top of page

ရွှေ့ပြောင်းအလုပ်သမားများနဲ့ စိတ်ကျန်းမာရေးအကြောင်း


တစ်နယ်ရပ်ခြားကို ရွှေ့ပြောင်း လုပ်ကိုင်ရတဲ့ အလုပ်သမားတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထူးဂရုပြုဖို့ လိုပါတယ်။ အထူးသဖြင့် စိတ်ဓါတ်ကျတာ၊ စိတ်ဖိစီးတာ၊ အထီးကျန်အားငယ်တာနဲ့ စိတ်ပူပန်သောက ရောက်တာတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ကြုံနေကျ အခြေအနေတွေ ဖြစ်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) Work- Life- Balance မျှအောင်နေပါ 


တနယ်ခြားမှာ အလုပ်ကို ကြိုးစားပမ်းစား လုပ်တာဟာ ကောင်းမွန်တဲ့ အချက်ဆိုပေမယ့် လိုတာထက်ပိုပြီး အလုပ်ထဲကို အချိန်တိုင်းလိုလို စိတ်နှစ်ထားတာဟာ သင့်ကို ပင်ပန်းစေပြီး တချိန်ချိန်မှာ စိတ်ပိုင်းဆိုင်ရာအားဖြင့်  ထိခိုက်နစ်နာစေနိုင်ပါတယ်။ စိတ်ကျန်းမာရေးဟာ ကိုယ်ခန္ဓာအတွက်လည်း အရေးပါတဲ့အရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်လုပ်ချိန်မှာ ကြိုးစားလုပ်ကိုင်ပြီး ကျန်တဲ့အချိန်မှာတော့ အပြည့်အဝ အနားယူဖို့အတွက် အချိန်ပေးသင့်ပါတယ်။ 


(၂) ဘဝတူ အချင်းချင်း ရင်ဖွင့်ပါ 


ရွှေ့ပြောင်းလုပ်သားများ အချင်းချင်း၊ ရင်ဘက်ချင်း နီးသူ အချင်းချင်း အပြန်အလှန် အတွေ့အကြုံမျှဝေတာ၊ ရင်ဖွင့်တာ၊ ဖေးမ ကူညီတာတွေဟာ စိတ်ကို ပေါ့ပါးစေပြီး ခံစားမှုတွေကို အထိုက်အလျောက် သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် တဦးထဲ အတွေးများစွာနဲ့ အချိန်ကုန်ဆုံး နေတာထက် တစ်ခါတစ်ရံမှာ ဘဝတူ မိတ်ဆွေတွေနဲ့ အတူတူ အချိန်ကုန်ဆုံးတာမျိုး ပြုလုပ်သင့်ပါတယ်။ 


(၃) မိသားစုနဲ့ ဆက်သွယ်ပါ 


အိမ်နဲ့ ဝေးကွာနေတဲ့အချိန်မှာ အဝေးရောက် မိသားစုက ပေးတဲ့ ခွန်အားဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒါ့ကြောင့် အလုပ်က အားတဲ့အချိန်မှာ မိသားစုနဲ့ ဆက်သွယ်တာ၊ ကိုယ့်ရဲ့ လက်ရှိ အတွေ့အကြုံ မျှဝေတာမျိုး ပြုလုပ်သင့်ပါတယ်။ ဒါဟာ အဝေးရောက်နေသူတွေကို နီးစပ်စေတဲ့ အလွယ်ကူဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမယ့် နေ့တိုင်း အချိန်တိုင်းမှာ မိသားစုအကြောင်းပဲ တွေးမိနေတယ်၊ မိသားစုကိုပဲ လွမ်းဆွတ်တမ်းတနေတယ် ဆိုရင်တော့ အလုပ်မှာ ထိခိုက်နိုင်တာကိုလည်း သတိပြုရမှာပါ။ 


(၄) ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ အချိန်ပေးပါ 


အဝေးမှာ နေရချိန်၊ မိသားစုနဲ့ ဝေးကွာနေချိန်မှာ ကိုယ့်ကို ဂရုစိုက်ပေးမယ့်သူက ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နာမကျန်းဖြစ်တဲ့အချိန်တွေဟာ ရွှေ့ပြောင်းလုပ်သားတွေအတွက် စိတ်ပိုင်းဆိုင်ရာ အနာကျင်ရဆုံး ကာလတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင် ဂရုစိုက်ပြီး စိတ်ရော၊ လူရော ကျန်းမာအောင်နေဖို့ အရေးကြီးပါတယ်။ 


(၅) ဝါသနာပါတာ တခုခု လုပ်ဖြစ်ပါစေ 


အလုပ်ကနေ အနားရတဲ့အချိန်မှာ စိတ်အပြောင်းလဲ ဖြစ်စေမယ့် အရာတခုခုကို ပုံမှန် လုပ်ကိုင်တာဟာ နေ့စဉ် စိတ်ဖိစီးမှုကို ကာကွယ်ပေးရာ ရောက်ပါတယ်။ ဥပမာ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကစားတာ၊ ပန်းချီဆွဲတာ၊ စာဖတ်တာ၊ ပန်းပင်စိုက်တာ စတဲ့ အသေးအမွှား အပြုအမူလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို လျော့ပါးစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


ရွှေ့ပြောင်းလုပ်သားတွေ ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲ ပြဿနာတွေဟာ နောက်ဆက်တွဲအနေနဲ့ ဆိုးကျိုးများစွာ ဖြစ်နိုင်သလို တစ်ခါတစ်ရံမှာ ကိုယ့်ကိုကိုယ် အန္တရာယ်ပြုသည်အထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ 


သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873


Categories

Other trending posts

1/21
bottom of page