top of page

အလုပ်များတဲ့ သူတွေအတွက် အိပ်စက်ခြင်း အလေ့အထ တခု တည်ဆောက်နည်း 




တနေ့တာ စပြီ ဆိုတာနဲ့ တချို့က အလုပ်အတွက် လုပ်ငန်းစဥ်တွေ အပြည့်ရှိနေတတ်ကြသလို တချို့ကလည်း အလုပ် မိသားစုနဲ့ တခြား လူမှုရေး ကိစ္စတွေကြောင့် တနေ့တာ မအားလပ်နိုင်အောင် အလုပ်များ လေ့ရှိကြပါတယ်။ ဒီလို အလုပ်များသူတွေမှာ များသောအားဖြင့် အိပ်စက်ချိန်တွေ မလုံလောက်တာ၊ အိပ်ချိန် မမှန်တာတွေ ရှိနေတတ်ကြပြီး ဒါဟာ ရေရှည်မှာ ဆိုးကျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်များသူတွေအတွက် သင့်တော်မယ့် အိပ်စက်ခြင်း အလေ့အထ တည်ဆောက်ရန် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ 


(၁) အိပ်စက်ချိန် နိုးထချိန်တွေကို ပုံမှန် သတ်မှတ်ပါ 


အိပ်စက်ချိန်တွေကို နေ့စဥ် ပုံမှန် သတ်မှတ်ပြီး အလေ့အထ ပြုခြင်းဟာ ခန္ဓာကိုယ်တွင်းက အိပ်စက်ခြင်း စက်ဝန်း ( circadian rhythm) ကို ချိန်ညှိပေးနေတာကြောင့် သဘာဝအတိုင်း အိပ်စက်ဖြစ်စေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်များတဲ့ သူတွေ အနေနဲ့ ကိုယ့်ရဲ့ အိပ်စက်ခြင်း အလေ့အထကို အချိန်မှန်ဖြစ်စေဖို့ အလေ့အကျင့် လုပ်ထားသင့်ပါတယ်။ မည်မျှပဲ အလုပ်များပါစေ တနေ့ကို အနည်းဆုံး ၇ နာရီကနေ ၉ နာရီကြား အိပ်ဖြစ်စေဖို့အတွက်တော့ အထူးအလေးပေး အချိန်ပေးသင့်ပါတယ်။ 


(၂) တနေ့တာ အဆုံးသတ်ချိန်မှာ သေချာအနားယူဖြစ်ပါစေ 


အိပ်ချိန်နီးကပ်လာတဲ့ ညပိုင်းအချိန်မှာ အလုပ်ကို သဲကြီးမဲကြီး လုပ်တာတွေ၊ အစာအများကြီး စားတာတွေ၊ အရက်သေစာ သောက်စားတာတွေ မလုပ်ပဲ စိတ်ရောကိုယ်ပါ အေးဆေး အနားယူသင့်ပါတယ်။ အထူးသဖြင့် အိပ်စက်ခါနီးမှာ စိတ်ဖြေလျော့အောင် တရားထိုင်တာ၊ စာဖတ်တာ၊ ရေကြက်သီးနွေးနဲ့ ရေချိုးတာ၊ စိတ်ကို အနားပေးတဲ့ သီချင်းနဲ့ တီးလုံးတွေ နားထောင်တာတွေဟာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ အားပေးပါတယ်။ အလုပ်များတဲ့ သူဖြစ်ရင်တောင်မှ အနည်းဆုံး အချိန် နာရီဝက်လောက်ပေးပြီး မအိပ်စက်ခင် သေချာ အနားယူသင့်ပါတယ်။ 


(၃) အိပ်စက်မယ့် ပတ်ဝန်းကျင်ကို ပြင်ဆင်ပါ 


အိပ် မပျော် တဲ့ အကြောင်း အရင်း တွေထဲမှာ အိပ်ရာအနီး ဆူညံမှုတွေ၊ အနံ့အသက်တွေလည်း ပါဝင်တာကြောင့် အိပ်စက်မယ့် ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ပြီး သန့်ရှင်း သပ်ရပ်နေဖို့ လိုပါတယ်။ မပူလွန်း မအေးလွန်းတဲ့ သက်တောင့်သက်သာ အခြေအနေမှာ ရှိရင်တော့ အိပ်စက်ဖို့အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါတင်မကပဲ အိပ်စက်မယ့် အနီးအနားမှာ အိပ်မပျော်တာ ကို အားပေးတဲ့ မီးအရောင် စူးစူးတွေနဲ့ ကွန်ပြူတာ၊ ဖုန်း၊ တယ်လီဗီးရှင်းကဲ့သို့ screen တွေကို ထားရှိခြင်းကလည်း အိပ်စက်ခြင်းကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ 


(၄) Must Do List နေ့စဉ် ပြုလုပ်ပါ 


အလုပ်များတဲ့သူ တစ်ယောက်အနေနဲ့ လုပ်စရာ ကိစ္စတွေကို စာရင်းနဲ့ ချရေးထားပြီး တခုချင်းစီ အစဉ်လိုက် လုပ်ဆောင်သွားတာဟာ အချိန်ကို စီမံခန့်ခွဲရာ ရောက်သလို တနေ့တာမှာ အလုပ်ပြီးမြောက်ဖို့ ကူညီနိုင်ပါတယ်။ အထူးသဖြင့် လုပ်ရန် အလုပ်များ To-to-list အစား မဖြစ်မနေ လုပ်ရမယ့် must-do-list များကို ဦးစွာ လုပ်ဆောင်ပြီး အချိန်ကို စီမံခန့်ခွဲသင့်သလို ကိုယ့်ရဲ့ အိပ်ချိန်ကိုလည်း မထိခိုက်အောင် စီစဉ်ဖို့ အရေးကြီးပါတယ်။ အိပ်စက်ချိန်ကလည်း လူတိုင်းအတွက် မရှိမဖြစ် အရေးကြီးတဲ့ must-do-list တခု ဖြစ်တာကြောင့် အိပ်စက်ဖို့အတွက် လုံလောက်တဲ့ အချိန်ကို ပေးရမှာ ဖြစ်ပါတယ်။ 


(၅) အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ညီမျှအောင် ညှိယူပါ 


အလုပ်ချိန် နဲ့ အလုပ်တာဝန်တွေဟာ လူတိုင်းအတွက် ကွဲပြား နိုင်တာကြောင့် ကိုယ်နဲ့ သင့်တော်မယ့် အားလပ်ချိန်၊ ကိုယ်ပိုင်အချိန်ကို ကိုယ်တိုင် အကောင်းဆုံး ညှိယူဖို့ လိုပါတယ်။ အလုပ်မှာ စိတ်ပင်ပန်းစရာတွေ စိတ်ညစ်စရာနဲ့ တွေးစရာတွေကို ကိုယ်ပိုင် နားယူ အိပ်စက်ချိန်အထိ ယူလာတာဟာ အိပ်စက်ခြင်းကို အနှောက်အယှက် ပေးနိုင်သလို ပြည့်ပြည့်ဝဝ အိပ်မပျော်ခြင်း ကို ဖြစ်စေနိုင်ပါတယ်။ တချို့ကလည်း ညဘက်တွေမှာ အလုပ်လုပ်ရတာမျိုး၊ နေ့ပိုင်းမှာမှ အနားယူရတာမျိုးလည်း ရှိကြသလို ဒီလိုအခြေအနေမှာ ကိုယ့်ရဲ့ အိပ်ချိန်ကိုလည်း မထိခိုက်အောင် အလုပ်ချိန်ကိုလည်း မနှောက်ယှက်အောင် ကိုယ်တိုင် ချိန်ညှိပြီး Routine တခု ပြုလုပ်ဖို့ လိုပါတယ်။ 


အလုပ်များတဲ့ သူတစ်ယောက်ဟာ ကိုယ်ရဲ့ နေ့စဉ် အလုပ်မှာ တက်တက်ကြွကြွနဲ့ အလုပ်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့အတွက် ခေါင်းကြည်နေဖို့ လိုသလို စိတ်ရော လူပါ ကျန်းမာနေဖို့ အရေးကြီးပါတယ်။ ဒီလို ကျန်းမာ ရွှင်လန်းနေဖို့ ဆိုရင် အိပ်ရေးဝဖို့၊ ပြည့်ပြည့်ဝဝ အနားယူဖို့က လိုအပ်တာကြောင့် အိပ်စက်ခြင်းအတွက် အရေးပါတဲ့ နည်းလမ်းတွေကို မျှဝေလိုက်ရပါတယ်။  


တကယ်လို့ သင့်အနေနဲ့ အိပ်စက်ခြင်း ပြဿနာနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873






Categories

Other trending posts

1/34
bottom of page