စိတ်ကျဝေဒနာ (Depression) ရဲ့ လက္ခဏာများ

စိတ်ကျဝေဒနာ (Depression) လို့ ပြောလိုက်ရင် လူတိုင်းနဲ့ မစိမ်းတဲ့ စိတ်ကျန်းမာရေး အခြေအနေဖြစ်သလို ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ စိတ်ကျဝေဒနာကို တချိန်မဟုတ် ခံစားနေကြရပါတယ်။ စိတ်ကျဝေဒနာဟာ နေ့စဉ်ဘဝကို များစွာ သက်ရောက်မှု ရှိနိုင်သလို အချိန်မှီ မဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဆိုးကျိုး ရှိနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ကျရောဂါရဲ့ လက္ခဏာတွေကို ကြိုတင် သတိပြုနိုင်ဖို့ ဒီကနေ မျှဝေပေးချင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ
(၁) ဝမ်းနည်းလွယ်ခြင်း
စိတ်ကျဝေဒနာ ခံစားရသူတွေမှာ တခါတရံ အကြောင်းရင်း တိတိကျကျ မရှိပါပဲ ဝမ်းနည်းလွယ်တာ ဖြစ်တတ်ပါတယ်။ ဒီလိုခံစားချက်ကြောင့် ပျော်ရွှင်မှုတွေ နည်းလာပြီး အလိုလို မျကိရည်ကျတာ၊ ပူပန်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဝမ်းနည်းခြင်းဆိုတာ ပုံမှန် လက္ခဏာတခုဆိုပေမယ့် စိတ်ကျဝေဒနာကြောင့် ဝမ်းနည်းလွယ်နေပြီဆိုရင်တော့ သတိပြုဖို့ အရေးကြီးပါတယ်။
(၂) မျှော်လင့်ချက်မဲ့သလို ခံစားရခြင်း
စိတ်ကျဝေဒနာ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ အနာဂါတ် မျှော်လင့်ချက် မှေးမှိန်ပျောက်ဆုံးတာလည်း ပါနိုင်သလို စိတ်ကျဝေဒနာရဲ့ လက္ခဏာတွေထဲမှာလည်း မျှော်လင့်ချက်မဲ့တဲ့ ခံစားချက်တွေ ပါဝင်ပါတယ်။ ဥပမာအားဖြင့် အသက်ရှင်ရတာ အဓိပ္ပါယ်မဲ့လာတာမျိုး၊ ဗလာဖြစ်နေသလို စိတ်ခံစားနေရတာမျိုး တခါတရံ ခံစားချက်တွေ ထုံကျဉ်ပြီး ဘာကိုမှ မခံစားနိုင်တာမျိုး စတာတွေ ခံစားရနိုင်ပါတယ်။
(၃) ပုံမှန်ထက် ထိခိုက်ခံစားလွယ်ခြင်း
စိတ်ကျဝေဒနာ ခံစားရသူတွေမှာ ပုံမှန်ထက် ပိုပြီး ခံစားလွယ်တတ်ကြပါတယ်။ ဥပမာအားဖြင့် အသေးအဖွဲ ကိစ္စတခုအပေါ်မှာ လိုတာထက်ပိုပြီး ခံစားချက် ပြင်းထန်တာ၊ တဖက်လူရဲ့ တုံ့ပြန်မှု တခုခုကို အကြာကြီး မျိုသိပ်ခံစားတာ၊ ဒေါသထွက်လွယ်တာ၊ ဝမ်းနည်းတာ ၊ စိတ်ဆိုးစိတ်ကောက်တာ စတာတွေ ခံစားရနိုင်ပါတယ်။
သိမြင်မှုဆိုင်ရာ လက္ခဏာများ
(၁) အာရုံစူးစိုက်ရခက်ခဲခြင်း
စိတ်ကျဝေဒနာရဲ့ သက်ရောက်မှုတွေကြောင့် အာရုံစူးစိုက်ရ ခက်ခဲတာ၊ စိတ်သွားတိုင်း ကိုယ်မပါတာတွေ ဖြစ်နိုင်သလို သတိမေ့လျော့တာတွေကြောင့် နေ့စဉ်အလုပ်နဲ့ သင်ကြားရေး အပိုင်းတွေမှာ များစွာ သက်ရောက်မှု ရှိနိုင်ပါတယ်။ သာမန် လုပ်နေကျ လွယ်ကူတဲ့ အရာတွေမှာပါ အာရုံစူးစိုက်မှု လျော့နည်းတာတွေလည်း ဖြစ်နိုင်ပါတယ်။
(၂) ဆုံးဖြတ်ချက်ချရန် နှောင့်နှေးခြင်း
စိတ်ကျဝေဒနာရဲ့ နောက်ဆက်တွဲအနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းတာ ၊ သံသယဖြစ်တာ ၊ တွေဝေတာတွေ ဖြစ်နိုင်ပြီး ဆုံးဖြတ်ချက်ချရာမှာ နှောင့်နှေးတာ ၊ ဆုံးဖြတ်နိုင်စွမ်း ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသေးအဖွဲ ဆုံးဖြတ်ချက်တွေကိုလည်း တက်တက်ကြွကြွနဲ့ ပြတ်ပြတ်သားသား မချနိုင်တော့တာ ဖြစ်နိုင်ပါတယ်။
(၃) မိမိကိုယ်ကို အန္တရာယ်ပြုမူရန် ကြိုးစားခြင်း
တခါတရံ စိတ်ကျဝေဒနာ ခံစားရသူတွေမှာ ကိုယ့်ကိုယ့်ကို အန္တရာယ်ပြုခြင်း (Self-Harm) ပြုလုပ်ရန် ကြိုးပမ်းလေ့ ရှိကြပါတယ်။ Self-Harm ပြုလုပ်သူ အများစုဟာ ကိုယ့်ကိုကိုယ် နာကျင်အောင် ပြုလုပ်ခြင်းအားဖြင့် ခံစားနေရတဲ့ မွန်းကြပ်မှု၊ စိတ်ဓါတ်ကျမှုတွေကို သက်သာစေရန်အတွက် ပြုလုပ်ကြပေမယ့် ဒါဟာ မှန်ကန်တဲ့ စိတ်ဖြေဖျောက်ခြင်းမဟုတ်တာကို သတိပြုဖို့ လိုပါတယ်။
ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
(၁) အားအင်ကုန်ခမ်းခြင်း
စိတ်ကျဝေဒနာနဲ့ အားအင်ကုန်ခမ်းခြင်းဟာ ဆက်စပ်နေတဲ့ အရာနှစ်ခု ဖြစ်ပါတယ်။ အားအင်ချိနဲ့ပြီး မလှုပ်ရှားချင်လောက်အောင် စိတ်ပင်ပန်းနေတယ်၊ အနားယူပေမယ့်လည်း အားအင် မပြည့်လာဘူး၊ အကြောင်းရင်း တိတိကျကျ မရှိပဲနဲ့ ပင်ပန်းနွမ်းနယ်နေတယ် ဆိုရင် ဒါဟာ စိတ်ဓါတ်ကျခြင်းရဲ့ လက္ခဏာတခု ဖြစ်နိုင်ပါတယ်။
(၂) အစာစားချင်စိတ် လျော့ကျခြင်း
စိတ်ကျဝေဒနာဟာ ဦးနှောက်ရဲ့ အာရုံကြောဆိုင်ရာ အချက်ပြ ပစ္စည်းတွေ ဖြစ်တဲ့ Serotonin နဲ့ Dopamin ကို သက်ရောက်မှု ဖြစ်စေပြီး ဒါဟာ ဆာလောင်ခြင်းကို သက်ရောက်မှု ရှိနိုင်ပါတယ်။ စိတ်ကျဝေဒနာကြောင့် စိုးရိမ်ပူပန်မှုတွေ ခံစားရချိန်မှာလည်း အစာစားချင်စိတ် နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။
(၃) အိပ်စက်ရခက်ခဲခြင်း
စိတ်ကျခြင်းကို ခံစားရတဲ့အခါ အဆိုးဘက်သွားတဲ့ အတွေးတွေကို တွေးမိပြီး ပုံမှန်ထက်ပိုပြီး အတွေးလွန်ပြီး အိပ်စက်ရခက်ခဲတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကျဝေဒနာဟာ အိပ်စက်ခြင်းကို ထိန်းညှိပေးတဲ့ serotonin နဲ့ melatonin ဟော်မုန်းအပေါ်မှာ သက်ရောက်မှု ရှိတာကြောင့်လည်း အိပ်စက်ခြင်း ပြဿနာတွေ ခံစားရနိုင်ပါတယ်။
အပြုအမူဆိုင်ရာ လက္ခဏာများ
(၁) တဦးတည်း အချိန်ကုန်ဆုံးလိုခြင်း
စိတ်ကျဝေဒနာ ခံစားရသူတွေဟာ အခြားသူတွေနဲ့ ရောယှက်နေလိုခြင်း မရှိတာ၊ တစ်ဦးတည်းပဲ တိတ်တဆိတ် အချိန်ကုန်ဆုံးလိုတာတွေ ရှိတတ်ကြပါတယ်။ အထူးသဖြင့် ပျော်ရွှင်စရာ ပွဲလမ်းသဘင်တွေ၊ လူအများနဲ့ ထိတွေ့နိုင်မယ့် နေရာတွေကို ရှောင်ရှားဖြစ်ကြသလို တခြားသူတွေနဲ့ ရယ်ရယ်မောမော လွတ်လွတ်လပ်လပ် စကားမပြောဖြစ်တာတွေ ကြုံတွေ့ရနိုင်ပါတယ်။
(၂) တာဝန်များ ပျက်ကွက်လာခြင်း
စိတ်ကျဝေဒနာ ခံစားလာရပြီးနောက်မှာ ကိုယ်တိုင်အတွက်ရော ကိုယ်တာဝန်ယူထားရသူတွေ အပေါ်မှာပါ ပုံမှန် တာဝန်တွေ လစ်ဟင်းလာနိုင်ပါတယ်။ ကိုယ်တိုင်အတွက်လည်း တကိုယ်ရေ သန့်ရှင်းရေး မလုပ်ဖြစ်တာ၊ ကိုယ့်ကိုကိုယ် ဂရုစိုက်မှု ကျဆင်းတာတွေ ဖြစ်လာနိုင်ပြီး ဒါဟာ ရေရှည်အတွက် ဆိုးကျိုးသက်ရောက်မှု များစွာ ရှိနိုင်ပါတယ်။
စိတ်ကျဝေဒနာဟာ လူတိုင်းမှာ အချိန်တိုင်းလိုလို ခံစားရနိုင်ပြီး တဦးတည်း ကြိတ်မှိတ် ခံစားမနေသင့်တဲ့ အခြေအနေ တခု ဖြစ်ပါတယ်။ အကယ်၍ စိတ်ကျဝေဒနာ ခံစားရတာ ရက်သတ္တပတ် ၂ ပတ် ကျော်လာမယ်၊ ခံစားရတဲ့ ဝေဒနာတွေ ပြင်းထန်တာကြောင့် ဖြေရှင်းရခက်နေမယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူနဲ့ ဆွေးနွေးတိုင်ပင်သင့်ကြောင်း မျှဝေလိုက်ရပါတယ်။
သင့်အနေနဲ့ စိတ်ကျဝေဒနာနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873