top of page

မိခင်တစ်ယောက်အတွက် စိတ်အပန်းဖြေချိန် ဘယ်လိုရှာဖွေရမလဲ



မိခင်တစ်ယောက်အနေနဲ့ ကလေးကို ပြုစုပျိုးထောင်ရတယ်ဆိုတာ လွယ်ကူတဲ့ အရာတခု မဟုတ်သလို အချိန်လည်း များစွာ ရင်းနှီးရပါတယ်။ အထူးသဖြင့် ကလေးအတွက်ရော အိမ်မှုကိစ္စရော၊ အလုပ်ခွင်ပါ ဝင်နေရတယ်ဆိုရင် မိခင်တစ်ယောက်ဟာ ကိုယ်ပိုင်အချိန်ဆိုတာ မရနိုင်လောက်အောင် တာဝန်တွေ ပိနေနိုင်ပါတယ်။ ဒါပေမယ့် မိခင်ဘဝဆိုတာ တခဏတာ မဟုတ်ပဲ ရေရှည်သွားရတာ ဖြစ်လို့ ပြည့်ပြည့်ဝဝ အနားယူဖို့ အရေးကြီးပါတယ်။ မိခင်တစ်ယောက်အတွက် ကိုယ်ပိုင်အချိန်ကို ဘယ်လိုရှာဖွေရမလဲဆိုတာ ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) သဘာဝနဲ့ ထိတွေ့ပါ  


မိခင်တစ်ယောက်ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ကို ကြည်နူးအေးချမ်းစေဖို့ဆိုရင် သဘာဝရဲ့ အငွေ့အသက် လိုအပ်ပါတယ်။ အပင်လေးတွေ စိုက်တာ၊ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်မှာ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ လေကောင်းလေသန့်ရတဲ့ နေရာမှာ အသက်ဝဝရှုပြီး လေညှင်းခံတာတွေဟာ စိတ်ကို ပေါ့ပါးအေးချမ်းစေတာကြောင့် သဘာဝနဲ့ထိတွေ့တာကို တစ်ပတ်အနည်းဆုံး တစ်ကြိမ်လောက် ပြုလုပ်ပေးသင့်ပါတယ်။ ဒါဟာ မိခင်တွေအတွက် အလွယ်ကူဆုံးနဲ့ ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။


(၂) ဝါသနာပါရာအတွက် အချိန်ပေးဖြစ်ပါစေ 


မိခင်တွေဟာ မိုးလင်းမိုးချုပ် ကလေးနဲ့ပဲ အချိန်ကုန်ဖြစ်တဲ့အခါမှာ ကိုယ်ကြိုက်တဲ့အရာတွေ့ကို မေ့လျော့နေတတ်ကြပါတယ်။ အချိန်ကြာလာတဲ့အမျှ ကိုယ်နှစ်သက်တဲ့အရာတွေနဲ့ ဝေးကွာလာတတ်ပြီး စိတ်ထွက်ပေါက်မရှိ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်သဘောကျနှစ်သက်တဲ့အရာတွေ၊ ကိုယ်ဝါသနာပါတာတွေ ဖြစ်တဲ့ သိုးမွေးထိုးတာ၊ ပန်းချီဆွဲတာ၊ စာဖတ်တာ၊ ဟင်းချက်တာ၊ ရေကူးတာ စတဲ့အရာတွေကို အချိန်သီးသန့်ပေးပြီး လုပ်ပေးထားတာ စိတ်ပင်ပန်းမှုတွေကို လျော့ပါးသက်သာစေပါတယ်။ 


(၃) အားကစား၊ ယောဂ လုပ်ပေးပါ 


အားကစားလုပ်တာ၊ ယောဂလုပ်တာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာတွေဟာ ခန္ဓာကိုယ်အတွက်ရော စိတ်အတွက်ပါ အကျိုးရှိစေတဲ့ အရာတွေဖြစ်ပါတယ်။ မိခင်အများစုဟာ ကလေးမွေးပြီးနောက်မှာ ကိုယ်အလေးချိန်တက်လာလေ့ရှိပြီး ခန္ဓာကိုယ်မှာ အပြောင်းအလဲများစွာ ဖြစ်လာတဲ့အခါ ပြန်လည်ကျန်းမာ သန်စွမ်းဖို့အတွက် လေ့ကျင့်ခန်း တခုခု ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း ၊ အားကစားလုပ်တာဟာ စိတ်ကို ပေါ့ပါးသွက်လက်စေပြီး ပျော်ရွှင်တက်ကြွစေဖို့ ကူညီပေးနိုင်ပါတယ်။


(၄) ရံဖန်ရံခါ အပြင် ထွက်လည်ပါ 


ကလေးနဲ့ပဲ တနေကုန် အချိန်ကုန်ဆုံးရတဲ့ အထူးသဖြင့် Stay At Home Mom တွေဟာ ပြင်ပလောကနဲ့ ကွင်းကွာနေတတ်ကြပြီး ရေရှည်မှာ ကိုယ့်ကိုကိုယ် ပျောက်ဆုံးသလို ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးကို အိမ်မှာ စိတ်ချရတဲ့ တစုံတယောက်နဲ့ ထားခဲ့ပြီး အပြင်မှာ သူငယ်ချင်းတွေနဲ့ တွေ့တာ၊ လက်တွဲဖော်နဲ့ အတူတူ Date တာ၊ စျေးဝယ်ထွက်တာ စတာတွေကို တစ်လကို တစ်ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။ ဒါဟာ ခဏတဖြုတ် စိတ်အပြောင်းအလဲဖြစ်စေတာကြောင့် မိခင်တွေအတွက် စိတ်အပန်းဖြေဖြစ်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ 


(၅) ရင်ဖွင့်ဖြစ်ပါစေ 


မိခင်တွေအနေနဲ့ တခါတရံမှာ စိတ်ရော လူရော ပင်ပန်းနွမ်းနယ်ပြီး ခံစားရသမျှကို တစုံတယောက်ကို ရင်ဖွင့်ပြောပြလိုတဲ့ အချိန်တွေ ရှိတတ်ကြပါတယ်။ အထူးသဖြင့် ခံစားချက်တွေကို နားလည်နိုင်တဲ့ ဘဝတူမိခင်တစ်ယောက် ၊ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်း ဖြစ်နိုင်သလို လက်တွဲဖော်ကိုလည်း ရင်ဖွင့်လေ့ရှိတတ်ကြပါတယ်။ တခါတရံ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာချိန်မှာတော့ ကျွမ်းကျင်တဲ့ စိတ်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တာလည်း ရှိနိုင်ပါတယ်။ မည်သူ့ကိုပင်ဖြစ်ပါစေ.. ခံစားရတာတွေကို မျိုသိပ်မထားပဲ ဖွင့်ဟသင့်သလို မွန်းကြပ်မှုတွေကို လျှော့ချ သင့်ပါတယ်။ 


မိခင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုကြောင့် တခါတရံမှာ စိတ်ခံစားချက်ကို မထိန်းနိုင်တာ ဖြစ်တတ်ပြီး ကလေးအပေါ် စိတ်မရှည်တာ၊ ဝမ်းနည်းတာ၊ စိတ်တိုဒေါသထွက်တာတွေ ဖြစ်နိုင်ပြီး ဒါဟာ ကိုယ်ပိုင်အချိန်မလိုအပ်တာကြောင့်လည်း ဖြစ်နိုင်သလို တခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ မိခင်တစ်ယောက်အနေနဲ့ သင်နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/26
bottom of page