top of page

စိတ်ကျဝေဒနာ (Depression) ရဲ့ သင့်နေ့စဥ်ဘဝအပေါ် သက်ရောက်မှုအကြောင်း 



စိတ်ကျဝေဒနာ ဆိုတာ သာမန် ဝမ်းနည်းတာ ၊ စိုးရိမ်ပူပန်တာထက် ပိုတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တခုဖြစ်ပါတယ်။ စိတ်ကျဝေဒနာ ခံစားရသူတွေဟာ သာမန်လူတွေထက် လူမှုရေး၊ အလုပ်အကိုင် ၊ ပညာ သင်ကြားရေး၊ ဘဝရပ်တည်ချက်အပိုင်းနဲ့ ခန္ဓာကိုယ်ကျန်းမာရေးမှာ ဆိုးကျိုးများစွာ ရှိနိုင်တယ်ဆိုတာကို လေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။ ဒါ့ကြောင့် စိတ်ကျဝေဒနာက နေ့စဥ်ဘဝရဲ့ ဘယ်အစိတ်အပိုင်းတွေမှာ သက်ရောက်မှု ရှိနေတယ် ဆိုတဲ့ အကြောင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။ 


စိတ်ကျဝေဒနာနဲ့ ဘဝအရည်အသွေး (quality of life) 


စိတ်ကျဝေဒနာ ခံစားရသူတွေမှာ ဘဝအရည်အသွေးအပိုင်းမှာ တခြားသူတွေနဲ့ယှဥ်ရင် ထိခိုက်မှု ရှိနေပါတယ်။ အထူးသဖြင့် ဝမ်းနည်းမှု၊ မျှော်လင့်ချက်မဲ့မှုတွေ ခံစားရနိုင်သလို မကြာခဏ စိတ်တိုဒေါသထွက်တာ၊ ရန်ဖြစ်တာ၊ အနီးက လူတွေနဲ့ အဆင်မပြေတာတွေလည်း ဖြစ်တတ်ပါတယ်။ အရာရာမှာ စိတ်ဝင်စားမှု နည်းပါးလာတာ၊ အတွေးအခေါ်အပိုင်းမှာ အားနည်းလာတာတွေအပြင် အမြဲလိုလို အားအင် ချိနဲ့ မောပန်းနေတတ်ပါတယ်။ တခါတရံမှာလည်း သတိမေ့လွယ်တာ၊ အိပ်စက်ရခက်ခဲတာတွေ ဖြစ်နိုင်ပြီး ခန္ဓာကိုယ် ကျန်းမာရေးပြဿနာတွေအထိပါ ထိခိုက်နိုင်ပါတယ်။ တချို့မှာ စိတ်ကျဝေဒနာကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့အထိပါ ကြံစည်တတ်တာကြောင့် စိိတ်ကျဝေဒနာဟာ ဘဝရဲ့ အရည်အသွေး (Quality of Life) ကို များစွာ သက်ရောက်မှု ရှိတယ်လို့ ပြောနိုင်ပါတယ်။ 


စိတ်ကျဝေဒနာနဲ့ အလုပ်အကိုင်


စိတ်ကျဝေဒနာဟာ သင့်ရဲ့ လုပ်ရည်ကိုင်ရည် စွမ်းဆောင်နိုင်မှု အပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ စိတ်ထိခိုက်လွယ်ရာကနေစပြီး အာရုံစူးစိုက်မှု ခက်ခဲခြင်း စတဲ့ လက္ခဏာတွေဟာ စိတ်ကျဝေဒနာဖြစ်သူတွေမှာ မကြာခဏ ကြုံတွေ့ရနိုင်သလို ဒါဟာ အလုပ်အကိုင်မှာ ထိခိုက်နိုင်တာ ဖြစ်ပါတယ်။ စိတ်ကျဝေဒနာ ခံစားရတဲ့အခါ အလုပ်ကို ပျက်ကွက်တာတွေ ဖြစ်နိုင်သလို အလုပ်ကို သွားဖြစ်တဲ့ နေ့ရက်တွေမှာလည်း အလုပ်ကို စိတ်မဝင်စားတာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အချိတ်အဆက် မမိတာတွေ ဖြစ်နိုင်ပါတယ်။ 

ဒီလိုနဲ့ အချိန်ကြာလာတာနဲ့အမျှ အလုပ်တာဝန်လစ်ဟင်းမှုနဲ့ အလုပ်က တခြားသူတွေနဲ့ အဆင်မပြေမှုတွေ ဖြစ်လာနိုင်ပြီး အလုပ်နဲ့ပတ်သက်တဲ့ ယုံကြည်မှုတွေ ကျဆင်းတာ ၊ စိိတ်ဓါတ်တက်ကြွမှု အားနည်းလာတာ၊ အလုပ်ကို အချိန်မှီ မပြီးနိုင်တာ၊ အလုပ်ကို အချိန်ဆွဲဖြစ်လာတာ၊ အလုပ်နောက်ကျတာတွေ ဖြစ်လာနိုင်ပြီး ဒါဟာ ရေရှည်မှာ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အခွင့်အလမ်း၊ တိုးတက်မှုတွေကို တားဆီးလာနိုင်ပါတယ်။ 


စိတ်ကျဝေဒနာနဲ့ Relationship 


စိတ်ကျဝေဒနာ ခံစားရသူတွေမှာ အားအင်ကုန်ခမ်းပြီး စိတ်တက်ကြွမှုနဲ့ စိတ်ဝင်စားမှု အားနည်းလာနိုင်တာကြောင့် ကိုယ်နဲ့ နီးစပ်ရာ ချစ်ခင်သူတွေနဲ့ ပတ်သက်ဆက်နွယ်မှုမှာပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီအချိန်မှာ ပုံမှန် လုပ်ဆောင်ရမယ့် မိသားစု တာဝန်တွေ လစ်ဟင်းတာ၊ သားသမီးတွေအပေါ်မှာ ဆက်ဆံတဲ့ ပုံစံပြောင်းလဲတာ၊ မိသားစုတွင်း ပဋိပက္ခ နဲ့ နားလည်မှုလွဲတာတွေ ဖြစ်တာ၊ ချစ်သူရည်းစား၊ ဇနီးမောင်နှံတွေမှာ သဘောထားကွဲလွဲတာတွေ ဖြစ်လာနိုင်ပါတယ်။ 

ဒီလိုမျိုး စိတ်ကျဝေဒနာကြောင့် သင့်ရဲ့ နေ့စဥ်ဘဝမှာ သက်ရောက်မှုတွေ ရှိလာပြီဆိုရင် သက်သာစေမယ့် နည်းလမ်းတွေကို ဆက်လက်မျှဝေပေးချင်ပါတယ်။ 


(၁) ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ ဆွေးနွေးပါ 

စိတ်ကျဝေဒနာအတွက် သင်ကိုယ်တိုင် ဖြေရှင်းရခက်ခဲတယ်၊ အချိန်ကြာတဲ့အထိ လက္ခဏာတွေက မသက်သာဘူးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ ဆွေးနွေးဖို့ လိုပါတယ်။ တခါတရံမှာလည်း အခြေအနေအရ စိတ်ကျရောဂါကုသဆေးများနဲ့ အချိန်ပေးပြီး ကုသရတာ ရှိနိုင်ပါတယ်။ 


(၂) စိတ်ပိုင်းဆိုင်ရာ အထောက်အပံံ့ ရယူပါ 

ကိုယ်ယုံကြည်ရတဲ့ တစုံတယောက်၊ ချစ်သူခင်သူ၊ သူငယ်ချင်း မိတ်ဆွေ ထံကနေ စိတ်ပိုင်းဆိုင်ရာ အကူအညီ ရယူတာမျိုး၊ စိတ်ကျဝေဒနာအတွက် အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်တာမျိုး စသဖြင့် ထောက်ပံ့မှု ယူတာကလည်း စိတ်ကျဝေဒနာကို သက်သာလျော့ပါးစေနိုင်ပါတယ်။ တခါတရံမှာ စိတ်ကျဝေဒနာ ခံစားနေရသူ အချင်းချင်း ရင်ဖွင့်ပြောဆိုတဲ့ စကားဝိုင်းတွေကလည်း စိတ်ကျဝေဒနာနဲ့ ပတ်သက်ပြီး အတိုင်းအတာတခုအထိ ဖြေရှင်းပေးနိုင်ပါတယ်။ 


(၃) Journaling လုပ်ဖြစ်ပါစေ 

စိတ်ကျဝေဒနာ ခံစားနေရပေမယ့် ကိုယ့်ရဲ့ခံစားချက်တွေကို တခြားသူကို မမျှဝေချင်ဘူးဆိုရင် ခံစားချက်တွေကို ကိုယ်တိုင်သိနိုင်ဖို့အတွက် ချရေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ဒီလို ချရေးတဲ့အခါမှာ ကိုယ်ရဲ့ စိတ်ကျဝေဒနာ ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သတိပြုမိလာနိုင်သလို ဒါကလည်း စိတ်ကျဝေဒနာကို ကုသဖြေရှင်းရာမှာ အကူအညီဖြစ်နိုင်ပါတယ်။ 


စိတ်ကျဝေဒနာ (Depression) ဟာ နေ့စဥ်ဘဝကို သက်ရောက်မှု ရှိလာပြီဆိုရင် အခြေအနေ မဆိုးခင် ဖြေရှင်းဖို့ အရေးကြီးပါတယ်။ စိတ်ကျဝေဒနာရဲ့ နောက်ဆက်တွဲပြဿနာတွေက ပြင်းထန်တယ် ဆိုပေမယ့် အခုပြောတဲ့ နည်းလမ်းတွေနဲ့ အချိန်မှီ သက်သာအောင် ပြုပြင်နိုင်မယ်ဆိုရင်တော့ ပုံမှန် အခြေအနေကို ပြန်ရနိုင်ကြောင်း မျှဝေလိုက်ရပါတယ်။ 


သင့်အနေနဲ့ စိတ်ကျဝေဒနာနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/34
bottom of page