top of page

Single Parent တစ်ယောက်အဖြစ် ကလေးကို ပြုစုပျိုးထောင်ရဖို့ ဖြစ်လာတဲ့အခါ




သားသမီးရလာချိန်မှာ မိခင်၊ ဖခင် နှစ်ဦးအတူတကွ ပြုစုပျိုးထောင်ကြတာလည်း ရှိကြသလို တခါတရံမှာ တစ်ဦးတည်း ပြုစုပျိုးထောင်ရတဲ့ အခြေအနေလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် သဘောထားမတိုက်ဆိုင်မှုကြောင့် လမ်းခွဲကြတဲ့အခါ၊ အကြောင်းကြောင်းကြောင့် မိဘတစ်ဦးဦးက အဝေးမှာ နေရတဲ့အခါတွေမှာ တစ်ဦးတည်းကပဲ ကလေးအတွက် အစစအရာရာ ဖြည့်ဆည်းပေးရတာ ရှိတတ်ပါတယ်။ ဒီလို Single Parent တစ်ယောက်ဖြစ်လာတဲ့အခါမှာ အခက်အခဲ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင်တာကြောင့် Single Parent တစ်ယောက်အတွက် အသုံးဝင်မယ့် နည်းလမ်းတွေကို ဒီမှာ ပြောပြပေးချင်ပါတယ်။ 


(၁) ငွေကြေးဆိုင်ရာအတွက် ကြိုတင်စီမံပါ 


Single parent တစ်ယောက်ဖြစ်လာတဲ့အခါမှာ ကလေးစရိတ်ကုန်ကျငွေဟာ အစစအရာရာ တစ်ဦးတည်း တာဝန်ယူရတာကြောင့် ကြိုတင်စီမံထားဖို့ လိုပါတယ်။ များသောအားဖြင့် single parent တွေရဲ့ အဓိက ရင်ဆိုင်ရတဲ့ အရာဟာ ငွေကြေးပြဿနာပဲ အဖြစ်များတာကြောင့် ဒီအပိုင်းကို စနစ်တကျ စီမံ ခန့်ခွဲပြီး ရေတိုအတွက်ရော ရေရှည်အတွက်ပါ ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ ငွေကြေးအတွက် ကလေးကို ထားခဲ့ပြီး အလုပ်ထွက်လုပ်ရတာလည်း ရှိနိုင်သလို ဒီအချက်ကိုလည်း ကြိုတင်စီစဥ်ထားဖို့ အရေးကြီးပါတယ်။ 


(၂) ကလေးအတွက် အချိန်ပေးပါ 


ကလေးတွေအတွက် အလိုအပ်ဆုံးက မိဘဆီကပေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ အချိန်ဖြစ်ပါတယ်။ များသောအားဖြင့် Single Parent တစ်ယောက်ဟာ ကလေးပြုစုပျိုးထောင်ရေးအပြင် ငွေကြေးကိစ္စ၊ အိမ်မှုကိစ္စနဲ့ တခြားအရာတွေအတွက်ပါ အချိန်ပေးရတာကြောင့် ကလေးကို အချိန်ပေးနိုင်ဖို့ အခက်အခဲ ရှိတတ်ကြပါတယ်။ ဒါဟာ အချိန်ကြာလာတာနဲ့အမျှ ကလေးနဲ့ ဝေးကွာလာတတ်ပြီး ကလေးမှာလည်း ပညာရေး၊ ဖွံ့ဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဥ် ပုံမှန် ကလေးကို အချိန်ပေးနိုင်ဖို့အတွက် စီစဥ်ထားသင့်ပါတယ်။ 


(၃) ကိုယ်ပိုင်အချိန်ပေးပါ 


Single Parent တစ်ယောက်ဟာ တစ်ဦးတည်း ရင်ဆိုင်ရတဲ့ တာဝန်ကြီးမားမှု၊ ကလေးအပေါ်မှာ လိုလေးသေးမရှိအောင် ဖြည့်ဆည်းလိုမှု ၊ တစ်ဦးတည်းဖြစ်တာကြောင့် ကလေးကို လိုအပ်ချက် မရှိအောင် ကြိုးပမ်းရမှု စတာတွေကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ပင်ပန်းနွမ်းနယ်တတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ Me Time ပြည့်ပြည့်ဝဝပေးပြီး ပြန်လည် အနားယူဖို့ လိုအပ်သလို တခါတရံမှာ ကိုယ့်အတွက်လည်း ကိုယ်ဝါသနာပါတာလေးတွေ လုပ်ပြီး အချိန်ကုန်ဆုံးပေးဖို့ အရေးကြီးပါတယ်။ 


(၄) အကူအညီ ရယူပါ 


ကလေးကို တစ်ဦးတည်း ပြုစုစောင့်ရှောက်ရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီအပြင် တခြားသော အကူအညီ များစွာ လိုအပ်လာနိုင်ပါတယ်။ ဒီလို အချိန်မှာ ကိုယ်တစ်ဦးတည်း ရုန်းကန်တာမျိုးထက် လိုအပ်တဲ့ အကူအညီတွေကို ယူဖို့အတွက် စဥ်းစားသင့်ပါတယ်။ ဥပမာ- ကလေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အကူခေါ်တာမျိုး၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးမယ့် တစုံတယောက်နဲ့ ချိတ်ဆက်တာမျိုး ၊ ငွေကြေးအကူအညီအတွက် သက်ဆိုင်ရာ အထောက်အပံ့ယူတာမျိုးတွေ လိုအပ်သလို ပြုလုပ်ပေးသင့်ပါတယ်။ 


(၅) လက်တွေ့ကျတဲ့ မျှော်မှန်းချက်တွေထားပါ 


ကလေးကို တစ်ဦးတည်း ပြုစုပျိုးထောင်ရတဲ့ Single Parent အများစုဟာ တစ်ဦးတည်းရဲ့ ပြုစုပျိုးထောင်မှုကြောင့် ကလေးမှာ လိုအပ်ချက် တစုံတရာ ရှိမှာကို စိုးရိမ်ကြသလို ကလေးကို ပြည့်ပြည့်ဝဝ မဖြည့်ဆည်းပေးကြမှာကို စိုးရိမ်ကြပါတယ်။ ဒီလိုခံစားချက်တွေနဲ့အတူ ကလေးကို လိုတာထက်ပိုပြီး မျှော်လင့်ချက်တွေ ထားကြသလို ဒီမျှော်လင့်ချက်တွေနဲ့ မကိုက်ညီတဲ့အခါမှာ ကလေးကို တင်းကြပ်စွာ စည်းကမ်းသတ်မှတ်တာတွေ၊ လိုတာထက်ပိုပြီး ချုပ်ချယ်ကန့်သတ်တာတွေပြုလုပ်တတ်ကြပါတယ်။ ဒါဟာ ကလေးနဲ့ မိဘကြားမှာ အဆင်မပြေမှုတွေ ဖြစ်လာနိုင်ပြီး ဆိုးကျိုးပိုများလာနိုင်တာကို အထူးသတိပြုသင့်ပါတယ်။ 


Single Parent တွေဟာ အခက်အခဲ ပြဿနာတွေကို တစ်ဦးတည်း ရင်ဆိုင်တဲ့အခါမှာ စိတ်ဓါတ်သန်မာနေဖို့ လိုပါတယ်။ ဒါပေမယ့် တခါတရံ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေကြောင့် အရာရာကို အရှုံးပေးချင်တာမျိုး ဖြစ်နိုင်သလို ကလေးနဲ့ မိဘကြား ပြဿနာလေးတွေလည်း ရှိလာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုး ကြုံတွေ့ခဲ့ရင်တော့ ကျွမ်းကျင်တဲ့ စိတ်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။   


တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️ : 09-5131873









Categories

Other trending posts

1/28
bottom of page