စိတ်ဒဏ်ရာကြောင့် အကူအညီလိုနေပြီဖြစ်ကြောင်း သိနိုင်မယ့် အချက် (၆) ချက်
လူတိုင်းရဲ့ ဘဝမှာ စိတ်ထိခိုက်ဖွယ်ရာ၊ ကြေကွဲဝမ်းနည်းဖွယ်ရာနဲ့ ကြောက်ရွံ့ဖွယ်ရာ အဖြစ်အပျက်တွေကို တွေ့ကြုံခဲ့ဖူးကြမှာပါ။ ဒါတွေဟာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာအနေနဲ့ ထင်ကျန်ရစ်တဲ့အခါမှာ တိုက်ဆိုင်မှုရှိတိုင်း၊ ပြန်တွေးမိတိုင်း နာကျင်ခံစားရလေ့ရှိပါတယ်။ ဒဏ်ရာရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး စိတ်ဒဏ်ရာတွေရဲ့ သက်ရောက်မှုဟာ ကိုယ့်ရဲ့ နေ့စဥ်ဘဝကို ထိရောက်နိုင်ပြီး တခါတရံမှာ အကူအညီယူ၊ ဖြေရှင်းရတာတွေ ရှိနိုင်ပါတယ်။ စိတ်ဒဏ်ရာကြောင့် အကူအညီလိုအပ်နေပြီလို့ သိနိုင်မယ့် အချက် (၆) ချက် ကို ဒီကနေ မျှဝေပေးပါမယ်။
(၁) မကြာခဏဆိုသလို စိုးရိမ်ပူပန်နေမယ်
ဖြစ်ပျက်ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုနဲ့ အတွေ့အကြုံဟာ စိတ်ဒဏ်ရာ အဖြစ် ပြောင်းလဲသွားတဲ့အခါ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓါတ်ကျမှုတွေ ကြုံနေရနိုင်ပါတယ်။ အထူးသဖြင့် ဒီလို အဖြစ်အပျက်တွေ၊ ဒီအဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့ လူတွေနဲ့ နေရာတွေကို ရှောင်ဖို့ကြိုးစားနေရင်းနဲ့ စိတ်ဖိစီးမှုတွေ ခံစားနေရမယ်၊ ဒါတွေဟာ သင့်ရဲ့နေ့စဥ်ဘဝမှာ သက်ရောက်မှု ရှိနေမယ်ဆိုရင် သင့်ရဲ့ စိတ်ဒဏ်ရာအခြေအနေဟာ ကုသဖို့ လိုအပ်နေပြီလို့ ပြောနိုင်ပါတယ်။
(၂) အဖြစ်အပျက်တွေကို ပြန်မြင်ယောင်နေမယ်
အဖြစ်အပျက် ကိစ္စတွေ ပြီးဆုံးသွားသည့်တိုင်အောင် ဒီမြင်ကွင်းတွေနဲ့ ခံစားချက်တွေကနေ မရုန်းထွက်နိုင်ဘူး ၊ ဒါတွေကို ပြန်မြင်ယောင်နေပြီး ပုံမှန် နေ့ရက်တွေကို ဖြတ်သန်းရတာ ခက်ခဲနေတယ် ဆိုရင်တော့ စိတ်ဒဏ်ရာ တွေဟာ သင့်အပေါ် ကြီးကြီးမားမား သက်ရောက်နေပြီ လို့ ပြောလို့ရပါတယ်။ ဒီလိုအခြေအနေမှာ လက်တွေ့ဘဝနဲ့ ဝေးကွာလာတတ်ပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံတွေ့နိုင်ရတာကြောင့် အချိန်မှီ ကုသဖြေရှင်းဖို့ အရေးကြီးပါတယ်။
(၃) အိပ်စက်ရ ခက်ခဲနေမယ်
စိတ်ဒဏ်ရာတွေကို မဖြေရှင်းတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ အတွေးတွေထဲမှာ နေရာယူလာနိုင်ပြီး အိပ်စက်ရ ခက်ခဲတာ၊ အိပ်မပျော်တာ၊ အိပ်မက်ဆိုးမက်တာ၊ စတဲ့ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို အိပ်စက်မှု ပြဿနာတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ အာရုံစူးစိုက်မှု အားနည်းလာခြင်း၊ စိတ်မကြည်လင်ခြင်း၊ စိတ်တိုဒေါသထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ရောဂါအလွယ်တကူ ကူးစက်ခံရခြင်း စတာတွေ ဖြစ်လာနိုင်တာကြောင့် သတိပြုဖို့ အရေးကြီးပါတယ်။
(၄) ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာတွေ ရှိနေမယ်
စိတ်ဒဏ်ရာရဲ့ နောက်ဆက်တွဲအခြေအနေတွေကြောင့် စိတ်ဓါတ်ကျမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေဟာ နေ့စဥ်ပေါင်းသင်းဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပြီး အချိန်ကြာလာတဲ့အခါ လူမှုဆက်ဆံရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဒဏ်ရာကြောင့် လူတွေနဲ့ ပတ်ဝန်းကျင်တချို့ကို ရှောင်ဖယ်ရာကနေ လူမှုနယ်ပယ်ကနေ ကင်းကွာလာပြီ ဆိုရင်တော့ စိတ်ဒဏ်ရာကို ကုစားဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။
(၅) မူးယစ်ဆေးဝါးနဲ့ အရက်ကို စွဲလမ်းနေမယ်
စိတ်ဒဏ်ရာတွေကို ခံစားရသူတချို့ဟာ စိတ်ပိုင်းဆိုင်ရာ ဖြေဖျောက်စေရန်အတွက် တချို့သော အရာတွေကို မှီခိုတတ်လာပြီး ဒီအရာတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ အရက်ကလည်း အပါအဝင် ဖြစ်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးဝါးဟာ စိတ်ကို ပြောင်းလဲစေတတ်ပြီး နောက်ဆက်တွဲ အနေနဲ့ အမှားကျုးလွန်မိတတ်တဲ့အခါ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ဒါတွေကို မဖြစ်ခင်ကြိုတင် ကာကွယ်ဖို့ အရေးကြီးပါတယ်။
(၆) ကိုယ့်ကိုကိုယ် အန္တရာယ်ပြုမိနေမယ်
စိတ်ဒဏ်ရာတွေရဲ့ သက်ရောက်မှုတွေ ကြီးမားလာတဲ့အခါမှာ ကိုယ့်ကိုကိုယ် အန္တရာယ်ပြုတာတွေ ၊ အဆုံးစီရင်တာတွေ အထိ ဖြစ်လာနိုင်ပြီး ဒါကို မိမိကိုယ်ကို သတိပြုမိပြီး ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလို အခြေအနေကို ခံစားသိရှိနေပြီ ဆိုရင်တော့ စိတ်ဒဏ်ရာအတွက် အကူအညီယူဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
စိတ်ဒဏ်ရာတွေဟာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပြီး အခြေအနေ ဆိုးလာတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေအထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ စိတ်ဒဏ်ရာတွေဟာ တကိုယ်တည်း ဖြေရှင်းဖို့အတွက် မလွယ်ကူတာကြောင့် စိတ်ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး အကူအညီ လိုအပ်လာပြီ ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဆီကနေ အကူအညီတောင်းခံပြီး စနစ်တကျ ကုသမှု ခံယူသင့်ကြောင်း မျှဝေလိုက်ရပါတယ်။
သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873