top of page

သင့်ကလေး စိတ်ကျန်းမာရေး အကူအညီ လိုအပ်နေကြောင်း သိနိုင်မယ့် လက္ခဏာများ 



စိတ်ကျန်းမာရေးလို့ ပြောလိုက်ရင် အများစုက အရွယ်ရောက်ပြီးသား လူကြီးတွေကိုပဲ တွေးမိကြပြီး ကလေးတွေရဲ့ စိတ်ကျန်းမာရေးကိုတော့ လျစ်လျုရှုလေ့ရှိကြပါတယ်။ ကလေးတွေမှာလည်း အရွယ်အလိုက် စိတ်ခံစားချက်တွေ နဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ရှိနိုင်ကြသလို ဒါတွေကို အချိန်မှီမဖြေရှင်းတဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် မိဘတွေအနေနဲ့ မိမိကလေး ရဲ့ စိတ်ကျန်းမာရေး လိုအပ်ချက်ကို ကြိုတင်သိရှိ အကူအညီပေးနိုင်ဖို့ လိုအပ်တာကြောင့် ကလေးတွေမှာ စိတ်ကျန်းမာရေးပြဿနာ ခံစားနေရကြောင်း ဖော်ပြနေတဲ့ လက္ခဏာတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) အပြုအမူတွေ ပြောင်းလဲလာမယ် 


ကလေးဟာ ကျောင်း၊ နေအိမ်မှာ အရင်ကထက် အပြုအမူတွေ ပြောင်းလဲလာမယ်။ တခြားသော သူတွေနဲ့ ပြောဆိုဆက်ဆံတဲ့ ပုံစံတွေ ပြောင်းလဲလာမယ် ဆိုရင်တော့ ကလေး ရဲ့ စိတ်ခံစားချက်တွေကို သတိထားစူးစမ်းဖို့ လိုနေပါပြီ။ အထူးသဖြင့် ကလေးက လိုတာထက်ပိုပြီး စိတ်တိုလာတယ်၊ လူကြီးတွေကို ပြန်အော်တတ်လာတယ်၊ တစ်နေရာမှာ မှိုင်တွေပြီး အကြာကြီး တွေးနေတယ်၊ အစားအသောက် နေထိုင်တဲ့ ပုံစံက ပြောင်းလဲမှု ရှိလာတယ် ဆိုရင်တော့ ကလေးရဲ့ စိတ်ကျန်းမာရေး အခြေအနေကို သေချာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။ 


(၂) လုပ်ဆောင်နိုင်စွမ်း လျော့ကျလာတယ် 


ပုံမှန်လုပ်နေကျ တစ်ကိုယ်ရည်အလုပ်တွေကစလို့ ကျောင်းသင်ခန်းစာတွေနဲ့ အားကစား စတာတွေမှာ အရင်ထက်ပိုပြီး စွမ်းရည်တွေကျဆင်းလာတယ်၊ အရင်ထက် လုပ်နိုင်စွမ်းတွေ လျော့နည်းလာတယ် ဆိုရင်တော့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာ တခုခု ရှိနေပြီလားဆိုတာကို သတိထားသင့်နေပြီ ဖြစ်ပါတယ်။ တခါတရံ ကလေးအနေနဲ့ စိတ်ဓါတ်ကျတာ၊ စိတ်ဖိစီးမှုများတာ၊ ပျော်ရွှင်မှုတွေနည်းပါးလာတာ၊ စိတ်ခံစားချက် ပြင်းထန်တာ တွေဟာ နေ့စဥ်လုပ်နေကျ အလုပ်တွေမှာ စိတ်ပါဝင်စားမှု လျော့နည်းလာစေပြီး ရလဒ်တွေမှာလည်း သက်ရောက်မှု ရှိလာနိုင်ပါတယ်။ 


(၃) တစ်ဦးတည်း နေဖို့ ဆန္ဒဖြစ်လာတယ်


အရင်က မိသားစု ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာ အချိန်ဖြုန်းဖြစ်တဲ့ ကလေးတစ်ယောက်ဟာ အခန်းထဲမှာပဲ တစ်ယောက်ထဲ မှိုင်တွေနေတယ် ၊ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ပဲ တစ်ဦးတည်းပဲ အချိန်ကုန်ဆုံးတယ်၊ ပွဲလမ်းသဘင်တွေ၊ တခြားသူတွေနဲ့ အတူတူ ဆော့ကစားတာတွေကို ရှောင်နေတယ် ၊ ကျောင်းသွားဖို့ ငြင်းဆန်တယ် ၊ မကြာခဏ ကျောင်းပြေးလာတယ် ဆိုရင် ကလေးရဲ့ စိတ်မှာ တစုံတရာ ခံစားမှု ရှိနေနိုင်တာကို မိဘအနေနဲ့ သတိပြုပေးရမှာ ဖြစ်ပါတယ်။ 


(၄) မကြာခဏ ဆိုသလို နေထိုင်မကောင်းဖြစ်တယ် 


စိတ်ထောင်းတော့ ကိုယ်ကြေဆိုတဲ့အတိုင်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ နောက်ဆက်တွဲအနေနဲ့ ကိုယ်ခန္ဓာကျန်းမာရေးကိုပါ ထိခိုက်တတ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး ပြဿနာ အထွေအထူး မရှိပါပဲ မကြာခဏဆိုသလို ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ အရေပြားတွေ ယားယံတာ၊ အသက်ရှုမဝတာ၊ မူးဝေတာ၊ မောပန်းလွယ်တာ၊ ရင်တုန်တာ၊ အိပ်စက်ရခက်ခဲတာ စတဲ့ လက္ခဏာတွေ ခံစားနေရတယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့်လားဆိုတာ အဖြေရှာဖို့ လိုအပ်လာနိုင်ပါတယ်။ 


(၅) အကြောင်းမရှိ ဝမ်းနည်းလွယ်မယ် 


ကလေးတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်ကို ငိုယိုခြင်းနဲ့ ဖော်ပြလေ့ရှိကြတာ ပုံမှန်ပဲ ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ပြင်းထန်နေချိန်မှာတော့ ပုံမှန်ထက်ပိုပြီး ဝမ်းနည်းလွယ်လေ့ရှိကြပါတယ်။ ဘာမဟုတ်တဲ့ ပြဿနာ အသေးအဖွဲလေးကြောင့် ဖြေဆည်မရအောင် ငိုယို အော်ဟစ်တာ၊ ချော့ရခက်တာ၊ တစ်ခုခုကို ကြောက်လန့်ပြီး ထအော်ငိုယိုတာတွေဟာ ကလေးရဲ့ စိတ်ခံစားချက်ကို သက်ရောက်နေတဲ့ အကြောင်းရင်းတခုခုကြောင့်လားဆိုတာကို မိဘတွေအနေနဲ့ သိရှိဖို့ လိုအပ်ပါတယ်။ 


ကလေးတွေဟာ လူကြီးတွေလိုမျိုး စိတ်ခံစားချက်ကို ရှင်းရှင်းလင်းလင်း မဖော်ပြတတ်ကြတာကြောင့် တခါတရံမှာ သူတို့ရဲ့ ခံစားချက်တွေကို သူတို့ကိုယ်တိုင်တောင် နားမလည်ကြသလို မိဘတွေကို လည်း ရင်ဖွင့်ပြောဆိုဖို့ရာ တွန့်ဆုတ်လေ့ရှိကြပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထူးဂရုပြုပြီး အတူတူ ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ လိုအပ်လာရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ 


တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️ : 09-5131873

















Categories

Other trending posts

1/28
bottom of page