top of page

နှစ်သိမ့်ဆွေးနွေးမှု (Counseling) မှ သင်မရနိုင်တဲ့ အချက် (၅) ချက်

Updated: 6 days ago



နှစ်သိမ့်ဆွေးနွေးမှု (Counseling) ခံယူတဲ့အခါ မျှော်မှန်းတဲ့အရာတွေဟာ တစ်ဦးနဲ့ တစ်ဦး ကွဲပြားနိုင်ပါတယ်။ ဆွေးနွေးမှု ခံယူသူ (Client) အနေနဲ့ ဆွေးနွေးမှုကနေ မရနိုင်တဲ့အချက်တွေကို ကြိုတင်သိရှိထားတာက နှစ်ဦးနှစ်ဖက်အတွက် ပိုပြီး သက်တောင့်သက်တာ ဖြစ်စေပါတယ်။ ဒါ့ကြောင့် နှစ်သိမ့်ဆွေးနွေးမှု (Counseling) မှ သင်မရနိုင်တဲ့ အချက် (၅) ချက်ကို မျှဝေပေးချင်ပါတယ်။ 


(၁) နှစ်သိမ့်ဆွေးနွေးသူသည် သူငယ်ချင်း မဖြစ်လာနိုင်ပါ


နှစ်သိမ့်ဆွေးနွေးမှုမှာ တည်ဆောက်ရတဲ့ ပတ်သက်ဆက်နွယ်မှု (Relationship) ဟာ သူငယ်ချင်း မိတ်ဆွေကြား ဆက်နွယ်မှု (Friendship) နဲ့ ကွဲပြားပါတယ်။ နှစ်သိမ့်ဆွေးနွေးသူ (Counselor) နဲ့ သင်ဟာ ယုံကြည်မှုနဲ့ ရင်းနှီးမှုကို အတူတကွ တည်ဆောက်ဖို့ လိုအပ်တယ် ဆိုပေမယ့် ဒါဟာ မိတ်ဆွေ တစ်ယောက်လိုမျိုး မဖြစ်လာနိုင်ပါဘူး။ နှစ်သိမ့်ဆွေးနွေးသူဘက်က သူ့ရဲ့ တာဝန်ဝတ္တရားအရ သင့်ဘဝအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ၊ ပိုကောင်းတဲ့ သင်ယူမှု၊ တိုးတက်မှုတွေကို ရနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။ 


သူငယ်ချင်းနဲ့ နှစ်သိမ့်ဆွေးနွေးပညာရှင်တို့ ဘယ်လိုကွာခြားသလဲဆိုတာကို ဒီမှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ 


(၂) သင့်ကို ပြုပြင်ပေးမှာ မဟုတ်ပါ 


အများစုက နှစ်သိမ့်ဆွေးနွေးပြီးနောက်မှာ အရာအားလုံး ပြေလည်ပြီး လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲ သွားဖို့ မျှော်လင့်ကြပါတယ်။ တကယ်တော့ နှစ်သိမ့်ဆွေးနွေးသူ (Counselor) ဟာ သင့်ရဲ့ ဆိုးခြင်း ကောင်းခြင်းတွေကို ပြုပြင် ပေးမှာ မဟုတ်ပါဘူး။  နှစ်သိမ့်ဆွေးနွေးသူဟာ သင်နဲ့ အတူတကွ အဖြေရှာပြီး ပူးတွဲဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သင် ခံစားနေရတဲ့ စိုးရိမ်ကြောင့်ကြမှုရဲ့ အရင်းအမြစ်တွေကို သင် သိလာအောင် ဖော်ထုတ်ပေးမယ်၊ သင်လိုချင်တဲ့ ပန်းတိုင်အထိ အတူတကွ လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။ နောက်ဆုံး ရလဒ်ကတော့ သင်ကိုယ်တိုင် ပိုမိုသိမြင်လာခြင်းနဲ့ ကိုယ်တိုင်ပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ 


(၃) အချိန်ခဏပေးရုံနဲ့ မပြေလည်နိုင်ပါ 


နှစ်သိမ့်ဆွေးနွေးခြင်း (Counseling) ဟာ အလွန်သိမ်မွေ့သလို အချိန်ပေးဖို့ လိုပါတယ်။ သင့်ရဲ့ ပြဿနာ အတိမ်အနက် ၊ လက်ရှိအနေအထား၊ သင့်ဘက်က လိုက်လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ သင်ရလိုတဲ့ ပန်းတိုင်ပေါ်မှာ မူတည်ပြီး ကြာချိန်ကွဲပြားနိုင်ပါတယ်။ များသောအားဖြင့် နှစ်သိမ့်ဆွေးနွေးမှုတွေဟာ တစ်ကြိမ် နှစ်ကြိမ်မက ဆွေးနွေးရလေ့ ရှိပါတယ်။ 


(၄) အကြံဉာဏ် တိုက်ရိုက် ရနိုင်မည် မဟုတ်ပါ 


နှစ်သိမ့်ဆွေးနွေးသူ (Counselor) အနေနဲ့ သင့်ကို ‘ဒီလို လုပ်ပါ’ ဆိုပြီး အကြံဉာဏ်ပေးမှာ မဟုတ်ပါ။ တပါးသူပေးတဲ့ အကြံဉာဏ်ဆိုတာဟာ သင်နဲ့ ကိုက်ညီမှု ရှိဖို့ မသေချာသလို ဒါတွေဟာ ခဏတာပဲ သင့်ကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဓိကကတော့ သင်ကိုယ်တိုင် ဘာလုပ်သင့်တယ် ဆိုတာကို နှစ်သိမ့်ဆွေးနွေးသူနဲ့အတူ အဖြေထုတ်ရမှာ ဖြစ်ပါတယ်။ 


(၅) ဝေဖန်မှုတွေကို သင်မရနိုင်ပါ


အများစုက ကိုယ့်ရဲ့ ခံစားချက်၊ အတွေးအမြင်တွေကို မျှဝေတဲ့အခါ ဝေဖန်ခံရမှာ၊ ပြက်ရယ်ပြုခံရမှာကို စိုးရိမ်လေ့ရှိကြပါတယ်။ သေချာတာတစ်ခုကတော့ ဒီလိုအပြုအမူတွေကို နှစ်သိမ့်ဆွေးနွေးသူ (Counselor) တွေအနေနဲ့ ပြုလုပ်လေ့ မရှိကြပါဘူး။ နှစ်သိမ့်ဆွေးနွေးသူဟာ သင့်ကို ကူညီမှာ ဖြစ်တာကြောင့် သင့်ရဲ့ အတွင်းရေးနဲ့ ကိုယ်ရေးကိုယ်တာ အမြင်တွေကို မျှဝေမယ့်သူ မဟုတ်ပါဘူး။ ဒါ့ကြောင့် စိုးရိမ်ကြောင့်ကြမှု ကင်းကင်းနဲ့ လွတ်လပ်စွာ ဆွေးနွေးတိုင်ပင်နိုင်မှာ ဖြစ်ပါတယ်။ 


နှစ်သိမ့်ဆွေးနွေးမှု (Counseling) မှာ သင့်အနေနဲ့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမယ့် ကိစ္စရပ်များစွာ ရှိသလို သင်နဲ့ နှစ်သိမ့်ဆွေးနွေးသူ နှစ်ဦးကြားမှာ သဘောတူ ညှိနှိုင်းမှုတွေ လိုအပ်နိုင်ပါတယ်။ အခုပြောပြခဲ့တဲ့ အချက်(၅) ချက်ကို သိရှိထားမယ်ဆိုရင် နှစ်သိမ့်ဆွေးနွေးခြင်းရဲ့ အဓိပ္ပါယ်ကို ပိုမိုနားလည်နိုင်မှာ ဖြစ်သလို နှစ်သိမ့်ဆွေးနွေးသူနဲ့လည်း ကောင်းမွန်တဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်ဖို့ မျှော်လင့်မိပါတယ်။  


နှစ်ိသိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာတဲ့အခါ Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873


Comments


Categories

Other trending posts

1/17
bottom of page