top of page

သင့်ကလေးနဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးဖြစ်စေဖို့ ပြုလုပ်သင့်သည့် အရာများ 




ငယ်ဘဝရဲ့ မှတ်ဉာဏ်တွေဟာ အချိန်ကြာသွားပေမယ့် စွဲမြဲစွာ ကျန်ရှိနေတတ်ပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် မိဘတွေနဲ့ အတူရှိချိန် မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပုံရိပ်တွေဟာ မေ့ဖျောက်မရအောင် အမှတ်ရ ကျန်ရစ်လေ့ရှိပါတယ်။ ဒီလိုမျိုး ကလေးနဲ့ အတူတူ အချိန်ကြာကြာ ရှိနေမယ့် အမှတ်တရတွေဟာ ကလေးရဲ့ ခံစားချက်၊ ခံယူချက်တွေအပေါ်မှာ သက်ရောက်မှု ရှိနေနိုင်တာကြောင့် အမှတ်တရကောင်းတွေ ဖန်တီးဖြစ်စေမယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) အတူတကွ ရှိနေချိန်ဟာ Quality Time ဖြစ်ပါစေ 


မိဘဖြစ်သူဟာ ကလေးကို တစ်ရက်ကို အချိန်ဘယ်လောက်ပေးနိုင်တယ်ဆိုတာထက် ပေးဖြစ်တဲ့ အချိန်ဟာ Quality ပြည့်မှီရဲ့လားဆိုတဲ့ အချက်က ပိုအရေးကြီးပါတယ်။ အထူးသဖြင့် ကလေးကို ချစ်ခင်မှု ၊ ဂရုတစိုက် ကြင်နာမှု တွေ ပေးသင့်သလို ကလေးနဲ့ ပျော်ရွှင်စရာ အချိန်တွေကို အတူတကွ ဖန်တီးသင့်ပါတယ်။ ကလေးနဲ့ အတူ ဆော့ကစားပေးတာ၊ ကလေးနဲ့ အတူတူ စာဖတ်တာ၊ နွေးထွေးစွာ ပွေ့ဖက်ထားတာ တွေဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို ဖေးမပေးနိုင်သလို မိဘနဲ့ ကလေးကြား နီးကပ်စွာ ချစ်ကြည်ရင်းနှီးမှု ရစေနိုင်ပါတယ်။ 


(၂) အားပေးစကား ပြောပေးပါ 


ကလေးတွေဟာ မိဘတွေရဲ့ အားပေးစကားတွေ ၊ နှစ်သိမ့်စကားတွေကို ဘဝတစ်လျှောက်လုံး အမှတ်ရနေလေ့ရှိတတ်ပါတယ်။ အထူးသဖြင့် အခက်အခဲ ရင်ဆိုင်ရတဲ့အခါ၊ အားပေးနှစ်သိမ့်မှုတွေကို တောင့်တလိုအပ်တဲ့ အချိန်မှာ ဒီအားပေးစကားတွေကို ပြန်ကြားယောင်ပြီး ထူးခြားတဲ့ အားအင်တွေကို တန်ပြန်ခံစားရစေနိုင်တဲ့အပြင် စိတ်ဓါတ်တက်ကြွမှု၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမှုတွေကိုပါ တိုးပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ အသက်အရွယ်အလိုက် လိုအပ်တဲ့ အချိန်တိုင်းမှာ အားပေးစကားပြောဖြစ်ဖို့ကို သတိရပေးပါ။ 


(၃) အရင်အကြောင်းတွေကို ပြန်ပြောင်းပြောပါ 


အရင်က ဖြစ်ခဲ့တဲ့ ဇာတ်လမ်းပုံပြင်တွေ၊ ရှေးဟောင်းနှောင်းဖြစ်တွေ၊ မိသားစုရဲ့ အရင်က အကြောင်းအရာတွေကစလို့ ပုံပြင်တွေကို ကလေးတွေကို ပြောပြပေးတာဟာ ကလေးအတွက် အမြဲအမှတ်ရနေမယ့် အမှတ်တရတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိို အကြောင်းအရာတွေကနေတဆင့် ကလေးကို ဆုံးမစကားပြောပေးတာ၊  ကလေးရဲ့ အတွေးအမြင်တွေကို ပြောင်းလဲပေးတာကလည်း ကလေးအတွက် ကောင်းကျိုး ပိုရစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


(၄) ကြင်နာမှုကို ပြသပါ 


များသောအားဖြင့် မိဘတွေဟာ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ထုတ်ပြလေ့မရှိကြပါဘူး။ တကယ်တော့ ကလေးတွေနဲ့ အတူရှိနေချိန်မှာ ကလေးကို ချစ်ကြောင်း၊ ကြင်နာကြောင်း ကလေးနဲ့ အတူ ကောင်းမွန်တဲ့ ဆက်ဆံရေးတခုကို တည်ဆောက်လိုကြောင်းကို ပြသပေးသင့်ပါတယ်။ ဒါဟာ ကလေးကို အချစ်ခံရတဲ့ ခံစားချက်ကို ပေးနိုင်ပြီး ကလေးရဲ့ စိတ်ပျော်ရွှင်မှုနဲ့ တခြားသူများအပေါ်မှာလည်း ကောင်းမွန်စွာ ဆက်ဆံတတ်လာအောင် ကူညီသင်ပြပေးရာရောက်ပါတယ်။ 


(၅) ခက်ခဲတဲ့ အချိန်တွေမှာ အတူရှိပေးပါ 


ကလေးက သင့်ကို လိုအပ်နေတဲ့ အချိန်မှာ အတူတူ ရှိပေးတာဟာ သင်တို့ နှစ်ဦးရဲ့ အမှတ်တရတွေကို ပိုမိုထင်ရှားစေပါတယ်။ ကလေးနေမကောင်းတဲ့အချိန်၊ စိတ်ဓါတ်ကျနေချိန် ၊ ဝမ်းနည်းနေချိန်၊ ကြောက်ရွံ့ချိန်၊ ကလေးရဲ့ အခက်ခဲဆုံး အချိန်ကာလတွေကို ဖြတ်ကျော်နေရတဲ့အချိန်မှာ မိဘရဲ့ ချစ်ခင်မှု၊ ကူညီမှု၊ ဖေးမမှုတွေ ရတာဟာ ကလေးအတွက် စိတ်ကျေနပ်စရာ အခိုက်အတန့် တခု ဖြစ်တာကြောင့် ဒီလို အချိန်တွေမှာ မိဘတွေအနေနဲ့ အချိန်ပေးပြီး အတူတူ ကုန်ဆုံးပေးဖို့ လိုပါတယ်။ 


မိဘတွေအနေနဲ့ ကလေးနဲ့ အတူတူ ကောင်းမွန်တဲ့ အမှတ်တရတွေ အတူတကွ ဖြတ်သန်းဖို့အတွက်ဟာ ငွေကြေးတွေ အများကြီး ကုန်ကျမှမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာ၊ စိတ်ခွန်အား၊ လိုလားစွာ ကလေးနဲ့အတူတူ အချိန်ကုန်ဆုံးခြင်း စတာတွေဟာ တန်ဖိုးရှိတဲ့ အချိန်ကောင်းတွေကို ပေးစွမ်းနိုင်တာဖြစ်ပြီး ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကိုပါ ပေးစွမ်းနိုင်ကြောင်း မျှဝေလိုက်ရပါတယ်။ 


 တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️ : 09-5131873







Categories

Other trending posts

1/28
bottom of page