top of page

အိမ်မှာနေရင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖြစ်ဖို့


နေ့တဓူဝရုန်းကန်လှုပ်ရှားရင်းနဲ့ တာဝန်တွေ၊ ဝတ္တရားတွေကြား စိတ်ရောကိုယ်ပါနှစ်ထားရင်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့မေ့နေပြီလား? 


ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖြစ်ဖို့ဆိုတာ ငွေကြေးအကုန်အကျခံပြီး အစားအသောက်ကောင်းတွေဝယ်စားမှ၊ အသုံးအဆောင်ကောင်းတွေ ဝယ်မှ၊ အပန်းဖြေခရီးတွေထွက်မှမဟုတ်ပါဘူး။ အိမ်မှာနေရင်းပဲ အချိန်ခဏလောက်ပေးလိုက်ရုံနဲ့ စိတ်ရောကိုယ်ပါ အပန်းပြေသွားစေမဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 


(၁) လေကောင်းလေသန့်ကို တစ်ဝကြီးရှူပါ။ 

စက္ကန့်တိုင်း အလိုလို အသက်ရှူနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်သတိမထားမိကြသလို အလကားရတဲ့ သဘာဝလေထုရဲ့ အကျိုးကျေးဇူးတွေကိုတောင် မေ့လျော့နေမိတတ်ကြတယ်။ မနက်ခင်းစောစောမှာ ကိုယ့်အိမ် ပြတင်းပေါက်၊ ဝရံတာ၊ တံခါးတစ်ခုခုကိုထွက်ပြီး လက်နှစ်ဖက်ကို ဘေးနှစ်ဖက်ဆီဆန့်တန်းကာ လေကို တစ်ဝကြီးရှူကြည့်လိုက်ပါ။ ဒီနည်းလမ်းက အဆုတ်ကိုသန့်စင်ပေးသလို ခန္ဓာကိုယ်ထဲ အောက်စီဂျင်ကို အပြည့်ရောက်စေပါတယ်။ အောက်စီဂျင်ကနေ Serotonin လို့ခေါ်တဲ့ ပျော်ရွှင်မှုဟော်မုန်းတွေကို တစ်ဆင့်လှုံ့ဆော်ပေးတဲ့အတွက် စိတ်ကလေးကြည်ပြီး ပူပင်သောကတွေ လျော့နည်းသွားစေမှာပါ။ 


(၂) အိပ်ချိန်ကို အတိအကျသတ်မှတ်ထားပါ။ 

အိပ်စက်ခြင်းက ကိုယ်ရောစိတ်ပါ အားပြည့်လန်းဆန်းစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ အိပ်ချိန်နည်းတိုင်း မကောင်းသလို ညဘက်တွေမအိပ်ပဲ နေ့ဘက်မှာ အိပ်ချိန်များနေတာကလည်း မကောင်းပြန်ပါဘူး။ နေ့ရက်တိုင်းအတွက် အိပ်ချိန်ကိုအတိအကျသတ်မှတ်ပြီး အချိန်ကျပြီဆိုတာနဲ့ လုပ်လက်စတွေအကုန်ရပ်ပြီး အိပ်ရာဝင်ပါ။ နှစ်ခြိုက်စွာအိပ်ပျော်နိုင်ဖို့ အိပ်ရာကို သန့်ရှင်းထားတာ၊ မီးပိတ်ထားတာ၊ အိပ်ခါနီးအကြောလျှော့တာမျိုးတွေလုပ်ပေးပါ။ အတတ်နိုင်ဆုံး အိပ်ချိန် ၇-၉ နာရီပြည့်အောင် အိပ်စက်ပါ။ မနက်ကျရင်လည်း နှိုးစက်မြည်တာနဲ့ Snooze မနှိပ်ပဲ ချက်ချင်းထလိုက်ပါ။ 


(၃) ကောင်းမွန်တဲ့အတွေးတွေကို ချရေးပါ။ 

ကိုယ့်ရဲ့လက်တွေမှာလည်း Energy လို့ခေါ်တဲ့စွမ်းအင်တွေရှိနေပါတယ်။ ဒီစွမ်းအင်ကို ဦးနှောက်ထဲက ကောင်းမွန်တဲ့အတွေးတွေနဲ့ ပေါင်းစပ်ပြီး စာအုပ်ပေါ် ဒါမှမဟုတ် ဖုန်းထဲက Notes မှာ ချရေးနိုင်ပါတယ်။ ကိုယ့်ဘဝတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ ကောင်းမွန်တဲ့အရာတွေအကြောင်း၊ ဒါတွေအတွက် ကျေးဇူးတင်ကြောင်းကို ချရေးဖြစ်အောင်ရေးကြည့်ပါ။ အကယ်၍ ကိုယ်က စာရေးတာကို အားမသန်ရင် ညရောက်တိုင်း ကောင်းမွန်တဲ့အရာတွေကို တစ်ခုချင်းပြန်တွေးပါ။ 


(၄) ယောဂ ဒါမှမဟုတ် တရားထိုင်ခြင်းကို လုပ်ပေးပါ။ 

YouTube ၊ Pinterest အစရှိတာတွေကနေ အခမဲ့ယောဂလုပ်နည်းတွေ၊ ဗီဒီယိုတွေ၊ တရားထိုင်နည်းတွေ လေ့လာကြည့်ရှုနိုင်ပါတယ်။ အနည်းဆုံး ဆယ်မိနစ်လောက်အချိန်ပေးပြီး မနက်ခင်းတိုင်း (သို့) ညတိုင်း ယောဂလေ့ကျင့်ကြည့်ပါ။ တရားထိုင်ကြည့်ပါ။ ပုံမှန်လုပ်ကြည့်ရင် ရက်အနည်းငယ်အကြာမှာ ကိုယ့်ရဲ့စိတ်က သိသိသာသာကိုတည်ငြိမ်လာတာ၊ သတိရှိလာတာ၊ ထိုင်းမှိုင်းတာတွေ ကင်းဝေးပြီး အားပြည့်လန်းဆန်းလာတာကို ခံစားရပါလိမ့်မယ်။ 


(၅) ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ကို အမြဲရွေးချယ်ပါ။ 

ရေများများသောက်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ဘီယာ‌၊ အချိုရည်တွေကို လျှော့ကြည့်ပါ။ ဈေးကြီးတဲ့အသားငါးတွေမှမဟုတ်ပဲ လတ်ဆတ်တဲ့အသီးအရွက်တွေ၊ ဥ၊ ပဲ၊ အစေ့အဆံတွေ များများစားပေးပါ။ အစားကို အချိန်မှန်မှန်စားပြီး ရယ်ဒီမိတ်အစားအစာတွေ၊ ဆီကြော်တွေကို ရှောင်ပါ။ ညဘက်အိပ်ခါနီးမှ စားတတ်တဲ့အကျင့်ကို ဖျောက်ပါ။ အာဟာရပြည့်တဲ့အစားအစာတွေက ခွန်အားပြည့်စေရုံသာမက စိတ်ကိုပျော်စေပြီး ရေရှည်ကျန်းမာတဲ့ Lifestyle ကို အစပြုပေးပါတယ်။ 


ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းဆိုတာ ကိုယ့်ကို စိတ်ဖိစီးစေ၊ စိတ်တိုစေ၊ စိတ်ရှုပ်စေ၊ အဆိုးမြင်စေတဲ့အရာတွေကနေ ဖယ်ရှားတတ်အောင်သင်ယူခြင်းဖြစ်သလို ကိုယ့်ကို ပျော်ရွှင်စေ၊ ယုံကြည်မှုရှိစေ၊ အကောင်းမြင်စိတ်တိုးပွားစေတဲ့အလေ့အကျင့်တွေကို လုပ်ဖြစ်အောင်သင်ယူခြင်းလည်း ဖြစ်ပါတယ်။ အချိန်ပေးပြီး ဂရုစိုက်လိုက်တဲ့ ခဏလေးအတွင်းမှာ ကိုယ့်စိတ်နဲ့ ခန္ဓာကိုယ်ကို ပိုမိုနားလည်လက်ခံတတ်လာပြီး ကျန်းမာတဲ့ခန္ဓာကိုယ်၊ ပျော်ရွှင်တဲ့စိတ်ကို အမြဲထိန်းထားနိုင်အောင် ကြိုးစားတတ်လာပါလိမ့်မယ်။ ဆုံးဖြတ်ချက်တွေမှန်ကန်ပြီး ဘဝက နေပျော်လာပါလိမ့်မယ်။ 


စိတ်ရောလူပါ ထိခိုက်ပင်ပန်းစရာတွေများပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့အတွက်တောင် စတင်ရခက်ခဲနေတယ်၊ မွန်းကျပ်နေတဲ့ခံစားချက်တွေကို ဖွင့်ဟပြောဆိုချင်တယ်ဆို Call Me Today ကို  ဒီလင့်ကတဆင့် ဆက်သွယ်လိုက်ဖို့လည်း မှာပါရစေ။ 


☎️: 09-5131873

Comments


Categories

Other trending posts

1/17
bottom of page