရ ဖြစ်စိတ်တွေ စတဲ့ ခံစားချက်တွေ ဖြစ်လာနိုင်ပြီး ကလေးကို ဆူဆဲကြိမ်းမောင်းတာ၊ အတင်းအကြပ် စေခိုင်းတာ၊ လျစ်လျူရှုတာ၊ ပြင်းထန်တဲ့ စကား၊ နာကျင်စေမယ့် စကားလုံးတွေနဲ့ ပြောတာဟာ ကလေးကို စိတ်ဒဏ်ရာ ဖြစ်စေနိုင်သလို ကလေးရဲ့ ကြိုးစားလိုစိတ်ကို ချိုးနှိမ်ရာရောက်ပါတယ်။ ဒါ့ကြောင့် ဘယ်လို အခြေအနေမှာဖြစ်ဖြစ် ကလေးကို ပြန်ထနိုင်အောင် ထူပေးရမှာ ဖြစ်သလို စိတ်ဓါတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးဖို့ အထူးလိုအပ်ပါတယ်။ 


မျှော်လင့်ချက်ဆိုတာ လူသားတိုင်းရဲ့ ဘဝမှာ မရှိမဖြစ် အရေးပါတဲ့ အရာဖြစ်သလို မိဘတိုင်းကလည်း သားသမီးအပေါ် မျှော်လင့်ချက်တွေ ထားတတ်ကြတာ ထုံးစံပါပဲ။ ဒီလို မျှော်လင့်ချက်တွေအတိုင်း သားသမီးတွေက စွမ်းဆောင်နိုင်ရင် ဂုဏ်ယူစရာကောင်းသလို လွဲချော်မှုတွေ ဖြစ်ခဲ့ရင်လည်း လက်ခံနိုင်ပြီး ကလေးကို အားပေးနှစ်သိမ့်နိုင်တဲ့ မိဘတွေ ဖြစ်သင့်ကြောင်း မျှဝေလိုက်ရပါတယ်။ 


 တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️ : 09-5131873






Categories

Other trending posts

1/28
bottom of page