top of page

ပထမဆုံးအကြိမ် မိဘဖြစ်တဲ့အခါ ကြုံတွေ့ရတဲ့ ခံစားချက်တွေကို ထိန်းသိမ်းနည်း  



ကိုယ်တိုင်ရွေးချယ်လို့ပဲဖြစ်ဖြစ် မျှော်လင့်မထားတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ် မိဘနေရာကို ရောက်လာပြီ၊ ပထမဆုံးအကြိမ် မိဘဖြစ်ပြီ ဆိုတဲ့အခါမှာ ထူးခြားတဲ့ စိတ်ခံစားချက်တွေ များစွာ ကြုံတွေ့နိုင်ပါတယ်။ ပျော်ရွင်ခြင်း၊ ကြည်နူးခြင်း၊ ပီတိဖြစ်ခြင်းဆိုတဲ့ အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို ခံစားရနိုင်သလို စိုးရိမ်ပူပန်မှု၊ စိတ်တိုင်းမကျမှု ၊ စိတ်မသက်သာဖြစ်မှု စတဲ့ ခံစားချက်တွေကို လည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီလို စိတ်ခံစားချက်တွေက အထိန်းအကွပ်မဲ့ ဖြစ်လာတဲ့အခါ ကိုယ်တိုင်နဲ့ ကလေးအပေါ်မှာ သက်ရောက်မှု များစွာ ရှိလာနိုင်တာကြောင့် ဒါတွေကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) လက်တွဲဖော်နဲ့ မျှဝေပါ 


ပျော်စရာ ၊ ဝမ်းနည်းစရာနဲ့ ခံစားရတဲ့ ခံစားချက်တွေကို လက်တွဲဖော်နဲ့ အတူတူ ဝေမျှတာဟာ အကောင်းဆုံးနည်းလမ်းတခု ဖြစ်ပါတယ်။ မိဘအဖြစ်ကို အတူတူ ကူးပြောင်းရောက်ရှိလာတာချင်း တူသလို စိတ်တူကိုယ်တူနဲ့ ဘဝတစ်ခုကို တည်ထောင်နေကြသူတွေ ဖြစ်တာကြောင့် အချင်းချင်း မျှဝေပြီး နည်းလမ်းရှာဖွေတာဟာ ထိရောက်မှုရှိနိုင်ပါတယ်။ တကယ်လို့ လက်တွဲဖော်အနေနဲ့ မျှဝေဖို့ရာ အဆင်မပြေခဲ့ရင်တော့ တခြားသော မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ရင်ဖွင့်မျှဝေသင့်ပါတယ်။ 


(၂) လက်တွေ့ကျပါစေ 


ကလေးရဲ့ မိဘနေရာကို ရောက်လာတဲ့အခါမှာ မိဘတိုင်းက ကိုယ့်ရဲ့ သားသမီးအတွက် အကောင်းဆုံးတွေကိုပဲ ဖြည့်ဆည်းပေးလိုကြပါတယ်။ ဒီအချိန်မှာ ကိုယ်မျှော်မှန်းသလောက် မပြည့်စုံမှာ စိုးတဲ့စိတ်က စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို ဖြစ်နိုင်သလို မိသားစုရဲ့ တန်ဖိုးရှိတဲ့ ပျော်ရွင်မှုတွေကို လျော့ပါးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်တတ်စွမ်းတဲ့ အတိုင်းအတာလောက်ပဲ ဖြည့်ဆည်းပေးနိုင်ဖို့ကို ဦးစားပေးသင့်သလို လက်တွေ့ကျကျနဲ့ ဆင်ခြင်သုံးသပ်နိုင်ဖို့ လိုအပ်ပါတယ်။ 


(၃) ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ 


မိဘနေရာကို ရောက်လာတဲ့ အခါမှာ သားသမီးကိုပဲ ပံ့ပိုးလိုတဲ့ ဆန္ဒနဲ့ ရှင်သန်တတ်ကြပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါ့ကြောင့် မိဘနေရာကို ရောက်လာချိန်မှာလည်း Self care လုပ်ဖြစ်ဖို့ ၊ ကိုယ်ဝါသနာပါတာကို အချိန်ပေးဖို့၊ Me Time ပုံမှန် ပေးဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ကလေးကိစ္စနဲ့ပဲ နေ့စဥ်လုံးပမ်းနေရင်းကနေ Burn Out ဖြစ်မသွားစေဖို့ အကောင်းဆုံး ကူညီပေးနိုင်မှာ ဖြစ်သလို ကလေးမိဘတွေရဲ့ စိတ်ကျန်းမာရေးအတွက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


(၄)  အခြားသူများနဲ့  နှိုင်းယှဥ်ခြင်း မပြုလုပ်ပါနဲ့ 


လူတိုင်းမှာ မတူခြားနားတဲ့ စံသတ်မှတ်ချက်တွေ ရှိသလို အခြေအနေတွေကလည်း ကွဲပြားနိုင်ပါတယ်။ ဒါတွေကို မိမိရဲ့ လက်ရှိအနေအထားနဲ့ နှိုင်းယှဥ်တဲ့အခါ အားငယ် စိတ်ဓါတ်ကျတာတွေ ဖြစ်လာနိုင်သလို ကွဲပြားမှုတွေကို လက်မခံနိုင်တာလည်း ရှိလာနိုင်ပါတယ်။ အထူးသဖြင့် မိဘနေရာကို ပထမဆုံးရောက်လာသူတွေ အနေနဲ့ ပတ်ဝန်းကျင် ရဲ့ လွှမ်းမိုးမှုတွေ များစွာ ရှိနိုင်သလို ဒီလွှမ်းမိုးမှုတွေကနေ စိတ်ဖိစီးမှုတွေလည်း ဖြစ်လာနိုင်တာကို အထူးဂရုပြဖို့် လိုပါတယ်။ 


(၅) စိတ်ပိုင်းဆိုင်ရာ အကူအညီ ရယူပါ 


မိဘနေရာကို ရောက်လာတဲ့အခါမှာ အရင်ထက် စိတ်ပင်ပန်းစရာတွေ ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုရှိလာနိုင်ပြီး တခါတရံမှာ ဒီပြဿနာတွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် နောက်ဆက်တွဲပြဿနာတွေ တွဲပြီးလာတတ်ပါတယ်။ အထူးသဖြင့် ဒီစိတ်ပိုင်းဆိုင်ရာ အကြပ်အတည်းတွေကြောင့် ကိုယ်တိုင်နဲ့ ကလေးအပေါ်မှာ စိတ်ဖိစိးမှုတွေ ဖြစ်နိုင်သလို အန္တရာယ်ပြုခြင်းတွေ အထိ ပြုလုပ်နိုင်တာကြောင့် ဒီလို အခြေအနေမျိုးမှာတော့ မဖြစ်မနေ စိတ်ပိုင်းဆိုင်ရာ အကူအညီ ယူဖို့ လိုပါတယ်။ 


မိဘအဖြစ်ကို ကူးပြောင်းခြင်း ဖြစ်စဥ်ဟာ လွယ်ကူတဲ့ အရာတခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ကြိုတင်ပြင်ဆင်ထားခြင်း မရှိပဲ ကလေးယူဖြစ်တာ၊ ပထမဆုံးအကြိမ် မိဘဖြစ်တဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ အပါအဝင် အစစအရာရာမှာ အခက်အခဲ မဖြစ်စေဖို့ အထူးဂရုပြုသင့်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ လေ့လာမှုတွေ များစွာလုပ်ဖို့လိုသလို ကိုယ့်ရဲ့ စိတ်အခြေအနေကိုလည်း အမြဲဆန်းစစ်နေဖို့ လိုအပ်တဲ့အပြင် လိုအပ်တဲ့ အချိန်မှာလည်း အကူအညီရယူသင့်ကြောင့် မျှဝေလိုက်ရပါတယ်။ 


တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️ : 09-5131873












Categories

Other trending posts

1/26
bottom of page