ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲနဲ့ စိတ်ကျန်းမာရေး ဆက်နွယ်မှု
ကိုယ်ဝန်သည် အမျိုးသမီးတွေဟာ စိတ်ခံစားမှု ပြင်းထန်ကြသလို ဒါဟာ ခန္ဓာကိုယ် ဟော်မုန်းတွေရဲ့ လွှမ်းမိုးသက်ရောက်မှုကြောင့်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဒီကာလမှာ ဟော်မုန်းတွေရဲ့ ပမာဏဟာ အတက်အကျ ဖြစ်တတ်တာကြောင့် ဦးနှောက်ရဲ့ အချက်အလက်ပို့ပေးတဲ့ ဓာတုပစ္စည်းတွေကို သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ စိတ်ခံစားမှုအပြောင်းအလဲတွေကို ကြုံတွေ့ရတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲနိုင်တဲ့ ဟော်မုန်းတွေအကြောင်း တခုချင်းကို ဒီကနေ မျှဝေပေးချင်ပါတယ်။
(၁) Progesterone
ကိုယ်ဝန်ဆောင်ချိန်အတွက် အရေးပါတဲ့ ဟော်မုန်းတခုဖြစ်တဲ့ Progesterone ပမာဏဟာ ကိုယ်ဝန်ဆောင်စဥ် တလျှောက်မှာ တဖြေးဖြေး မြင့်တက်လာပြီး ကလေးမွေးဖွားပြီးနောက်မှာ ပြန်ကျသွားလေ့ရှိပါတယ်။ Progesterone ဟော်မုန်းဟာ စိတ်ခံစားမှုနဲ့ စိတ်ပူပန်မှုတွေကို ထိန်းချုပ်ပေးနိုင်တဲ့ ဟော်မုန်းဖြစ်သလို ကိုယ်ဝန်ဆောင်ပြီးနောက် စိတ်ဓါတ်ကျခြင်းကလည်း ဒီ ဟော်မုန်းနဲ့ ဆက်နွယ်နေတာ ဖြစ်ပါတယ်။
(၂) Estrogen
ကိုယ်ဝန်ဆောင်ချိန်မှာ ပမာဏ မြင့်တက်လာတဲ့ နောက်ထပ် ဟော်မုန်းတခုကတော့ Estrogen ဖြစ်ပါတယ်။ Estrogen ဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများစွာကို လုပ်ဆောင်ပေးတာဖြစ်ပြီး ဦးနှောက်ရဲ့ အလုပ်တာဝန်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေမှာ သက်ရောက်မှု ရှိနေပါတယ်။ Estrogen ဟော်မုန်းဟာ ကိုယ်ဝန်လရင့်လာတာနဲ့ အမျှ တဖြေးဖြေး မြင့်တက်လာနိုင်ပြီး ကလေးမွေးပြီးနောက် ဟော်မုန်းဓါတ် ပြန်ကျလာချိန်မှာ စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှုတွေကို ပိုမို ခံစားရနိုင်ပါတယ်။
(၃) Oxytocin
ကိုယ်ဝန်ဆောင်ချိန်မှာ မဖြစ်မနေ ပါဝင်တဲ့ Oxytocin ဟော်မုန်းဟာ ကလေးမွေးပြီးနောက်မှာ သားအိမ်အရွယ်အစား ပုံမှန်ပြန်ဖြစ်စေဖို့ ကူညီပေးနိုင်သလို မိခင်နဲ့ ကလေးကြား ချစ်ခြင်းမေတ္တာကို ပိုမိုတိုးပွားစေတဲ့ ဟော်မုန်းဖြစ်တဲ့အပြင် စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုတွေကို လျော့ကျစေပါတယ်။ oxytocin ပမာဏဟာ ကိုယ်ဝန်တစ်လျှောက် အတက်အကျ ရှိနိုင်ပြီး ကလေးမွေးပြီးနောက်မှာ oxytocin ရဲ့ ပမာဏတွေ လျော့ကျလာတဲ့အခါမှာတော့ စိတ်ဓါတ်ကျခြင်းကို ခံစားရလေ့ ရှိပါတယ်။
(၄) Cortisol
Cortisol ဟော်မုန်းကို တနည်းအားဖြင့် Stress Hormone လို့လည်း ပြောကြပါတယ်။ ပုံမှန်အမျိုးသမီးထက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ Stress Hormone ပမာဏဟာ ၂ ဆကနေ ၃ ဆ ပိုများလေ့ရှိပါတယ်။ Stress Hormone ဟာ စိတ်ခံစားချက်နဲ့ စိတ်ဖိစီးမှုအပေါ် အများဆုံးသက်ရောက်နိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ စိတ်ဖိစီးမှုဟာ ဒီဟော်မုန်းနဲ့ ဆက်နွယ်နေတာ ဖြစ်ပါတယ်။
ဒီလို ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်ကျန်းမာရေးကို သက်ရောက်မှု ရှိလာပြီဆိုရင် ပြုလုပ်သင့်တဲ့ နည်းလမ်းတွေကို ဆက်လက် မျှဝေပေးချင်ပါတယ်။
ပေါ့ပါးပြီး မပြင်းထန်တဲ့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
စိတ်ကိုတည်ငြိမ်စေမယ့် တရားထိုင်ခြင်း၊ ယောဂစတာတွေကို ပြုလုပ်ပေးပါ
အာဟာရ ပြည့်ဝစွာ စားပါ
အိပ်စက်ချိန် ပြည့်ဝပါစေ
မိသားစုနဲ့ အချိန်ကုန်ဆုံးပါ
လိုအပ်တဲ့အခါ စိတ်ကျန်းမာရေး အကူအညီရယူပါ
ကိုယ်ဝန်ဆောင်ချိန်ဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများစွာကို ကြုံတွေ့ရတဲ့ အခိုက်အတန့်ဖြစ်သလို အထူးသဖြင့် မိခင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ ကိုယ်တိုင်နဲ့ ရင်သွေးရဲ့ ကျန်းမာရေးအတွက် အရေးပါတာကြောင့် အထူး အလေးထား ဂရုစိုက်သင့်ကြောင်း မျှဝေလိုက်ရပါတယ်။
တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️ : 09-5131873