top of page

စိတ်ဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရင်ဆိုင်နိုင်ဖို့ နည်းလမ်းများ 



လူတိုင်းက အချိန်တိုင်းမှာ စိတ်ဖိစီးမှု တစ်ခုမဟုတ်တစ်ခုနဲ့ ကြုံတွေ့နေကြရပါတယ်။ စိတ်ဖိစီးမှုဆိုတာ အကောင်းဘက်ကကြည့်ရင် စိတ်ကိုသွေးပူအောင်လုပ်ပေးတာဖြစ်ပြီး ပျော်ရွှင်စေမဲ့နည်းလမ်းကို ခပ်မြန်မြန်ရှာတွေ့စေပါတယ်။ သို့ပေမဲ့ ပျော်ရွှင်စရာရှာမတွေ့နိုင်ပဲ စိတ်ဖိစီးမှုချည်းပဲ နေ့စဉ်ရက်ဆက်ရင်ဆိုင်‌နေရရင်တော့ ဒါကို “စိတ်ဒုက္ခရောက်ခြင်း” လို့ခေါ်ပါတယ်။


စစ်တမ်းတွေအရ လူအများစုကို စိတ်ဒုက္ခအကြီးအကျယ်ရောက်စေတဲ့ အတွေ့အများ ဆုံး အကြောင်းအရာတွေက 

  • မိမိချစ်ခင်ရသူတစ်ဦးကို ဆုံးရှုံးလိုက်ရခြင်း 

  • စိတ်ဖိစီးမှုများစေတဲ့လုပ်ငန်းခွင်မှာ နေ့စဉ်လုပ်နေရခြင်း

  • သူငယ်ချင်း၊ မိသားစုဝင်များနဲ့ ဆက်ဆံရေးအဆင်မပြေခြင်း 

  • ငွေကြေးပူပင်စရာများခြင်း

  • ချစ်သူနဲ့ လမ်းခွဲပြတ်ဆဲခြင်း

  • ကျန်းမာရေးပြဿနာတစ်ခုခုကြုံရခြင်း

  • စိတ်ဒဏ်ရာရစေမဲ့ အဖြစ်အပျက်မျိုးကြုံရခြင်း

  • လူမှုရေး၊ စီးပွားရေး ဆုတ်ယုတ်မှုကြုံရခြင်း

  • ကြီးမားတဲ့ ဘဝအခက်အခဲများ၊ ပြောင်းလဲမှုများ ရင်ဆိုင်ရခြင်းတို့ပဲဖြစ်ပါတယ် ။


လူတယောက်က အလွန်အမင်း စိတ်ဒုက္ခရောက်လာတဲ့အခါ အခုပြောပြမဲ့ အပြုအမူတွေ၊ လက္ခဏာတွေကို ခံစားရလာလေ့ရှိပါတယ်။ 


(၁) ယုတ္တိမရှိတဲ့အတွေးများတွေးမိခြင်း (Irrational thoughts)

အကျိုးသင့်အကြောင်းသင့်စဉ်းစားနိုင်စွမ်းနည်းလာပြီး ပြဿနာသေးသေးလေးကိုတောင် ချဲ့ကားပြီးတွေးတတ်၊ ပူပင်တတ်လာကြပါတယ်။ 


(၂) တွေဝေတုံ့ဆိုင်းလာခြင်း  (Paralysis)

လွယ်ကူတဲ့ ကိစ္စတွေကိုတောင် တွေးခေါ်ရတာ၊ လုပ်ကိုင်ရတာ နှေးကွေးလေးလံလာတတ်ပါတယ်။ အကြောင်းအရင်းမရှိပဲ တုံ့ဆိုင်းပြီး မလုပ်နိုင်တော့သလို ခံစားလာရပါတယ်။ 


(၃) လိုအပ်တာထက် ပုံကြီးချဲ့မိခြင်း (Disproportionate reactions)

စိတ်ညစ်စရာ အသေးအဖွဲလေးကို ပုံကြီးချဲ့ပြီး ဆတ်ဆတ်ထိမခံ ခံစားရနိုင်ပါတယ်။ ဥပမာ- ကားသော့အထားမှားရင်တောင် မျက်ရည်ကျတာ၊ စိတ်မထိန်းနိုင်အောင် ဒေါသထွက်တာ၊ စိတ်လှုပ်ရှားတာတွေ ကြုံရပါတယ်။ 


(၄) ချစ်ခင်သူတွေနဲ့ ဝေးကွာလာခြင်း (Withdrawal)

မိသားစု၊ သူငယ်ချင်းတွေက မိမိရဲ့ခံစားချက်ကို နားမလည်ပေးကြသလို၊ နားမထောင်ပေးနိုင်သလို ခံစားလာရပြီး တဖြည်းဖြည်း သူတို့နဲ့တွေ့ရမှာ၊ စကားပြောရမှာကို ရှောင်ဖယ်လာမိပါတယ်။ 


(၅) မျှော်လင့်ချက်မဲ့လာခြင်း (Hopeless)

မိမိရဲ့ယုံကြည်ချက်၊ ပန်းတိုင်၊ ရည်ရွယ်ချက်တွေ တစ်ခုမှ မဖြစ်မြောက်နိုင်တော့သလို ခံစားရပြီး မျှော်လင့်ချက်မဲ့လာပါတယ်။ ဒီလိုဖြစ်တဲ့အခါ စိတ်ဓာတ်ကျခြင်နှင့်အတူ အခြားသော ဆိုးကျိုးများရှိလာပါတယ်။ 


(၆) စိတ်အပြောင်းအလဲ မြန်လာခြင်း (Mood changes)

ဝမ်းနည်းလွယ်တာ၊ စိတ်ဆတ်တာ၊ စိတ်တိုလွယ်တာ အစရှိသဖြင့် စိတ်ခံစားချက်တွေက လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် ပြောင်းလဲလာပြီး ခံစားရလွယ်လာပါတယ်။ 


(၇) အာရုံကြောပင်ပန်းနွမ်းနယ်လာခြင်း (Cognitive fatigue)

အာရုံစိုက်ရခက်လာပြီး ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းနည်းလာခြင်း၊ ခေါင်းနောက်ပြီး စိတ်ရှုပ်လာခြင်း အစရှိတာတွေ ခံစားရနိုင်ပါတယ်။ 


(၈) ခန္ဓာကိုယ်ကျန်းမာရေးထိခိုက်လာခြင်း 

နှလုံးခုန်မြန်ခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ မကြာခဏဗိုက်အောင့်ခြင်း၊ ခြေလက်များ ကိုက်ခဲညောင်းညာခြင်းကဲ့သို့ လက္ခဏာများ ခံစားရတတ်ပါတယ်။ 


စိတ်ဒုက္ခတွေ၊ သောကတွေကနေ လွတ်မြောက်နိုင်ဖို့ အရေးအကြီးဆုံးက သင်ကိုယ်တိုင် ရုန်းထွက်ပစ်ရမှာပဲဖြစ်ပါတယ်။ ကိုယ်တိုင်ကြိုးစားပြီး လုပ်ဆောင်နိုင်မဲ့ နည်းလမ်းကောင်းတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ 


(၁) ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သတိရပါ။ 

တစ်ယောက်တည်းရင်ဆိုင်ဖို့ ကြိုးစားမဲ့အစား အားကိုးစရာ၊ ရင်ဖွင့်စရာ မိသားစု၊ လက်တွဲဖော်၊ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပါ။ ဒီလိုလူတွေမရှိရင် Call Me Today လို စိတ်ပိုင်းဆိုင်ရာ အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေများစွာရှိနေတာမို့လို့ ဆက်သွယ်ပါ။ အကူအညီရယူပါ။ 


(၂) အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ 

အနာဂတ်ကိုလည်း မတွေးပူမိအောင်၊ အတိတ်က စိတ်ဒဏ်ရာတွေကိုလည်း နောင်တမရမိအောင်၊ ပစ္စပ္ပုန်မှာပဲနေထိုင်တတ်အောင် အသက်ရှူလေ့ကျင့်ခန်းများလုပ်ရင်း လေ့ကျင့်ကြည့်ပါ။ အသက်ရှူလေ့ကျင့်ခန်းများအကြောင်း ဒီလင့်မှာဖတ်နိုင်ပါတယ်။ 


(၃) မိမိရဲ့ခံစားချက်တွေကို ချရေးကြည့်ပါ။  (Journaling)

ဒါကို journaling လို့ခေါ်ပါတယ်။ မိမိခံစားရသမျှကို စာအုပ်ပေါ်မှာ၊ ဖုန်းထဲက Notes မှာ ချရေးပစ်နိုင်ပါတယ်။ ချရေးရခက်ရင် အသံသွင်းထားနိုင်ပါတယ်။ ရေးနေချိန်၊ အသံသွင်းနေချိန်မှာ ခံစားချက်တွေ ဖွင့်ဟလိုက်ပြီ၊ စိတ်ပေါ့သွားပြီလို့ တွေးပေးပါ။ 


(၄) ပြဿနာကိုရှာပြီး အတတ်နိုင်ဆုံးအဖြေထုတ်ကြည့်ပါ။ 

မိမိကို စိတ်ဒုက္ခရောက်စေတဲ့ပြဿနာတစ်ခုချင်းစီတိုင်းကို စဉ်းစားပြီး ချရေးလိုက်ပါ။ တစ်ခုချင်းစီကို ပြေလည်အောင် ဘယ်လိုအဖြေရှာမလဲစဉ်းစားပါ။ ဥပမာ- အလုပ်မှာ ဝန်ပိသလိုဖြစ်နေရင် ကူညီပေးမဲ့အဖွဲ့ဝင်တိုးပေးဖို့တောင်းဆိုပါ။ မနိုင်ဝန်မထမ်းလိုကြောင်း ရဲရဲတင်းတင်းပြောပါ။ တစ်စုံတစ်ဦးကြောင့် စိတ်ဒုက္ခရောက်တာဆို မတွန့်ဆုတ်နေပဲ အဆင်မပြေတာကို ဖွင့်ပြောပြီး ညှိနှိုင်းကြည့်ပါ။ 


ကိုယ့်ကိုယ်ကိုယ် ချစ်ခင်တန်ဖိုးထားပြီး ဂရုစိုက်ပေးပါ။ အခုပြောပြမဲ့နည်းလမ်းလေးတွေက ကိုယ့်ကိုယ်ကိုယ် အကြင်နာပေးနိုင်မဲ့ အကောင်းဆုံးနည်းတွေပါ။ 

  • အိပ်ချိန်၊ စားချိန်၊ လေ့ကျင့်ခန်းလုပ်ချိန် ဆိုပြီး တစ်နေ့တာအချိန်ဇယားကို အတိအကျသတ်မှတ်ပေးပါ။ 

  • ခရီးသွားတာ၊ ပန်းခြံထဲလမ်းလျှောက်တာ၊ ရေကန်ဘေးလေညင်းခံတာလိုမျိုး သဘာဝနဲ့ထိတွေ့ရမဲ့အရာလေးတွေ လုပ်ပေးပါ။ 

  • သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ အစရှိသဖြင့် စိတ်ပျော်စေမဲ့အရာတွေမှန်သမျှ လုပ်ကြည့်ပါ။ 

  • ကိုယ့်ကိုယ်ကိုယ် လက်ခံပြီး အပြစ်မတင်ပဲ တန်ဖိုးထားပြီး အကောင်းမြင်ပါ။ 

  • ချစ်ခင်ရသူတစ်ဦးကို စကားပြောနေသလို ကိုယ့်ကိုယ်ကိုယ်မှန်ထဲကြည့်ပြီး အားပေးစကား၊ ကျေးဇူးတင်စကား၊ မေတ္တာစကားလေးတွေပြောပါ။ 

  • ကိုယ့်နှလုံးသားရှိမဲ့နေရာပေါ် လက်တင်ထားတာ၊ ကိုယ့်ကိုယ်ကိုယ်ပွေ့ဖက်တာ၊ ချစ်ခင်ရသူနဲ့ ပွေ့ဖက်တာ၊ Body Spa သွားတာလိုမျိုး Physical Touch (ခန္ဓာကိုယ်အထိအတွေ့) တွေ လုပ်ပေးကြည့်ပါ။ 


တခါတရံမှာ စိတ်ဒုက္ခရောက်ခြင်းက စိတ်ကျရောဂါ၊ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ရောဂါ (Post-Traumatic Stress Disorder)၊ စိတ်စွဲလန်းလွန်ပြီး မလုပ်ရမနေနိုင်တဲ့ရောဂါ (Obsessive Compulsive Disorder) တို့နဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ ဒါကြောင့် မိမိမှာ စိတ်ဒုက္ခရောက်ခြင်းရဲ့လက္ခဏာများကို သတိပြုမိလာရင် အကြောင်းအရင်းကိုအဖြေရှာကြည့်နိုင်ဖို့ လိုအပ်တဲ့ ဆွေးနွေးတိုင်ပင်စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ 


စိတ်ဒုက္ခနဲ့ရင်ဆိုင်နေရချိန်တိုင်းမှာ ဘယ်သူနဲ့တိုင်ပင်ရမလဲ၊ ဘယ်သူ့ကိုပြောပြရမလဲ၊ ဘာတွေလုပ်သင့်လဲဆိုတာကို တစ်ယောက်တည်းအဖြေရှာရခက်နေရင် Call Me Today ကို ဒီလင့်ကတဆင့် ဆက်သွယ်ပြီး အတူတူရင်ဆိုင်အဖြေရှာကြည့်ဖို့ တိုက်တွန်းအကြံပြုလိုပါတယ်။ 


☎️: 09-5131873

 




Comentarios


Categories

Other trending posts

1/17
bottom of page