top of page

နှစ်သိမ့်ဆွေးနွေးမှုမှ ရလဒ်သိသာစေဖို့ လိုအပ်တဲ့ ကြာချိန်


နှစ်သိမ့်ဆွေးနွေးမှု တစ်ခုကို စတင်တဲ့အခါမှာ လူတိုင်း သိလိုတဲ့ မေးခွန်းကတော့ နှစ်သိမ့်ဆွေးနွေးမှု ဘယ်နှစ်ကြိမ် လိုအပ်တာလဲ၊ အချိန်ဘယ်လောက်ပေးရင် သိသာတဲ့ ရလဒ်ကို ရမှာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာ တစ်ဦးချင်းစီအတွက် မတူညီနိုင်တာကြောင့် နှစ်သိမ့်ဆွေးနွေးမှုအတွက် လိုအပ်တဲ့ ကြာချိန် ဘယ်လို ကွာခြားနိုင်လဲဆိုတာ မျှဝေပေးချင်ပါတယ်။ 


ပထမဦးဆုံးအနေနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူတဲ့ တစ်ဦးချင်းစီမှာ မတူညီကွဲပြားတဲ့ အတွေ့အကြုံ၊ ခံစားမှုနဲ့ နောက်ခံအခြေအနေတွေ ရှိနေနိုင်ပြီး သူတို့ရဲ့ အပြုအမူတွေ၊ အတွေးတွေနဲ့ လက္ခဏာတွေဟာလည်း ခြားနားနိုင်ပါတယ်။ ဒါတွေပေါ်မှာ မူတည်ပြီး ကုသရတဲ့ နည်းလမ်းနဲ့ ကြာချိန်ဟာ ကွဲပြားသွားနိုင်ပါတယ်။ 


အထူးသဖြင့် နှစ်သိမ့်ဆွေးနွေးမှု တခုကနေ သိသာတဲ့ ရလဒ်တွေ ရရှိဖို့အတွက်ဆိုရင် မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှု နည်းလမ်းဟာ အလွန် အရေးပါပါတယ်။ ဒီလူတစ်ယောက်အတွက် နည်းလမ်းတစ်ခုက အဆင်ပြေပေမယ့် တခြား လူတစ်ယောက်မှာ ဒီနည်းလမ်းကို သုံးဖို့ မဖြစ်နိုင်တာတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် တစ်ဦးချင်းစီအတွက် သင့်တော်မယ့် နည်းလမ်းကို အချိန်ပေးပြီး ရွေးချယ်ဖို့ လိုအပ်ပါတယ်။ 


ဒါတင်မကပဲ တချို့သော ကုသမှုတွေဟာ အချိန်ယူပြီးမှ ထူးခြားတဲ့ ရလဒ်တွေ ရှိနိုင်သလို အခြေအနေအရ ကုသမှုပုံစံကို ပြောင်းလဲရတာလည်း ရှိနိုင်ပါသေးတယ်။ တခါတရံမှာ ကုသတဲ့ နည်းလမ်းတူညီနေပေမယ့် တစ်ဦးချင်းစီရဲ့ လက်ခံမှု၊ အတူလိုက်ပါဆောင်ရွက်မှု ဒါတွေအပေါ်မှာ မူတည်ပြီး ဆွေးနွေးမှု ကြာချိန်ဟာ ကွဲပြားနိုင်ပါသေးတယ်။ 


ဒါ့အပြင် တစ်ဦးချင်းစီရဲ့ ခံစားမှု အတိမ်အနက်နဲ့ ခံစားခဲ့ရတဲ့ အချိန်အတိုင်းအတာ ပေါ်မှာ မူတည်ပြီးတော့လည်း ရလဒ်ရရှိမယ့် အချိန်ဟာ မတူညီနိုင်ပါဘူး။ အထူးသဖြင့် အချိန်ကြာကြာ မကုသပဲ ထားခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ ပြန်လည်ကုစားဖို့ ကြိုးစားအားထုတ်တဲ့အခါ ပုံမှန်ထက် အချိန်ပိုပေးရတာတွေလည်း ရှိနိုင်ပါတယ်။ 


နောက်တချက်ကတော့ နှစ်သိမ့်ဆွေးနွေးသူနဲ့ ဆွေးနွေးမှု ခံယူသူအကြား သဟဇာတ ဖြစ်မှု၊ ကောင်းမွန်တဲ့ ချိတ်ဆက်မှု ရှိနေဖို့ ဆိုတဲ့ အချက်ပါ။ နှစ်သိမ့်ဆွေးနွေးမှု (Counseling) တလျှောက်မှာ နှစ်သိမ့်ဆွေးနွေးသူနဲ့ ဆွေးနွေးမှု ခံယူသူဟာ တူညီတဲ့ ပန်းတိုင်ကို အတူတကွ လျှောက်လှမ်းကြဖို့ လိုပါတယ်။ ချိတ်ဆက်မှု ကောင်းကောင်းနဲ့ တက်ညီလက်ညီ လုပ်ဆောင်နိုင်မယ် ဆိုရင်တော့ ပိုပြီးထိရောက်နိုင်သလို အချိန်အားဖြင့်လည်း ထင်ထားတာထက် ပိုတိုတောင်းနိုင်ပါတယ်။ 


ဒါတင်မကပဲ ထည့်စဉ်းစားရမယ့် အချက်အနေနဲ့  ပြင်ပအကြောင်းအရာ (External Factors) တွေကိုလည်း မေ့ထားလို့ မရပါဘူး။ နှစ်သိမ့်ဆွေးနွေးမှုနဲ့ ကုသမှု ခရီးစဉ်အတွင်းမှာ နှစ်သိမ့်ဆွေးနွေးမှု ခံယူသူအနေနဲ့ ထူးခြားတဲ့ ဘဝရဲ့ ပြောင်းလဲမှု တခုခုဖြစ်တာ၊ ကျန်းမာရေးနဲ့ တချို့သော အခြေအနေတွေ ဖြစ်ပေါ်လာတဲ့အခါမှာလည်း ကုသမှုအပေါ် သက်ရောက်မှု ရှိနိုင်ပြီး အချိန်ကိုလည်း ပိုကြာသွားစေနိုင်ပါတယ်။ 


စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးကုသမှုတွေဟာ မှော်အစွမ်းလိုမျိုး အချိန်ခဏတွင်း ပြီးပြည့်စုံသွားမှာတော့ မဟုတ်ပါဘူး။  အခြေအနေ အရပ်ရပ်နဲ့ အကြောင်းအရာ မျိုးစုံပေါ်မှာ မူတည်ပြီး ညှင်သာစွာ အချိန်ပေး ဖြေရှင်းဖို့ လိုအပ်ပါတယ်။ နှစ်သိမ့်ဆွေးနွေးခံယူတော့မယ်ဆိုရင်တော့ ဆွေးနွေးသူနဲ့ နှစ်ဦးသဘောတူ ပြုလုပ်ရတဲ့ ညှိနှိုင်းမှုတွေထဲမှာ ကြာချိန်နဲ့ ပတ်သက်ပြီးတော့လည်း ကြိုတင်ဆွေးနွေးထားဖို့ လိုပါတယ်။ 


အခုပြောခဲ့တဲ့ အချက်တွေက နှစ်သိမ့်ဆွေးနွေးမှု ခံယူလိုသူတွေ သိလိုတဲ့ မေးခွန်းကို အဖြေပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Comentários


Categories

Other trending posts

1/17
bottom of page