ကိုယ်ဝန်ဆုံးရှုံးပြီးနောက် ကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
ရင်သွေးလေးကို ပိုင်ဆိုင်ရပြီ ဆိုတာနဲ့ ကိုယ်ဝန်ဆောင်ချိန်ကစလို့ မွေးဖွားချိန်အထိ အဆင်ပြေ ချောမွေ့စေလိုတာက မိဘတိုင်းရဲ့ ဆန္ဒပါပဲ။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ အကြောင်းတွေကြောင့် တချို့မှာ ကိုယ်ဝန်ဆုံးရှုံးမှုကို ကြုံရတာလည်း ရှိတတ်ကြပါတယ်။ ဒီအချိန်မှာ နှမြောဝမ်းနည်းစိတ်၊ ယူကြုံးမရတဲ့ စိတ်တွေနဲ့ အတူ ခံစားချက်မျိုးစုံကို ခံစားရနိုင်ပြီး ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့အတွက် အချိန်တခု ယူဖို့ လိုပါတယ်။ ဒီလို ခက်ခဲတဲ့ အချိန်ကာလမှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ဒါတွေကို ဖြေလျော့သက်သာစေမယ့် နည်းလမ်းတွေကို ဒီကနေ ပြောပြချင်ပါတယ်။
(၁) ကြေကွဲ ဝမ်းနည်းခြင်း
ရင်သွေးကို ဆုံးရှုံးရတဲ့ ခံစားမှုကြောင့် ဘာနဲ့မှ မတူတဲ့ ဆုံးရှုံးမှုနဲ့ ကြေကွဲဝမ်းနည်းမှုတွေကို ခံစားရနိုင်ပါတယ်။ ကြေကွဲ ဝမ်းနည်းမှုတွေဟာ အဆင့်ဆင့် ရှိတာကြောင့် အစပိုင်းမှာ မယုံကြည်နိုင်၊ လက်မခံနိုင်ဖြစ်မယ်၊ ဒီနောက်မှာ အပြစ်ရှိသလို ခံစားရမယ်၊ စိတ်တိုဒေါသထွက်ပြီး မခံမရပ်နိုင်အောင်ဖြစ်မယ် ၊ စိတ်ဓါတ်ကျမယ် ၊ နောက်ဆုံးမှာတော့ ဒီအဖြစ်အပျက်ကို အမှန်လို့ လက်ခံနိုင်လာမယ်၊ ဒီဖြစ်စဥ် ခံစားမှုတွေကို ခံစားနေရတဲ့ တောက်လျှောက်မှာ စိတ်ပင်ပန်းမှုကို နေ့စဥ်နဲ့ အမျှ ကြုံတွေ့နေနိုင်ပါတယ်။
(၂) အပြစ်ရှိသလို ခံစားရခြင်း
ကလေးဆုံးရှုံးမှုအတွက် အပြစ်မကင်းသလို ခံစားရတာ၊ ကိုယ့်ကိုကိုယ် အပြစ်တင်တာတွေကို ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ အများစု ခံစားရလေ့ရှိကြပါတယ်။ အထူးသဖြင့် တခုခု လွဲချော်တာ၊ မတော်တဆ ဖြစ်တာ၊ ထိခိုက်မိတာ စတာကြောင့် ကိုယ်ဝန်ပျက်စီးတဲ့ အခါမှာ ဒီလို အပြစ်တင်စိတ်တွေက ပိုဆိုးနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ ကိုယ့်ကိုကိုယ် အန္တရာယ် ပြုတာတွေ အထိ ဖြစ်လာနိုင်ပါတယ်။
(၃) လစ်ဟာမှုကို ခံစားရခြင်း
ကိုယ်ဝန်ပျက်ကျပြီးနောက် ခန္ဓာကိုယ်ရဲ့ အပြောင်းအလဲကို အမျိုးသမီးအများစုက မခံစားနိုင်ကြပါဘူး။ အထူးသဖြင့် လစ်ဟာမှုကို ခံစားရပြီးနောက် ရုန်းထွက်မရတဲ့ အခြေအနေတခုကို ကြုံတွေ့ရနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ပြင်းထန်စွာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ အမျိုးသမီးအတွက်ရော အတူနေ မိသားစုအတွက်ပါ မျှော်လင့်ချက် ဆုံးရှုံးမှုနဲ့ နှမြာတသ ဝမ်းနည်းမှုကို ခံစားရနိုင်ပါတယ်။
(၄) ထိန်းချုပ်ရ ခက်ခဲခြင်း
ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ ဟော်မုန်းအပြောင်းအလဲနဲ့ စိတ်ခံစားချက်တွေရဲ့ အကျိုးသက်ရောက်မှုကြောင့် စိတ်ခံစားချက်ကို ထိန်းချုပ်ရ ခက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ စိတ်လိုက်မာန်ပါ ပြုမူဆက်ဆံတာတွေ၊ ဒေါသထွက်တာတွေ ၊ ဝမ်းနည်းစိတ်နဲ့ အော်ဟစ်ငိုယိုတာတွေ ဖြစ်နိုင်ပြီး ဒါတွေဟာ ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင် အပေါ်မှာ သက်ရောက်မှု တွေရှိလာနိုင်ပါတယ်။
(၅) ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှု
ကိုယ်ဝန်ဆုံးရှုံးရတဲ့ ခံစားချက်ဟာ ကြီးမားတဲ့ လွှမ်းမိုးမှု ရှိနေနိုင်ပြီး အရိပ်တခုလိုမျိုး နောက်ကနေ လိုက်နေတတ်ပါတယ်။ ဒီအချိန်မှာ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်တာပဲ ဖြစ်ဖြစ်၊ ကိုယ်ဝန်ယူဖို့အတွက် ကြိုးစားတဲ့ အခါမှာပဲ ဖြစ်ဖြစ် ဒီသက်ရောက်မှုတွေကြောင့် စိတ်ဒဏ်ရာဖြစ်နိုင်ပြီး ကြောက်ရွံ့ထိတ်လန့်တာ၊ လိုတာထက် ပိုပြီး စိုးရိမ်တာ၊ ရင်မဆိုင်ရဲလောက်အောင် တွေးပူမိတာ စတာတွေကို ခံစားရနိုင်ပါတယ်။
ဒီလို စိတ်ခံစားချက်တွေ ခံစားနေရပြီဆိုရင် ဖြေလျော့စေဖို့ လုပ်နိုင်မယ့် နည်းလမ်းတွေကို ဆက်လက် ပြောပြပေးပါမယ်။
(၁) ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ
ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်မှုတွေ များစွာဖြစ်နိုင်သလို ပြန်လည် အနားယူဖို့ လိုပါတယ်။ အထူးသဖြင့် အိပ်စက်ချိန် အပြည့်အဝပေးတာ၊ အာဟာရ ပြည့်ဝအောင် စားတာ၊ ရေဓါတ်ပြည့်ဝအောင် ဖြည့်တာတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။
(၂) စိတ်ကို အနားပေးပါ
အစစအရာရာ ပင်ပန်းမှုတွေကြုံတွေ့ရပြီးနောက်မှာ စိတ်ကို အနားပေးဖို့ လိုပါတယ်။ အထူးသဖြင့် စိတ်ကို ဖြေလျော့စေမယ့် တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာနဲ့ တခြား ကိုယ်ဝါသနာပါတာတွေ ပြုလုပ်ပေးတာ၊ ဆုတောင်းတာ၊ သဘာဝနဲ့ ထိတွေ့တာတွေ ပြုလုပ်ပေးသင့်ပါတယ်။ စိတ်အပြောင်းအလဲ ဖြစ်စေဖို့ ခရီးထွက်တာ၊ စျေးဝယ်ထွက်တာ၊ အသစ်အဆန်း တခုခု လေ့လာတာတွေ ပြုလုပ်ပေးသင့်ပါတယ်။
(၃) ရင်ဖွင့်ပြောဆိုပါ
ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ အကြပ်အတည်းတွေကို တစုံတယောက်ကို ရင်ဖွင့် ပြောဆိုတာဟာ အတိုင်းအတာ တခုအထိ စိတ်ကို ဖြေလျော့စေပါတယ်။ အထူးသဖြင့် ကိုယ့်ကို နားလည်ပေးနိုင်မယ့် တစုံတယောက်၊ ခံစားချက် နီးစပ်တဲ့ မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ အတူရှိနေပြီး စကားပြောပေးတာဟာ စိတ်ခံစားမှုတွေကို သက်သာစေမှာ ဖြစ်ပါတယ်။
(၄) ချစ်ခင်ရသူတွေနဲ့ အချိန်ပေးပါ
ဆုံးရှုံးမှုမှာ ကြေကွဲဝမ်းနည်းနေမယ့် အစား လက်ရှိပိုင်ဆိုင်နေရတဲ့ မိသားစုကို တန်ဖိုးထားပြီး အချိန်ပေးတာက စိတ်ခံစားချက်တွေကို သက်သာစေနိုင်ပါတယ်။ ဒီလို အချိန်မှာ မိသားစုရဲ့ ဖေးမမှု၊ ဂရုစိုက်ချစ်ခင်မှုနဲ့ အချိန်ပေးမှုတွေဟာ စိတ်ရော လူရော ပြန်လည် ကျန်းမာစေဖို့ အကောင်းဆုံး ကူညီနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ချစ်ခင်ရသူတွေနဲ့ အတူတူ အချိန်ကုန်ဆုံး ဖြစ်စေဖို့ လိုပါတယ်။
ကိုယ်ဝန်ဆုံးရှုံးရတဲ့ အဖြစ်အပျက်ကနေ ရုန်းထွက်ဖို့ ကြိုးစားရတာဟာ လွယ်ကူတဲ့ အရာတခု မဟုတ်တာကြောင့် ပြန်လည် ကုစားရာမှာ အခက်အခဲ များစွာ ရှိနိုင်ပါတယ်။ အထူးသဖြင့် ခံစားချက်တွေကို ထိန်းချုပ်ရခက်ခဲနေမယ်၊ အတွေးတွေကြောင့် ကြောက်လန့်နေမယ် ၊ စိတ်ထိခိုက်မှု များစွာ ကြုံတွေ့နေရမယ်၊ ဒါတွေကြောင့် နေ့စဥ်ဘဝမှာ ထိခိုက်နစ်နာမှု များစွာ ဖြစ်နေမယ် ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူဆီကနေ အကူအညီ ယူဖို့ လိုကြောင်း မျှဝေလိုက်ရပါတယ်။
တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️ : 09-5131873